နိုင်ငံခြားအာမခံကုမ္ပဏီများအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ၂၈   နိုဝင်ဘာ

 

အာမခံလုပ်ငန်းကဏ္ဍ လွတ်လပ်ခွင့်ပြုရေး လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီ (၅)ခု၊ အသက်နှင့်အထွေထွေအာမခံလုပ်ငန်း ဖက်စပ် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီ(၆)ခုတို့အား လိုင်စင်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုင်ငံခြားသား ရာခိုင်နှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီ (၅) ခု၊ ဖက်စပ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် အသက်အာမခံကုမ္ပဏီ (၃) ခုနှင့် အထွေထွေအာမခံကုမ္ပဏီ (၃) ခုတို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ပေးအျပ်နိုင်သည့်အတ္ပက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်ခွင့်ပြုခြင်းကို  (၂၀၁၃) ခုနှစ်မှစ၍ ပထမအဆင့်အဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိကအသက်အာမခံကုမ္ပဏီ ၁၁ ခုနှင့် အထွေထွေ အာမခံကုမ္ပဏီ ၈ ခုတို့အား လုပ်ငန်းလုပ်ကိုင်ခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ယခုဒုတိယအဆင့်အဖြစ် နိုင်ငံခြားအာမခံ ကုမ္ပဏီများကို မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလုပ်ငန်းလုပ်ကိုင်ခွင့်ပြုမည့် အာမခံကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုမည့် အာမခံအမျိုးအစားသစ်များ၊ အာမခံနည်းပညာများနှင့် နိုင်ငံတကာအာမခံ အတွေ့အကြုံများကို အသုံးပြု၍ လုပ်ငန်းဆောင်ရွက်ကြမည်ဖြစ်သည့်အတွက် မကြာမီကာလများတွင် အများပြည်သူများ အနေဖြင့် အာမခံအကာအကွယ်များ ပိုမိုရရှိပြီး တစ်ဘက်တွင်လည်း မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရာနှုန်းပြည့်ပိုင်ဆိုင်သည့် နိုင်ငံခြားအသက် အာမခံကုမ္ပဏီ (၅)ခုဖြစ်သည့်  AIA MYANMAR LIFE INSURANCE COMPANY LIMITED, CHUBB LIFE INSURANCE MYANMAR LIMITED, DAI-ICHI LIFE INSURANCE MYANMAR LTD, MANULIFE MYANMAR LIFE INSURANCE COMPANY LIMITED, PRUDENTIAL MYANMAR LIFE INSURANCE LIMITED တို့ကို အာမခံလုပ်ငန်းလိုင်စင်များ ပေးအပ်သည်။

 

ယင်းနောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖက်စပ်အသက်အာမခံကုမ္ပဏီအဖြစ် လုပ်ကိုင်ခွင့်ရရှိသည့် အာမခံကုမ္ပဏီ (၃) ခုဖြစ်သောCB LIFE INSURANCE COMPANY LIMITED, CAPITAL TAIYO LIFE INSURANCE LIMITED, GRAND GUARDIAN NIPPON LIFE INSURANCE COMPANY LIMITEDနှင့်  ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီအဖြစ်လုပ်ကိုင်ခွင့်ရရှိသည့်အာမခံကုမ္ပဏီ (၃) ခုဖြစ်သည့်AYA SOMPO INSURANCE COMPANY LIMITED, GRAND GUARDIAN TOKIO MARINE GENERAL INSURANCE COMPANY LIMITED, KBZ MS General Insurance Company Limitedတို့ကို အာမခံလုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင်များပေးအပ်သည်။

 

ထို့နောက် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားသားရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံကုမ္ပဏီ (၅) ခုကိုယ်စား AIA Myanmar Life Insurance Company Limited မှ တာဝန်ရှိသူ နှင့် ဖက်စပ်အသက်အာမခံကုမ္ပဏီ၊ အထွေထွေအာမခံကုမ္ပဏီများကိုယ်စား Capital Taiyo Life Insurance Company Limited နှင့် KBZ MS General Insurance Company Limited တို့မှ တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြောကြားကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

 

(သတင်းစဉ်)