သက်ဇင်မိုး

လူသားတို့၏ ဘဝတွင် အိုခြင်း၊ နာခြင်း၊ သေခြင်းဟူသည် မလွှဲမရှောင်သာသည့် သဘာဝတရားများကို မျှော်မှန်း၍ မိမိတို့ရရှိလာသည့် ဝင်ငွေများမှ တချို့တစ်ဝက်ကို အိုနာစာအဖြစ် စုဆောင်းလေ့ရှိကြသည်။ သို့ရာတွင် လူတိုင်းသည် အသက်အရွယ်ကြီးရင့်လာမှသာ အိုခြင်း၊ နာခြင်း၊ သေခြင်း တရားကိုရင်ဆိုင်ရသည်မဟုတ်ပေ။ ကျန်းမာရေးချို့ယွင်းခြင်းကြောင့်ဖြစ်စေ၊ အနာရောဂါဖြစ်ပေါ် စွဲကပ်၍ဖြစ်စေ၊ မတော်တဆထိခိုက်မှုကြောင့်ဖြစ်စေ၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရ၍ဖြစ်စေ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း၊ အသက်ဆုံးရှုံးရခြင်းတို့ကို ကြုံတွေ့ရသည်။ သဘာဝဘေးကြောင့် သာမက သူတစ်ပါး၏ ပယောဂကြောင့်လည်း အထက်ပါ ဖြစ်ရပ်များကို ကြုံတွေ့ရသည်။

ထို့ပြင် အသက်ဆုံးရှုံးရခြင်းသာမက ပစ္စည်းဥစ္စာဆုံးရှုံးရခြင်းများကိုလည်း ကြုံတွေ့ရတတ်သည်။ သို့ဖြစ်ရာ ကြိုတင်စုဆောင်းထားရုံဖြင့်လည်း လုံလောက်မှုရှိမည်ဟု မဆိုနိုင်ပေ။ တစ်ဦးချင်းအ နေဖြင့်ဖြစ်စေ၊ လုပ်ငန်းအဖွဲ့အစည်းအနေဖြင့်ဖြစ်စေ ဆုံးရှုံးနိုင်သည့်အန္တရာယ်ကို ကြိုတင်မျှော်တွေးသင့် ပြီး အဆိုပါအန္တရာယ်အတွက် လိုအပ်သော ကြိုတင်ကာကွယ်မှု အစီအမံများကို ပြုလုပ်သင့်သည်။ မိမိကိုယ်မိမိ ကျန်းမာအောင် နေထိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ကာကွယ်ခြင်း၊ သွားသတိ၊ လာသတိ၊ စားသတိတို့ဖြင့် နေထိုင်ခြင်းစသည်တို့ကို ဆောင်ရွက်သင့်ကြသည့်အပြင် ဆုံးရှုံးနိုင်ခြေအတွက် ကြိုတင်အကာအကွယ် ပြုလုပ်ထားသင့်သည်။ အဆိုပါ ကြိုတင်ကာကွယ်ထားသင့်သည့် လုပ်ငန်းမှာ အာမခံထားရှိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်သူအများစုသည် အာမခံ အကာအကွယ်ထားရှိမှု၏ အကျိုးကျေးဇူးကို မသိရှိကြပေ။ နောင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုကိုလည်း များစွာထည့်သွင်းစဉ်းစားမှု မပြုကြပေ။ ပြည်သူများအကြားအာမခံ အသိပညာနည်းပါးသကဲ့သို့ မြန်မာနိုင်ငံ၏ အာမခံ ဈေးကွက်မှာလည်း လွန်စွာသေးငယ်သော အနေအထားဖြစ်သည်။ အာမခံလုပ်ငန်း ထိုးဖောက်ပျံ့နှံ့မှုနှုန်း (Insurance Pen- etration Rate) မှာ ၁ ရာခိုင်နှုန်း မပြည့်ပေ။ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့၏ အာမခံလုပ်ငန်းထိုးဖောက် ပျံ့နှံ့မှုနှုန်းအခြေအနေကို အောက်ပါဇယားတွင် နှိုင်းယှဉ်တွေ့ ရှိနိုင်သည်-

