နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ကိုယ်စားလှယ်တစ်ဦးနှင့် အာဆီယံတူညီဆန္ဒ (၅) ချက်အပေါ်  မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်းသည့် အမေးအဖြေကဏ္ဍ

မေး    -    အာဆီယံတူညီဆန္ဒ (၅)ချက်ပေါ်ပေါက်လာပုံနဲ့ ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။


ဖြေ    -    ၂၀၂၁ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံဘုရင်
        ဆူလ်တန်  ဟာဂျီဟာ  ဆာနာလ်ဘိုလ်ကီးယားက   ၂၀၂၁ ခုနှစ်၊  ဧပြီလ ၂၄ ရက်နေ့မှာ  အင်ဒိုနီးရှားနိုင်ငံ၊  ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ  “အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေး  (ASEAN Leaders’ Meeting)” ကိုကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း၊     အဆိုပါအစည်းအဝေးဟာ ကိုဗစ် - ၁၉  ကပ်ရောဂါစတင်ဖြစ်ပွားပြီး  နောက်ပိုင်း   (၁) နှစ်ကျော် အကြာမှာ  အာဆီယံခေါင်းဆောင်တွေ   လူကိုယ်တိုင်  တွေ့ဆုံဆွေးနွေး မယ့်     အစည်းအဝေးဖြစ်တာကြောင့်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပေးပါရန် ဖိတ်ကြားခဲ့ပါတယ်။ တကယ် တော့  မြန်မာ့အရေးဆွေးနွေးဖို့   အခြားခေါင်းစဉ်တပ်ပြီး    အာဆီယံ ခေါင်းဆောင်များရဲ့     အလွတ်သဘောအစည်းအဝေးဆိုပြီး    ခေါ်ယူ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ 
အဲဒီအစည်းအဝေးအစီအစဉ်ကို  အပိုင်း (၃) ပိုင်းခွဲခြား ပြုလုပ်ခဲ့ပါ တယ်။ အပိုင်း (၁) အာဆီယံအသိုက်အဝန်းထူထောင်ခြင်း၊ (၂) အာဆီယံ နှင့်ပြင်ပဆက်ဆံရေး၊  (၃) ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စများအပေါ် အမြင်ချင်းဖလှယ်ခြင်းတို့ ပါဝင်ပါတယ်။  အာဆီယံနိုင်ငံ့ခေါင်းဆောင် များအစည်းအဝေးမှာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   အာဆီယံဒေသတွင်း   ရေရှည် ကြံ့ကြံ့ခံနိုင်မှုရှိပြီး   စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုလုပ်ငန်းစဉ်တွေမှာ  မြန်မာနိုင်ငံအနေနဲ့ ဆက်လက်ပံ့ပိုးသွား မယ့်ကိစ္စရပ်တွေ၊   အာဆီယံရဲ့   ဦးတည်ချက်တွေ  အောင်မြင်စေဖို့ အာဆီယံပဋိညာဉ်စာတမ်းနဲ့    အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်  (TAC) မှာပါတဲ့  အခြေခံမူတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံများနဲ့အတူ   နီးကပ်စွာ   ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေအပြင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ နိုင်ငံတော် အစိုးရ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေကိုလည်း ပြည့်ပြည့် စုံစုံ  ရှင်းလင်းပြောကြားခဲ့ပါတယ်။    
