ကိုရင်မောင်
ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းမှာ ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခဲနက် အားပေးမှုအပေါ်တွင် များစွာတည်ရှိနေသည်ကို အကဲခတ်တွေ့ရှိနိုင်ပါသည်။ ပြည်သူလူထု တစ်ခဲနက် အားပေးကြရန်အတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးများ၊ အားကစားခန်းမကြီးများ၊ လက်ရွေးစင်အားကစားသမားများ၊ ၎င်းတို့၏တက်ကြွလှုပ်ရှားသည့် အားမာန်များ၊ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားကြပုံများ၊ အားကစားနည်းစနစ်များ စုံလင်စွာဖြင့် ခင်းကျင်းမှုများအပြင် ပွဲမဝင်ခင်က ကြိုတင်ပြင်ဆင်မှုများ၊ အသိပေးလှုံ့ဆော်မှုများမှာ အထူးအရေးပါသည်ကို မြင်တွေ့နိုင်ပါသည်။
နိုင်ငံတကာအားကစားပြိုင်ပွဲများကို လေ့လာကြည့်လျှင် အားကစားပြိုင်ပွဲကြီးသို့ လာရောက်လေ့လာ ကြည့်ရှုအားပေးနိုင်ရန် အနူးအညွတ်ဖိတ်ခေါ် ခရီးဦးကြိုဆိုပြုထားသည့် စာတန်းများကို တွေ့ရမည်ဖြစ်၍ မည်သူမဆို သွားရောက်ကြည့်ရှု အားပေးလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာမည်မှာ မလွဲဧကန်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း အထင်ကရကျင်းပခဲ့သည့် ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲများတွင် အားကစားပြိုင်ပွဲများကို ပြည်တွင်း၊ ပြည်ပမှ တစ်ခဲနက်အားပေးနိုင်ရန် ကြိုဆိုဖိတ်ခေါ် အသိပေး နှိုးဆော်မှုများကို ပြုလုပ်ပေးခဲ့သဖြင့် ကိုယ်တိုင်လာရောက်အားပေးကြသူများအပြင် ကိုယ်တိုင်လာရောက် အားမပေးနိုင်သော်လည်း တီဗွီဖန်သားပြင်မှ တစ်ခဲနက်အားပေး ကြသည်ကို တွေ့ရပါသည်။
ကြည့်ရှုအားပေးခွင့်ရ
ကျွန်တော်ဖြတ်သန်းခဲ့သော ဘဝတစ်လျှောက်တွင် ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲအမျိုးမျိုးကို ကြုံတွေ့ခဲ့ဖူး၊ အားပေးခဲ့ဖူးပါသည်။ အားကစားကဏ္ဍအသီးသီးမှ နိုင်ငံ့ဂုဏ်ဆောင်အောင်မြင်မှု အမှတ်တရများနှင့် တစ်တိုင်းတစ်ပြည်လုံး ပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက်အားပေးမှုများကို ရင်ထဲ အသည်းထဲ လှိုက်လှိုက်လှဲလှဲနှင့် ကြုံခဲ့ဖူးပါသည်။ အားကစားအောင်မြင်မှုများသည် နိုင်ငံတော်နှင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ဝမ်းမြောက်ဂုဏ်ယူစရာများပင်ဖြစ်သည်။ အားကစားပြိုင်ပွဲများကို စိတ်ရောကိုယ်ပါ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးချီးမြှောက်ခဲ့ကြသည့် ပြည်သူများကို အသိအမှတ် ပြုရမည်ဖြစ်သည်။ ကျွန်တော့်အနေဖြင့် အားကစားဝါသနာအိုး မဟုတ်သော်လည်း နေပြည်တော်တွင် နိုင်ငံ့တာဝန် ထမ်းဆောင်စဉ်က ၂၀၁၃ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၊ ၂၀၁၅ စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်၊ ၂၀၁၈ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေးခွင့် ရခဲ့ဖူးသည်။
အားကစားဖြင့်အကျိုးပြု