 

mdn

 

ထိုသို့ဖြစ်ရခြင်းမှာ ၂၀၁၃ ခုနှစ် အထိ မြန်မာ့အာမခံ ဈေးကွက်တွင် နိုင်ငံပိုင်မြန်မာ့အာမခံ လုပ်ငန်းတစ်ခုသာ ရှိခဲ့ခြင်းလည်း ပါဝင်ပေသည်။ ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံသား ပိုင်ပုဂ္ဂလိက အာမခံလုပ်ငန်းများကိုခွင့်ပြုခဲ့ရာ ယနေ့အထိ နိုင်ငံသားပိုင်အာမခံကုမ္ပဏီ ၁၁ ခုရှိပါသည်။ ထိုအချိန် မှစ၍ အာမခံအမျိုးအစားများလည်း တိုးတက်လာခဲ့သည်။ ထိုမှ တစ်ဆင့် အာမခံလုပ်ငန်းကဏ္ဍတွင် နိုင်ငံခြားသားပိုင် ကုမ္ပဏီ များကို ခွင့်ပြုရန် နိုင်ငံတော်အစိုးရမှ စီစဉ်ဆောင်ရွက်ခဲ့သည်။

နိုင်ငံသားပိုင်အာမခံကုမ္ပဏီများကို ခွင့်မပြုမီကာလကပင် နိုင်ငံခြားအာမခံကုမ္ပဏီများက မြန်မာနိုင်ငံ၏ အာမခံ ဈေးကွက်အလားအလာ ကောင်းမွန်ပုံကို ကောင်းစွာသိရှိပြီး မြန်မာနိုင်ငံတွင် လာရောက်၍ အာမခံကိုယ်စားလှယ်ရုံးများကို တည်ထောင်ဖွင့်လှစ်ခဲ့ကြသည်ကို တွေ့ရသည်။ နိုင်ငံခြား အာမခံကိုယ်စားလှယ်ရုံးများအလိုက် ဖွင့်လှစ်ခဲ့သည့် ရက်စွဲ များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

 

mdn

 

၂၀၁၅ ခုနှစ်တွင် ဂျပန်အာမခံကုမ္ပဏီ သုံးခုအား အထူးစီးပွားရေးဇုန်ဥပဒေနှင့်အညီ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အာမခံအမျိုးအစား ခြောက်မျိုးကို ယာယီလိုင်စင်ဖြင့် ဆောင်ရွက်ခွင့်ပြုခဲ့သည်။ အာမခံလုပ်ငန်း ကြီးကြပ်ရေးဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ပြီး နိုင်ငံခြားအာမခံ ကုမ္ပဏီများကို ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုရန် လိုအပ်သော ပြင်ဆင်မှုများကို စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု အခြေအနေ၊ ပြည်သူတို့၏ ဝင်ငွေအဆင့်အတန်း၊ အာမခံဈေးကွက်လိုအပ်မှု၊ ပြည်တွင်းအာမခံကုမ္ပဏီများ၏ စွမ်းဆောင်ရည်၊ ပြည်သူတို့၏ အာမခံအသိပညာကြွယ်ဝမှုအစရှိသည့် အခြေအနေများကို ထည့်သွင်းစဉ်းစား၍ နိုင်ငံခြားကုမ္ပဏီများကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုမည့် အာမခံဈေးကွက် လွတ်လပ်ခွင့်ပြုမည့် လမ်းပြမြေပုံကို ရေးဆွဲ၍ လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်။

အာမခံလုပ်ငန်းကဏ္ဍတွင် အသက်အာမခံ (Life Insurance) နှင့် အသက်မဟုတ်သော အခြားအာမခံ (Non Life Insurance) ဟူ၍ အဓိက (၂)ပိုင်းရှိရာ အခြေခံသဘော သဘာဝချင်း ကွဲပြားခြားနားသဖြင့် လွတ်လပ်ခွင့်ပြုခြင်းကိုလည်း သီးခြားစီ ဆောင်ရွက်ရန် စီစဉ်ခဲ့ပါသည်။ ရွေးချယ်မည့်လုပ်ငန်းစဉ်များကို နိုင်ငံတကာ စံချိန်စံညွှန်းမီဆောင်ရွက်နိုင်ရန် အကြံပေး ကုမ္ပဏီကို စနစ်တကျ ငှားရမ်းဆောင်ရွက်ခဲ့သည်။