အဆိုပါအစည်းအဝေးမှာ   အခြားအာဆီယံခေါင်းဆောင်တွေက မြန်မာ့နိုင်ငံရေး      ဖြစ်ပေါ်ပြောင်းလဲမှုများနဲ့ပတ်သက်လို့    ဆွေးနွေး အကြံပြုခဲ့ကြပါတယ်။      ယင်းအကြံပြုချက်များနဲ့   ပတ်သက်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက     နိဂုံးချုပ်မိန့်ခွန်းမှာ မြန်မာနိုင်ငံရဲ့ရပ်တည်ချက် (၃) ချက်ဖြစ်တဲ့  (က)  အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့   အကြံပြုချက်အချို့ဟာ   အပြုသဘောဆောင်တာကို မှတ်သားထားပါကြောင်း၊   နိုင်ငံရဲ့ပြည်တွင်းရေး    အခြေအနေပေါ် မူတည်ပြီးတော့ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း၊ (ခ) မြန်မာ နိုင်ငံမှာ   တရားဥပဒေစိုးမိုးရေးနဲ့   တည်ငြိမ်မှုရှိရေးကို   ဦးစားပေး ဆောင်ရွက်နေတာဖြစ်လို့  နိုင်ငံ့အကျိုးစီးပွားကို အခြေခံပြီး အကြံပြု ချက်တွေကို အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊ (ဂ) အကြံပြု ချက်တွေဟာ နိုင်ငံတော်အစိုးရရဲ့ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင် အထည်ဖော်ရာမှာ  အထောက်အကူပြုပြီး ASEAN Charter ၊ ASEAN Way ၊  ASEAN Spirit တို့ကို အခြေခံမယ်ဆိုရင်တော့  အပြုသဘော စဉ်းစားပေးသွားမယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးအပြီး    ထုတ်ပြန်ခဲ့တဲ့   အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်  နောက်ဆက်တွဲမှာ   အကြမ်းဖက်မှုတွေ  ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးနဲ့  စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်ရေး၊ အာဆီယံ ဥက္ကဋ္ဌရဲ့    အထူးကိုယ်စားလှယ်ခန့်အပ်ရေး၊     လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကို  အာဆီယံ AHA စင်တာကတစ်ဆင့် ပေးအပ်သွားရေးနဲ့   အာဆီယံဥက္ကဋ္ဌရဲ့  အထူးကိုယ်စားလှယ် မြန်မာ နိုင်ငံသို့ သွားရောက်ရေးတို့ပါဝင်တဲ့ တူညီဆန္ဒ(၅)ချက်ကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
အဲဒီတူညီဆန္ဒ(၅)ချက် ထုတ်ပြန်မယ်ဆိုတာကို အာဆီယံဥက္ကဋ္ဌက အဖွဲ့ဝင်နိုင်ငံတွေကို  ကြိုတင်အသိပေးညှိနှိုင်းခဲ့တာမဟုတ်ဘဲ အစည်း အဝေးအပြီး    ဥက္ကဋ္ဌကြေညာချက်ရဲ့     နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်လို့   အစည်းအဝေးမှာ   အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက် (ASEAN Consensus) နဲ့  ချမှတ်ခဲ့တာမဟုတ်ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံနိုင်ငံများနဲ့ အပြုသဘောပူးပေါင်းဆောင်ရွက်မှုကို အာဆီယံအခြေခံမှုများနဲ့အညီ ဆောင်ရွက်ရန်ရပ်တည်ချက်နဲ့ တူညီဆန္ဒ (၅) ချက် အကောင်အထည် ဖော်ရေးမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 


မေး    -    အာဆီယံတူညီဆန္ဒ (၅) ချက်အပေါ် မြန်မာနိုင်ငံရဲ့ရပ်တည်   ချက်ကဘယ်လိုပါလဲ။


