မုံရွာ ၂၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ စတိုးဆိုင်ကြီးများတွင် နိုင်ငံခြားဖြစ် သနပ်ခါးအလှကုန် ပစ္စည်းများတွင် သနပ်ခါးအမှန်တကယ် ပါဝင်ခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက မြို့ပေါ်ရှိ စတိုးဆိုင်ကြီး ခုနစ်ဆိုင်တွင် ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုး၏ ပြောကြားချက်များအရ သိရသည်။
ယခုလက်ရှိမြန်မာနိုင်ငံတွင် သနပ်ခါးစိုက်ဧက သုံးသိန်းကျော်ရှိရာ သနပ်ခါးစိုက်ပျိုးထုတ်လုပ်မှု ရေရှည် တည်တံ့ရန်၊ သနပ်ခါးလောက ပြန်လည်တိုးတက်လာရန် နိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းအနေဖြင့် သနပ်ခါးစိုက်ပျိုးတဲ့သူများကို သနပ်ခါးကို သဘာဝဩဂဲနစ်နည်းပညာ သင်တန်းတွေပေးခြင်း၊ အမှန်တကယ် သနပ်ခါးထုတ်လုပ်တဲ့ နည်းပညာတွေကို ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
“ထုတ်လုပ်တဲ့ ကုန်ပစ္စည်းမှာ သနပ်ခါးနဲ့ပတ်သက်ပြီး ပါဝင်တဲ့ ကုန်ကြမ်းပစ္စည်း၊ အချိုးအစားတွေကို ဖော်ပြရမယ်။ အမှတ်တကယ် သနပ်ခါးသုံးစွဲထားကြောင်း ကိုယ့်ထုတ်တဲ့ပစ္စည်းကို ကိုယ်တာဝန် ခံရမယ်။ သနပ်ခါးအမည်တူပုံစံတူပြ၊ သနပ်ခါးရေမွှေးလေးတွေသုံးပြီး သနပ်ခါးအလှကုန်တွေ ဈေးကွက်မှာ ဖြန့်ဖြူးရောင်းချနေခြင်းဟာ အမှတ်တကယ် သနပ်ခါးစိုက်ပျိုးထုတ်လုပ်တဲ့သူတွေနဲ့ မြန်မာတစ်မျိုးသားလုံးရဲ့ ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို ထိခိုက်တာဖြစ်တယ်။ ပထမအကြိမ်တော့ ပညာပေးအနေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်။ ဒုတိယအကြိမ်မှာ စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဥပဒေအရ ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံသနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးကျော်မိုးက ပြောသည်။
နိုင်ငံခြားဖြစ် သနပ်ခါးအလှကုန်ပစ္စည်းများတွင် သနပ်ခါးအမှန်တကယ် ပါဝင်ခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခြင်းက စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မြန်မာနိုင်ငံ သနပ်ခါး စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း၊ မုံရွာခရိုင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


