နေပြည်တော်၊ မတ် ၂၈

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသော ဩစတြေးလျနှင့် ကိုရီးယားသမ္မတနိုင်ငံတို့ရှိ တက္ကသိုလ်များတွင် ဖွင့်လှစ်ပို့ချခဲ့သော မဟာဘွဲ့သင်တန်းများသို့ အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတို့မှ အရာထမ်းနှစ်ဦးတို့၏ လေ့လာသင်ကြားမှု အတွေ့အကြုံများ ဆွေးနွေးဖလှယ်သည့် အခမ်းအနားသို့ တက်ရောက်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ပြီး၊ အရည်အချင်း ပြည့်ဝသည့် ဝန်ထမ်းများကို စိစစ်၍ ပြည်ပသို့ ပညာတော်သင်များစေလွှတ်ခြင်း၊ ပြန်လည်ရောက်ရှိသည့်အခါတွင်လည်း သင်ယူလေ့လာရရှိခဲ့သည့် ပညာရပ်ဆိုင်ရာဆည်းပူး လေ့လာမှု အတွေ့အကြုံများကို ပြန်လည်မျှဝေခြင်း၊ လက်တွေ့လုပ်ငန်း နယ်ပယ်များတွင် ပေါင်းစပ်အသုံးချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး ဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်၍ ဝန်ထမ်းများအတွက် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများ၊ ဗဟုသုတ မျှဝေခြင်း အစီအစဉ်များကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ယနေ့အခမ်းအနားတွင် ပညာတော်သင်များက ပညာသင်ကာလအတွင်း လေ့လာဆည်းပူးခဲ့သည့် ဘာသာရပ်များ၊ သင်ကြားပို့ချမှု အတွေ့အကြုံများ၊ သုတေသနပြုလေ့လာမှုများ၊ စာတမ်းပြုစုရေးသားမှုနှင့် မြန်မာနိုင်ငံတွင် လက်တွေ့ကျင့်သုံး ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးကဆွေးနွေးရာတွင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်၍ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်နေကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးထား၍ ပညာတော်သင်များကို စဉ်ဆက်မပြတ် စေလွှတ်ပေးလျက်ရှိကြောင်း၊ ပညာတော်သင်များ အနေဖြင့်လည်း ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချ၍ သင်ယူလေ့လာကြရန်နှင့် သင်ယူရရှိလာသည့် အတွေ့အကြုံများကိုလည်း ဌာနတွင် ပြန်လည်မျှဝေခြင်း၊ လက်တွေ့လုပ်ငန်း နယ်ပယ်များတွင် ပေါင်းစပ်အသုံးပြုခြင်းများဖြင့် ဌာနအတွက် ပြန်လည်အကျိုးပြုဆောင်ရွက်ကြ ရန်လိုကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ သက်ဆိုင်ရာဌာန အကြီးအကဲများ၊ အဆင့်မြင့်အရာ ထမ်းများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်