နေပြည်တော် ၁၁ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံခြားချေးငွေစီမံကိန်းများဆိုင်ရာ ဦးဆောင်ကော်မတီ၏ ၃/၂၀၁၉ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ချေးငွေစီမံကိန်းများနှင့် အထောက်အပံ့ စီမံကိန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းစီမံကိန်းများရွေးချယ်ရာတွင် စီမံကိန်းမစတင်မီ ကြိုတင်ဆန်းစစ် လေ့လာသုံးသပ်မှုအား စီမံကိန်းစက်ဝန်းတခုလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှု မရှိစေရေးနှင့် ပေးချေရသည့် တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ရရှိရေးသည် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း။
လျာထားချက်အတိုင်း မသုံးစွဲနိုင်ခြင်း၊ ရန်ပုံငွေပြန်အပ်ရခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် မဆောင်ရွက်နိုင်ခြင်းတို့က နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို နှောင့်နှေးကြန့်ကြာစေသည့်အပြင် ကုန်ကျစရိတ်ကို တိုးမြင့်စေခြင်း စသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်ကို အထူးသတိပြုကြရမည်ဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာဌာန အကြီးအကဲများ၊ တာဝန်ရှိသူများ၊ စီမံကိန်းဒါရိုက်တာများက အထူးကြပ်မတ် ဂရုစိုက်ဆောင်ရွက်ပေးကြရန်နှင့် ဌာနအချင်းချင်း အလေးထားပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား တင်ပြကြရာ ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်တို့က ဖြည့်စွက်ဆွေးနွေး မှာကြားကြသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းများကို နိုင်ငံတော်ရန်ပုံငွေဖြင့်သာမက နိုင်ငံခြားအကူအညီ အထောက်အပံ့၊ ချေးငွေများဖြင့်လည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်အထိ လယ်ယာကဏ္ဍဆိုင်ရာ ချေးငွေစီမံကိန်း (၂၀) အနက် ဆောင်ရွက်ဆဲ ချေးငွေစီမံကိန်း (၁၈) ခုရှိပြီး အထောက်အပံ့စီမံကိန်း (၂၆၄)ခုအနက် ဆောင်ရွက်ဆဲ (၁၃၂) ခုရှိကြောင်း သိရသည်။
သတင်းစဉ်