လုပ်ငန်းတာဝန်အရ အားကစားပြိုင်ပွဲကြီးများ ကျင်းပရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဇေယျာသီရိ အားကစားကွင်းနှင့် အားကစားခန်းမကြီးများသို့ ရောက်ရှိသည့်အခါ နိုင်ငံတကာအဆင့်မီ ခမ်းနားထည်ဝါမှုနှင့် စနစ်တကျ ယှဉ်ပြိုင်နိုင်ရန် ဆောင်ရွက်ထားမှုများကို ရင်သပ်ရှုမောဖွယ် တွေ့မြင်ခံစားခဲ့ရသည်။ အားကစားပြိုင်ပွဲ အသီးသီးတွင် ရေကုန်ရေခန်း ယှဉ်ပြိုင်ခဲ့ကြသော အားကစားသမားများ၏ တက်ကြွဖွယ် အားမာန်များကို ကိုယ်တိုင်မြင်တွေ့ခဲ့သည်။ ကြီးကျယ်ခမ်းနားလှသည့် အားကစားပြိုင်ပွဲများကို ကိုယ်တိုင်လာရောက်ကြည့်ရှု အားမပေးနိုင်သော်လည်း ဝေးလံသည့်ဒေသ နိုင်ငံတစ်ဝန်းမှ ပြည်သူများနှင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံမှ ပြည်သူအများ၏ရှေ့မှောက် တီဗွီဖန်သားပြင်ပေါ်တွင် ယှဉ်ပြိုင်ကြသည့် မြင်ကွင်းများမှာ ယနေ့အချိန်အထိ ရင်ထဲစွဲနေအောင် မှတ်မိနေဆဲဖြစ်ကြပေလိမ့်မည်။ နိုင်ငံတစ်နိုင်ငံ နှင့်တစ်နိုင်ငံ၊ အားကစားတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်ပြိုင်ကြသည့်အခါ မိမိနိုင်ငံ၏ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးကို အားကစားဖြင့် လုပ်ဆောင်ပေးနေခြင်းဖြစ်သည့်အတွက် အားကစားဖြင့် နိုင်ငံတော်ကို အကျိုးပြုနေသည့် အချက်တစ်ချက်အဖြစ် သတ်မှတ်ရှုမြင်မိပါသည်။
အားကျဂုဏ်တင်ဖွယ်ရာ
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ခု ဆွတ်ခူးရရှိခဲ့သည့်အတွက် မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်မှာတင် မြန်မာနိုင်ငံတော်သီချင်းဖွင့်ပြီး အလေးပြုခဲ့ရသည့် ၈၆ ကြိမ်တိုင် မျက်ရည်ကျသည်အထိ ဝမ်းသာပီတိများနှင့် ဂုဏ်ယူခဲ့ကြရပါသည်။ ဤကဲ့သို့ ဂုဏ်သိက္ခာကို လိုချင်သည့်အတွက် တစ်နှစ်တာပတ်လုံး ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ စခန်းသွင်းလေ့ကျင့်ပြီး အောင်မြင်မှုရအောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြခြင်းဖြစ်ပါသည်။ အဆိုပါခံစားမှုများကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင် ခဲ့ကြရသူများသာမက တီဗွီဖန်သားပြင်ပေါ်မှ မြင်တွေ့ကြရသော ပြည်သူအားလုံး၏ ခံစားချက်မှာ တို့မြန်မာဟူသည့် မျိုးချစ်စိတ်ဓာတ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော အားကစား ပွဲတော်များ၊ အားကစားပြိုင်ပွဲကြီးများ၏ အထူးခံ့ညား ကြီးကျယ်ခမ်းနားမှုများကို ရင်သပ်ရှုမောဖွယ်၊ တက်ကြွလန်းဆန်းဖွယ် ရှုမြင်ရသောအခါ နိုးကြားတက်ကြွသော၊ မလျှော့သောဇွဲလုံ့လ၊ စွဲမြဲ သော ဝီရိယ၊ အားကျစရာကောင်းသော ကြိုးပမ်းမှု အစုစုတို့အတွက် များစွာအတုယူ မှတ်သားဂုဏ်တင် စရာများပင်ဖြစ်သည်။
အားကစားစိတ်ဓာတ်
အားကစားစိတ်ဓာတ်သည် လွန်စွာအရေးကြီးပါသည်။ လူတိုင်းလူတိုင်းဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ဖူးကြပါလိမ့်မည်။ အားကစား စိတ်ဓာတ်အပြည့်အဝရှိသူ၊ အားကစားကို အပြည့်အဝအားပေးသူ တစ်ယောက်အနေဖြင့်ဆိုလျှင် မည်သည့်အခက်အခဲပင် တွေ့ကြုံရသည်ဖြစ်စေ အားကစားမှ ပေးစွမ်းခဲ့သော အနိုင်မခံ အရှုံးမပေးလိုသည့်စိတ်ဓာတ်၊ မိမိကိုယ်ကို ယုံကြည်ရဲရင့်သည့် စိတ်ဓာတ်များဖြင့် ရင်ဆိုင်ကျော်ဖြတ် သွားနိုင်သည့် စိတ်ဓာတ်မျိုးကို အားကစားမှ ရရှိနိုင်မည်ဖြစ်ပါသည်။ အားကစားဆိုင်ရာခံယူချက်အမျိုးမျိုး ရှိသည့်အနက် “အားကစားမြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်တည်ဆောက် နေခြင်းဖြစ်ပါသည်” ဟူသောအချက်သည် အမြင့် မားဆုံးခံယူချက်ဟု ဆိုချင်ပါသည်။
နိုင်ငံ့ဂုဏ်လူမျိုးဂုဏ်မြှင့်တင်