အသက်အာမခံလုပ်ငန်းသည် မြန်မာ့ဈေးကွက်တွင် ထိုးဖောက်နိုင်မှု အလွန်ပင် နည်းပါးခဲ့သည်။ မြန်မာ့ဈေးကွက်တွင် ယခုအချိန်အထိ ဈေးကွက်ရရှိမှု များပြားသည့် အာမခံအမျိုး အစားများမှာ အသက်မဟုတ်သည့် အာမခံအမျိုးအစားများဖြစ်သော သူတစ်ပါးထိခိုက်မှု အာမခံနှင့် မီးအာမခံတို့ဖြစ်သည်။ အသက်အာမခံအမျိုးအစားများမှာ ဆွဲဆောင်မှုနည်းပါးပြီး အမျိုးအစား စုံလင်မှုမရှိသကဲ့သို့ ဒီဇိုင်းအားနည်းခြင်း၊ အရောင်း ပညာအားနည်းခြင်းတို့ကြောင့် ဖွံ့ ဖြိုးမှုမရှိခဲ့ချေ။

အသက်အာမခံလုပ်ငန်းသည် အာမခံထားရှိသူအတွက် ငွေကြေးစုဆောင်းသကဲ့သို့ဖြစ်ပြီး လိုအပ်က ပြန်လည်ထုတ်ယူနိုင်သော အခွင့်အရေးများလည်း ပေးထားသည်။ အာမခံထား ရှိသူ သေဆုံးသွားခဲ့လျှင် ကျန်ရစ်သူမိသားစု၏ အနာဂတ် လူနေမှုဘဝအတွက် ငွေကြေးအထောက်အပံ့ရရှိစေသည်။ အာမခံထားရှိစဉ် ကာလအတွင်းသက်ဆိုင်ရာ အာမခံကုမ္ပဏီထံမှ ငွေချေးယူနိုင်ခြင်း၊ အသက်အာမခံ ကုမ္ပဏီက မိမိ၏ ပရီမီယံကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ရရှိလာသည့် အမြတ်ဝေစုအား ခံစားနိုင်ခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိနိုင်သည်။ ထို့ပြင် အသက်အာမခံကုမ္ပဏီများက အသက်အာမခံပေါ်လစီ ရောင်းရငွေပရီမီယံကြေးများကို အစိုးရငွေတိုက် စာချုပ်၊ ငွေတိုက်လက်မှတ်များ ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံတော်က လိုအပ်သော ငွေကြေးအရင်းအနှီးများအတွက် အဖွဲ့အစည်းအလိုက် ရင်းနှီးမြှုပ်နှံသူအဖြစ် ဆောင်ရွက်နိုင်ပေသည်။

နိုင်ငံတော်အတွင်း ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုအနက် သုံးခုကသာ အသက်အာမခံလုပ်ငန်းကို သီးသန့်လုပ်ကိုင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုမရှိသေးပေ။ ၂၀၁၈ ခုနှစ်ထိ အသက်အာမခံ ထိုးဖောက်ပျံ့နှံ့မှုနှုန်းမှာ ဝ ဒသမ ဝ၁ ရာခိုင်နှုန်း သာရှိသည်။ အသက်မဟုတ်သည့် အာမခံ ထိုးဖောက်ပျံ့နှံ့မှုနှုန်း မှာ ဝ ဒသမ ဝ၅ ရာခိုင်နှုန်းဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော် အစိုးရသည် နိုင်ငံခြားကုမ္ပဏီများအား အသက်အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှုကို ၁၀ဝ ရာခိုင်နှုန်းအထိ သို့မဟုတ် နှစ်သက်ရာ အချိုးအစားအလိုက် ဖက်စပ်ဆောင်ရွက်ရန် သတ်မှတ်ခဲ့သည်။