ဖြေ    -    အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့မှာ  ၂၄-၄-၂၀၂၁ ရက်နေ့ မှာကျင်းပခဲ့တဲ့   အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးဟာ အာဆီယံပုံမှန်ထိပ်သီးအစည်းအဝေးအနေနဲ့ ကျင်းပခဲ့တာမဟုတ်ဘဲ အာဆီယံနိုင်ငံ့ခေါင်းဆောင်များရဲ့ အလွတ်သဘော အစည်းအဝေး ပုံစံနဲ့   ကျင်းပခဲ့တာဖြစ်ပါတယ်။    တူညီဆန္ဒ (၅) ချက်နဲ့ အာဆီယံက ဆောင်ရွက်မယ်ဆိုတာကို   အာဆီယံဥက္ကဋ္ဌက   အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်ချပြခဲ့တာမဟုတ်ဘဲ  အစည်းအဝေးအပြီး ဥက္ကဋ္ဌကြေညာချက် နောက်ဆက်တွဲမှာ  ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။  ဒါကြောင့် တူညီဆန္ဒ (၅)ချက်ဟာ မြန်မာနိုင်ငံအတွက် ဥပဒေအရ စည်းနှောင်မှုမရှိဘဲ အာဆီယံ နိုင်ငံများအချင်းချင်း အပြုသဘောဆောင်တဲ့   အကြံပြုတိုက်တွန်းချက် တွေအပေါ်မှာ  သက်ဆိုင်ရာနိုင်ငံရဲ့    အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး    အာဆီယံမိသားစုစိတ်ဓာတ်နှင့်  တတ်နိုင်သမျှ ပူးပေါင်း ဆောင်ရွက်ဖို့သာ  မြန်မာနိုင်ငံအနေနဲ့ခံယူထားပါတယ်။ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး   တက်ရောက်ခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ရပ်တည်ချက်တွေကို ၂၆-၄-၂၀၂၁ ရက်နေ့မှာ အတိအလင်း ထုတ်ပြန်ကြေညာခဲ့ပြီးလည်းဖြစ်ပါတယ်။
အဆိုပါသတင်းထုတ်ပြန်ချက်ရဲ့အဓိကအချက်တွေကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ    ကျင်းပခဲ့တဲ့   “အာဆီယံနိုင်ငံ့ ခေါင်းဆောင်များ  အလွတ်သဘောအစည်းအဝေး (ASEAN Leaders’ Meeting)” ကို ၂၀၂၁ ခုနှစ်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ ဘုရင် ဆူလ်တန် ဟာဂျီဟာ ဆာနာလ်ဘိုလ်ကီးယားရဲ့ ဖိတ်ကြားချက် အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်ခဲ့ကြောင်း၊ အစည်းအဝေးမှာ         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံအသိုက်အဝန်းထူထောင်ရေးကြိုးပမ်းမှုများနဲ့   ကိုဗစ် - ၁၉ ကူးစက်ရောဂါ   ထိခိုက်နစ်နာဆုံးရှုံးမှုများမှ  ပြန်လည်နာလန်ထူရေး လုပ်ငန်းစဉ်များ၊ အာဆီယံဥက္ကဋ္ဌရဲ့ ဦးစားပေးအစီအစဉ်များ အောင်မြင် စွာ    အကောင်အထည်ဖော်ရန်    အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံဥက္ကဋ္ဌတို့နဲ့    နီးကပ်စွာ    ပူးပေါင်းဆောင်ရွက်သွားမယ့် မြန်မာနိုင်ငံရဲ့  ကတိကဝတ်ပြုမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း၊ အစည်းအဝေးမှာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ်၊  ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်ရဲ့တာဝန်ကို ၂၀၀၈ ခုနှစ်အခြေခံဖွဲ့စည်းပုံနှင့်အညီ  တပ်မတော်ကတာဝန်ယူ လွှဲပြောင်း ရယူခဲ့ရတဲ့အခြေခံအကြောင်းရင်း၊  ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်ပြောင်းလဲ မှုအဆင့်ဆင့်၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဖွဲ့စည်းထားပုံ၊ ရှေ့ဆက်ဆောင်ရွက်မယ့်လုပ်ငန်းစဉ်တွေနဲ့  ဆောင်ရွက်ချက်တွေကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊    အာဆီယံနိုင်ငံ့ခေါင်းဆောင်များက မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့စပ်လျဉ်းပြီး    အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အာဆီယံ ခေါင်းဆောင်များရဲ့  အပြုသဘောဆောင်သော  