အားကစားသည် သာမန်အားဖြင့်ကြည့်လျှင် အသေးအဖွဲကိစ္စဟု ထင်ရသော်လည်း နိုင်င တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ ဒေသတစ်ခုနှင့်တစ်ခု၊ အဖွဲ့အစည်းတစ်ဖွဲ့နှင့်တစ်ဖွဲ့ ယှဉ်လာသည့်အခါတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ပေါက်ဖွားလာစေပြီး ပြည်သူတစ်ရပ်လုံး တစ်သွေးတည်း၊တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း ဖြစ်သွားစေသည့်အရာဖြစ်၍ အားကစား၏ စွမ်းပကားသည် ကြီးကျယ်မြင့်မားလှပါသည်။ တစ်ချိန်သောကာလက ပြည်တွင်း၊ ပြည်ပအားကစားပြိုင်ပွဲများကို ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ကွင်း၊ သုဝဏ္ဏအားကစားပြိုင်ကွင်းတို့တွင် ကျင်းပခဲ့ပါသည်။ ရန်ကုန်မြို့တစ်ခွင် အားပေးခဲ့ကြသည့် ပြည်သူလူထုကြီး၏ တစ်ခဲနက်အားပေးမှုများမှာ ဘဝဂ်ထိညံ သိမ့်သိမ့်တုန်ဟည်းခဲ့ပါသည်။ ပြည်သူလူထုကြီး၏ တစ်ခဲနက်အားပေးမှုနှင့်အတူ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းပကားများမှာ ရွှေရောင်တောက်ပခဲ့ပြီး နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ဖော်ဆောင်ပေးနိုင်ခဲ့သည်။
အဆင့်အတန်းမီအားပေးနိုင်
မျက်မှောက်ကာလတွင် နိုင်ငံ၏ မြို့တော်ဖြစ်သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ ဇမ္ဗူသီရိမြို့နယ်တွင် ပရိသတ် ၃၀၀၀၀ ကျော် ဝင်ဆံ့သည့် ဘက်စုံသုံးခေတ်မီ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးကို တည်ဆောက်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ ဘောလုံးအားကစားပြိုင်ပွဲများနှင့် ပြေးခုန်ပစ် အားကစား ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိသည်။ အလားတူ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိ မြို့နယ်တွင်လည်း နိုင်ငံတကာအဆင့်မီ ဇေယျာသီရိ တပ်မတော်အားကစားကွင်းကြီးကို တည်ဆောက်ပေးထားပြီး အဆိုပါ ခေတ်မီအားကစား ကွင်းကြီးများတွင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများ၊ အာဆီယံအားကစား ပြိုင်ပွဲများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများ၊ ကျောင်းသားအားကစားပွဲတော်များ နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ များကို အဆင့်အတန်းမီမီ ယှဉ်ပြိုင်အားပေး ကြည့်ရှုနိုင်ကြပြီဖြစ်သည်။
အားကစားနည်းစုံပါဝင်
ခမ်းနားထည်ဝါပြီး နိုင်ငံတကာအဆင့်မီသည့် နေပြည်တော်ကောင်စီ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းကြီးတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကို စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ သွားရောက်ကြည့်ရှုအားပေးခွင့်မရခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သော နိုင်ငံတကာအဆင့်မီ အားကစားကွင်း ကြီးနှင့် အဆင့်အတန်းမြင့်မားသော အားကစား ပြိုင်ပွဲများကို ကြည့်ရှုခွင့်ရတော့မည်ဖြစ်သည်။
