နိုင်ငံခြားငွေဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ AD လိုင်စင်ရဘဏ်များ၊ UMFCCI မှ တာဝန်ရှိသူများ ဆွေးနွေးပွဲကျင်းပ 

နေပြည်တော် မေ ၁၈

နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ဘဏ်စနစ်အသုံးပြုရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ ကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)မှ အတွင်းရေးမှူးနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း(AD) လိုင်စင်ရဘဏ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန် မူဝါဒများချမှတ်၍ ထိန်းကျောင်းလျက်ရှိ ကြောင်း၊ Online Trading Platform သည်တရားဝင်နိုင်ငံခြားငွေရောင်းချဝယ်ယူသည့်တ ရားဝင် ဈေးကွက်ဖြစ်ကြောင်း၊ ဘဏ်များမှတစ်ဆင့် ဝယ်လိုသူ/ ရောင်းချလိုသူတို့သည် ၎င်းတို့ ရောင်းချ/ ဝယ်ယူလိုသည့် Rate ကို နေ့စဉ်တင်ပြပြီး ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချ သည့် တရားဝင် Foreign Exchange Market ဖြစ်ကြောင်း၊ အများပြည်သူ သိရှိစေရန်အတွက် လည်း မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် Facebook Page နှင့် ဗဟိုဘဏ် Website ၌ ကြေညာပေးလျက်ရှိကြောင်း၊ တရားမဝင်ဈေးကွက်များ(Online, Facebook)တို့တွင်ရောင်းချ နေမှုများကို အရေးယူလျက်ရှိပြီး တရားမဝင်ဈေးကွက်တွင် ရောင်းချမှုများကြောင့် ဆုံးရှုံးမှုများကိုလည်း တွေ့မြင်ရကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ရောင်းချနေသည့် ဈေးကွက်ကိုသာလျှင် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများက ယုံကြည်မှုရှိမည်ဖြစ်ကြောင်း။

တရားမဝင်ငွေလွှဲ ဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံတကာက စောင့်ကြည့် နေပြီး ဗဟိုဘဏ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း အရေးယူခံရနိုင်မှုများရှိ ကြောင်း၊ Online Trading Platform မှတစ်ဆင့် ဈေးကွက် ဝယ်လိုအား/ရောင်းလိုအားအပေါ် မူတည်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လိုအပ်သည့် နိုင်ငံခြားငွေများကို ဝင်ရောက် ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဈေးကွက်၌ ပါဝင်သူများအားလုံး (အစိုးရ/ ပုဂ္ဂလိကကဏ္ဍ) မှပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်စွာ ရောင်းချသည့် နိုင်ငံခြားငွေဈေးကွက်ဖော်ဆောင်ရာတွင် အဟန့်အတားများကို အထူးသဖြင့် ကောလာဟလများကြောင့် ဈေးကစားသူများကို ထိန်းကျောင်းရန် လိုအပ်ပါကြောင်း၊ သို့မှသာ လွတ်လပ်စွာရောင်းဝယ်နိုင်သည့်ဈေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ကုန်သွယ်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုများဆောင်ရွက်ရာတွင် တရားဝင်ဘဏ်စနစ်မှဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပို့ကုန်ရငွေများကို သတ်မှတ်ကာလ အတွင်း ပြန်လည်ဝင်ရောက်ရေးအတွက် ပူးပေါင်းကြီးကြပ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ AD လိုင်စင်ရဘဏ်များအနေဖြင့် Online Trading Platform ၌ နိုင်ငံခြားငွေများဝယ်ယူဆောင်ရွက် ပေးရာတွင် Beneficiary Owner သို့သာရောက်ရှိရန်လိုအပ်ကြောင်း၊နယ်စပ်ကုန်သွယ်ရေး၌လည်း သွင်းကုန်လိုင်စင်များချပေးရာတွင် ဘဏ်စနစ်မှသွားရန် လိုအပ်ကြောင်း၊ နိုင်ငံခြားငွေများ ရောင်းဝယ်ရာ၌ Online Market Rate အတိုင်း ဝယ်/ရောင်းရန် လိုအပ်ကြောင်း၊ အဆိုပါအချက်အလက်များကို ကုန်ဈေးနှုန်းထိန်းကျောင်းရန် ဆက်စပ်ကော်မတီများသို့လည်း သတင်းပို့ထား ပြီးဖြစ်ပါကြောင်း။

AD လိုင်စင်ရဘဏ်များအနေဖြင့် ဗဟိုဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ Onsite စစ်ဆေးပေါ်ပေါက်ပါက သက်ဆိုင် ရာဥပဒေများအရ စီမံခန့်ခွဲမှုဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် ငွေလဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့်အတားဖြစ်စေသော ရွှေနှင့် နိုင်ငံခြားငွေဈေးကစားနေ သူများကို ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီမှ စိစစ်အရေးယူလျက်ရှိကြောင်း၊ ငွေသားအမြောက်အများထုတ်ယူနေခြင်းများနှင့် စပ်လျဉ်း၍ ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒီဂျစ်တယ်နည်းလမ်းဖြင့် သွားရောက်မှသာ လိုအပ်သည့်ကြီးကြပ်စစ်ဆေးမှုများနှင့် AML/ CFT ဆိုင်ရာကိစ္စရပ်များအတွက် ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။ 

ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကုန်သွယ်မှုဆိုင်ရာမူဝါဒများချမှတ်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ UMFCCI မှ အတွင်း ရေးမှူးက သိလိုသည်များနှင့် အကြံပြုချက်များကိုလည်းကောင်း ဆွေးနွေးပြီး AD လိုင်စင်ရ ဘဏ်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်