အကြံပြုချက်တွေကို အလေးအနက်ထားပါကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်မှုရှိရေးကို ဦးစားပေးဆောင်ရွက်နေတာဖြစ်လို့ နိုင်ငံ့အကျိုး စီးပွားကိုအခြေခံပြီး  အကြံပြုချက်တွေကို  အလေးထားစဉ်းစားပေးမှာဖြစ်ကြောင်း၊       အကြံပြုချက်တွေဟာ     နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည်ဖော်ရာမှာ  အထောက်အကူ ပြုပြီး  ASEAN Charter ၊ ASEAN Way၊  ASEAN Spirit တို့ကိုအခြေခံ မယ်ဆိုရင်တော့    အပြုသဘောစဉ်းစားပေးသွားမှာ    ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့  လက်ရှိနိုင်ငံရေးအခြေအနေအပေါ်   ထင်မြင်ချက်များ မပေးမီ အစည်းအဝေးမှာဖြန့်ဝေတဲ့  အချက်အလက်တွေကို သေချာ စွာ လေ့လာပြီးမှ  မှတ်ချက်ပြုစေလိုကြောင်း   ပြောကြားခဲ့တာကို နိုင်ငံပိုင်သတင်းစာများမှ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
အထက်မှာဖြေကြားခဲ့သလို မြန်မာနိုင်ငံဟာ အာဆီယံနဲ့တူညီဆန္ဒ (၅) ချက်ကိုသာမက အာဆီယံမဏ္ဍိုင် (၃) ရပ်နဲ့ အာဆီယံအသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာလည်း  ပူးပေါင်းဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာကိစ္စကြောင့် အာဆီယံဟာ  အပိုင်းပိုင်းကွဲနေ ပြီ၊  မြန်မာ့အရေးကြောင့်  အာဆီယံရဲ့လုပ်ငန်းစဉ်တွေ ရပ်တန့်နေတာ မဖြစ်သင့်ဘူး   စတဲ့စွပ်စွဲပြောဆိုရေးသားချက်တွေဟာ  မြန်မာနိုင်ငံ အတွက် မှန်ကန်မှုမရှိ၊ လိုရာဆွဲ  ပြောဆိုနေတာဖြစ်ပြီး အပြုသဘော ဆောင်တဲ့    ချဉ်းကပ်မှုမျိုး၊   ဖြေရှင်းမှုမျိုးကို   ဖြစ်စေမှာမဟုတ်ဘဲ နားလည်မှုလွဲမှားစေရေး ပိုမိုဖြစ်စေဖို့  တွန်းအားပေးနေသလို ဖြစ်နေ ပါတယ်။ 
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံပဋိညာဉ် စာတမ်းပါ   အခြေခံမှုတွေနဲ့ဆန့်ကျင်ပြီး   အာဆီယံထိပ်သီးအစည်း အဝေးနှင့်    အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ    အစည်းအဝေးကို  နိုင်ငံရေးအရ  ကိုယ်စားပြုသူမဟုတ်သူကသာ  တက်ရောက်ရမယ်ဆိုတဲ့ အစဉ်အလာလည်းမရှိ၊  တစ်ဖက်သတ်ဆန်တဲ့    ဆုံးဖြတ်ချက်တွေ ချမှတ်ဆောင်ရွက်နေတဲ့ အပေါ်လည်း အာဆီယံအတွင်းလက်မခံလိုတဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း   ရှိနေပါတယ်။   ဒီနေ့အခါမှာ  အင်အားကြီး နိုင်ငံတွေရဲ့  ပထဝီနိုင်ငံရေးအားပြိုင်မှုတွေကြောင့်   အာဆီယံဟာ   တူညီဆန္ဒနဲ့   ဆွေးနွေးညှိနှိုင်းမှုကိုအခြေခံပြီး    ဆုံးဖြတ်ချက်တွေ ချမှတ်တဲ့  အစဉ်အလာကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။    
မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့တွေအဖြစ် တရားဝင်ကြေညာ ထားတဲ့ NUG ၊ CRPH ၊ PDF တွေရဲ့  ရဟန်းသံဃာတွေ၊ အပြစ်မဲ့ပြည်သူ တွေ၊   ပြည်သူ့ဝန်ထမ်းတွေ၊    ကျောင်းသား   ကလေးသူငယ်တွေကို 