အထွေထွေအာမခံလုပ်ငန်း သို့မဟုတ် အသက်မဟုတ်သည့် အာမခံလုပ်ငန်း (Non Life Insurance)ကို ပုဂ္ဂလိက အာမခံကုမ္ပဏီ ၁၁ ခုအနက် ရှစ်ခုတို့က ဆောင်ရွက်လျက်ရှိပြီး မြန်မာ့အာမခံလုပ်ငန်းက အာမခံ ၃၆ မျိုး၊ ပုဂ္ဂလိက ကုမ္ပဏီများက အာမခံ ၉ မျိုးတို့ကို လုပ်ကိုင်ခွင့်ပြုထားသည်။ မြန်မာနိုင်ငံ၏ အထွေထွေအာမခံလုပ်ငန်း ဈေးကွက်မှာလည်း များစွာအားနည်းနေသေးသည်ဟုဆိုရမည်။ လက်ရှိ ဈေးကွက်အတွင်း တူညီသော အာမခံပေါ်လစီများကို တူညီသော ပရီမီယံနှုန်းထားဖြင့် ရောင်းချခြင်း၊ ဒီဇိုင်းအားနည်းခြင်း၊ အရောင်းပညာအားနည်းခြင်း၊ လျော်ကြေးကိစ္စဆောင်ရွက်ပေးမှု အားနည်းခြင်းတို့ကြောင့် စိတ်ဝင်စားသူနည်းပါးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူကြိုက်များသော မီးအာမခံနှင့် အလုံးစုံ မော်တော်ယာဉ်အာမခံတို့သာမက မြန်မာနိုင်ငံတွင် မရှိသေးသော ကျန်းမာရေး အာမခံအမျိုးမျိုး၊ သီးနှံအာမခံ၊ ရာသီဥတုòန်းကိန်းအာမခံ၊ ပညာရေးအာမခံ စသည်တို့ကို မိတ်ဆက်ပေးရန်လိုအပ်သည်။

နိုင်ငံတော်အတွင်း အထွေထွေအာမခံ လုပ်ငန်းများကို နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကကုမ္ပဏီ ၁၁ ခုတို့ က လက်ရှိဆောင်ရွက်နေသဖြင့် နိုင်ငံတော်၏ စီးပွားရေး အရွယ်အစား၊ အာမခံဈေးကွက် အသိပညာအခြေအနေတို့အရ ကုမ္ပဏီအရေအတွက် နည်းပါးလှသည်ဟု မဆိုနိုင်ပါ။ ကုမ္ပဏီအရေအတွက်များပြား၍ အလွန်အကျူး ယှဉ်ပြိုင်မှုများရှိလာပါက ဈေးကွက်ကို ကြီးကြပ်ကွပ်ကဲရန် ခက်ခဲခြင်း၊ ဈေးကွက်အပေါ် ယုံကြည်မှုပျက်ပြားနိုင်ခြင်း၊ အရင်းအနှီး အင်အားကြီးမားသူက လွှမ်းမိုးချုပ်ကိုင်ခြင်း စသည်တို့ကို ကြုံတွေ့ရနိုင်သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏အစိုးရသည် နိုင်ငံခြားကုမ္ပဏီများအား အထွေထွေအာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမှုကို ပြည်တွင်းအာမခံ ကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့် ပုံစံဖြင့်သာ ခွင့်ပြုရန်သတ်မှတ်ခဲ့သည်။ ဤသို့ သတ်မှတ်ခြင်းသည် ပြည်တွင်းလုပ်ငန်းရှင်များအား အကာအကွယ် ပေးရာရောက်ပြီး အာမခံ လုပ်ငန်းအတတ်ပညာများကို လုပ်ငန်းအတူတကွ လုပ်ကိုင်ရင်း သင်ယူနိုင်ခြင်း၊ အရင်းအနှီး တိုးပွားလာခြင်း၊ အာမခံအမျိုးအစား တိုးချဲ့နိုင်ခြင်း၊ ဒီဇိုင်းများ ပိုမိုကောင်းမွန်လာခြင်း၊ လျော်ကြေးပေးချေမှု ပိုမိုမြန်ဆန်လာခြင်း၊ ပြည်တွင်းပြည်ပ နှစ်ဦးနှစ်ဖက် အကျိုးရှိစေခြင်း၊ စနစ်တကျ ယှဉ်ပြိုင်မှုများဖြစ်စေခြင်းစသည်တို့ကို ဖြစ်ပေါ်စေမည် ဖြစ်သည်။