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော အားကစားနည်းခြောက်မျိုးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် ပြေးခုန်ပစ်၊ ဘတ်စကက် ဘော၊ ကြက်တောင်၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှု၊ ခရစ်ကက်၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ဂျူဒို၊ ကရာတေး၊ ပိုက်ကျော် ခြင်း၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ဗိုဗီနမ်၊ အလေးမ၊ ဝူရှူး စသည့် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး အားကစား သမား စုစုပေါင်း ၆၅၀၀ ခန့် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ အခွင့်အလမ်းကောင်းများ ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်မှ တစ်ဆင့် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများအတွက် အလားအလာရှိသည့် လက်ရွေးစင်အားကစားသမားများ၊ မျိုးဆက်သစ်အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲကြီးပြီးသည့်အခါတွင် ဝန်ကြီး ဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အနေ ဖြင့် မိမိတို့ဌာနနှင့် ဒေသအလိုက် ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ပါဝင်ယှဉ်ပြိုင်ကြကာ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့သည့် အားကစားသမားများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးအပ်ခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ တိုးမြှင့်ပေးအပ်ခြင်း စသည့်အစီအစဉ်များဖြင့် အားပေးမြှင့်တင်သွား မည်ဟု သိရသည်။
အောင်မြင်မှုသက်သေထူ
ထို့ပြင် ယခုကျင်းပမည့် အမျိုးသားအားကစား ပြိုင်ပွဲကြီးသည် မြန်မာတစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အလမ်းကောင်းတစ်ခုဖြစ်နေသည်။ အားကစားပြိုင်ပွဲတစ်ခုမှ ပေါ်ထွက်လာသည့် စွမ်းပကားများ၊ အားအင်များ၊ အခွင့်အလမ်းများမှာ အားကစားကဏ္ဍသက်သက် တစ်ခုတည်းသာ မဟုတ်ဘဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး ဖြစ်ထွန်းမှုအမျိုးမျိုးအတွက်လည်း ခွန်အားများ ဖြစ်စေသည်ကို ဝိုင်းဝန်းညီညာပြသကြရမည်ဖြစ် သည်။ အားကစားကဏ္ဍတွင် ကမ္ဘာတစ်လွှားမှ ရှားမှရှား ပြိုင်စံရှားသောနိုင်ငံကြီးများအဖြစ် မီးရှူးတန်ဆောင်သဖွယ် တည်တံ့ဖြစ်ထွန်းနေသောနိုင်ငံများသည် အခြားကဏ္ဍ အသီးသီးတွင်လည်း တိုးတက်အောင်မြင်ဖြစ်ထွန်းမှုအမျိုးမျိုး ရရှိနေသည်ကို သက်သေ သာဓကအဖြစ် မြင်တွေ့နိုင်ပါသည်။
ခွန်အားများ တဖွားဖွားဖြစ်ပေါ်
ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးကိုလည်း အားကစားကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းပြီး အဘက်ဘက်တွင်လည်း အောင်မြင်နေသည့် ကမ္ဘာ့ ထိပ်သီး နိုင်ငံကြီးများကဲ့သို့ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူမျိုး၏ အားကစားအဆင့်အတန်း အောင်မြင်ဖြစ်ထွန်းမှုများကို ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကြီးမှတစ်ဆင့် ထုတ်ဖော်ပြသရမည်ဖြစ်သည်။ စွမ်းရည်ပြည့်ဝကျင့်သားရနေပြီဖြစ်သော မြန်မာအားကစားသမားများ၏ ရေကုန်ရေခန်း ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး၏ တစ်ခဲနက်အားပေးမှုများသည် နိုင်ငံ့ဂုဏ်နှင့် အားကစားအဆင့်အတန်း မြင့်မားစေနိုင်သည့် အမျိုးသားအားကစား စွမ်းပကားများ၊ အားကစားနှင့်ဆက်နွှယ်၍ အောင်မြင်ဖြစ်ထွန်းမှုများနှင့် ကြီးပွားတိုးတက် အဆင့်အတန်းမီလာသည့်ခွန်အားများ တဖွားဖွား ဖြစ်ပေါ်လာမည်ဟု ယုံကြည်မိပါကြောင်း။