ဒေသတွင်းနိုင်ငံများအနက် ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် ၎င်းတို့၏ အာမခံဈေးကွက်များကို ၁၉၉၈ ခုနှစ် နှင့် ၁၉၉၉ ခုနှစ်တို့တွင် လွတ်လပ်ခွင့်ပြုခဲ့စဉ်က နိုင်ငံခြား အာမခံ ကုမ္ပဏီများကို ၁၀ဝ ရာခိုင်နှုန်း ခွင့်ပြုခဲ့သည်ကို တွေ့ရသည်။ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား တို့က ၁၉၉၂၊ ၁၉၉၆၊ ၁၉၉၇ ခုနှစ်တွင် ခွင့်ပြုခဲ့စဉ်က ဖက်စပ်ပုံစံဖြင့် ခွင့်ပြုခဲ့ပြီး ရာခိုင်နှုန်းအချိုးအစားကို တဖြည်းဖြည်း တိုးမြှင့်ခွင့်ပြုခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ယခုအချိန်မှသာ အာမခံ ဈေးကွက် လွတ်လပ်ခွင့်ပြုခြင်းဖြစ်ရာ ယခင်ခွင့်ပြုခဲ့သည့် နိုင်ငံများ၏ အတွေ့အကြုံကို လေ့လာခဲ့ပြီး ကမ္ဘာ့ဘဏ်အုပ်စု ထံသို့လည်း လိုအပ်သောအကြံဉာဏ်များ တောင်းခံခဲ့သည်။ ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီများနှင့် နိုင်ငံခြားအာမခံကုမ္ပဏီများ၏ ကိုယ်စားလှယ် ရုံးခွဲများထံမှလည်း အကြံပြုချက်များ တောင်းခံခဲ့သည်။

ယခုအခါ နိုင်ငံခြားအသက်အာမခံကုမ္ပဏီများအနက် ကမ္ဘာ့ထိပ်တန်း အသက်အာမခံ ကုမ္ပဏီကြီးများဖြစ်ကြသော AIA Company Limited., CHUBB Tempest Reinsurance Ltd, Prudential Hong Kong Limited, Manufacture Life Insurance Company, Dai-Ichi Life Insurance  ကုမ္ပဏီကြီးများက လုပ်ကိုင် ခွင့်ပြုရန်ရွေးချယ်ထားပြီးဖြစ်သည်။ ဆက်လက်၍ အထွေထွေအာမခံလုပ်ငန်းအတွက် ဖက်စပ်ပုံစံဖြင့် လုပ်ကိုင်ခွင့်ရမည့် နိုင်ငံခြားအာမခံ ကုမ္ပဏီများကို ရွေးချယ်မည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား အာမခံကုမ္ပဏီများကို ဝင်ရောက်ယှဉ်ပြိုင် လုပ်ကိုင်ခွင့်ပြုခြင်းသည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အာမခံအကာအကွယ်များ ပိုမိုရရှိလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာခြင်း၊ နိုင်ငံတော်တည်ဆောက်ရေးအတွက် ငွေကြေး အရင်းအနှီးများ စုစည်းရရှိစေခြင်း၊ နောင်ရေးအတွက် စိတ်အေးရအောင် ဖန်တီးပေးနိုင်သော ပတ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းစေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာစေရန် ဆွဲဆောင်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိစေမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မြန်မာ့အလင်း