လူမဆန်စွာနဲ့   အလွန်ရက်စက်ကြမ်းကြုတ်တဲ့  အကြမ်းဖက်သတ်ဖြတ် တဲ့လုပ်ရပ်တွေကိုတော့  ဒေသတွင်းနဲ့ ကမ္ဘာ့မီဒီယာတွေက မဖော်ပြဘဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့  သတင်းမှား၊ သတင်းတုတွေကိုပဲ တစ်ဖက် စောင်းနင်းရေးသားဖော်ပြနေကြတာဟာ   အကြမ်းဖက်မှု၊  အစွန်း ရောက်မှုကို  အားပေးအားမြှောက်ပြုနေသလိုဖြစ်နေပါတယ်။ အာဆီယံ နဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့   မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပကတိအခြေအနေမှန်တွေကို  လက်တွေ့ကျကျ အမှန်အတိုင်းရှုမြင်ပြီး မြန်မာနိုင်ငံအစိုးရနဲ့  နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့လိုသလို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီး အစည်းအဝေးက ချမှတ်ခဲ့တဲ့ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော် မှုဆိုင်ရာ   ပြန်လည်သုံးသပ်ချက်နှင့်   ဆုံးဖြတ်ချက်ဆိုပြီး စုစုပေါင်း အချက် (၁၅) ချက်ကိုချမှတ်ပြီး  မြန်မာနိုင်ငံအပေါ်  ထပ်မံဖိအားပေးဖို့ ကြိုးပမ်းဆောင်ရွက်နေတာဟာလည်း     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရရဲ့    အာဆီယံနဲ့  အပြုသဘောပူးပေါင်းဆောင်ရွက်မှု တွေ၊ မြန်မာနိုင်ငံရဲ့ အာဆီယံအသိုက်အဝန်းထူထောင်မှု အခန်းကဏ္ဍ မှာ  တက်တက်ကြွကြွ  ပံ့ပိုးပူးပေါင်းဆောင်ရွက်မှုတွေကို လျစ်လျူရှု ထားသလို ဖြစ်တဲ့အပြင် အာဆီယံစိတ်ဓာတ်၊  အာဆီယံလမ်းစဉ်တွေ ကနေ    သွေဖည်ဆောင်ရွက်နေတယ်လို့လည်း      ဆိုရမှာဖြစ်ပါတယ်။ ယင်းဆုံးဖြတ်ချက် (၁၅) ချက်နဲ့ပတ်သက်ပြီးတော့လည်း ၁၁-၁၁-၂၀၂၂ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။


မေး    -    အာဆီယံဥက္ကဋ္ဌရဲ့   အထူးကိုယ်စားလှယ်   ခန့်အပ်မှုတွေနဲ့ ပတ်သက်လို့   မြန်မာနိုင်ငံရဲ့     ရပ်တည်ချက်ကိုလည်း ရှင်းပြပါဦး။


ဖြေ    -    မြန်မာနိုင်ငံက အာဆီယံတူညီဆန္ဒ (၅) ချက်မှာပါတဲ့ အချက် 
        (၃)   ဖြစ်တဲ့    အာဆီယံဥက္ကဋ္ဌ၏     အထူးကိုယ်စားလှယ် ခန့်အပ်ခြင်းနဲ့   အချက် (၅) ဖြစ်တဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ကို လာရောက်တဲ့ခရီးစဉ်များမှာ  မြန်မာနိုင်ငံရဲ့ အာဆီယံနဲ့ပူးပေါင်း ဆောင်ရွက်မှုကို ပြသတဲ့အနေနဲ့အတတ်နိုင်ဆုံးဖြစ်သင့်၊  ဖြစ်နိုင်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ 
အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းမှာ  အာဆီယံဘက်က  မြန်မာ နိုင်ငံရဲ့  သမိုင်းစဉ်လာ၊ ပြည်တွင်းရေးပကတိအခြေအနေများနဲ့ နိုင်ငံတော် ရှေ့ဆက်သွားမယ့်လမ်းစဉ်တွေကို    ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ ရိုးသားမှု၊   နားလည်မှုကိုအခြေခံတဲ့   အဆိုပြုချက်တွေကို   ပြုလုပ် ပေးဖို့ အရေးကြီးပါတယ်။ 
အာဆီယံဥက္ကဋ္ဌရဲ့ပထမဆုံး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ အာဆီယံဘက်က ၂၀၂၁ ခုနှစ်မှာ ထိုင်းနိုင်ငံမှ  ယခင်ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူ၊ အင်ဒိုနီးရှားနိုင်ငံမှ  ယခင်နိုင်ငံခြား ရေးဝန်ကြီး  ဟာဆန်ဝီရာဂျူဒါ နှင့် မလေးရှားနိုင်ငံမှ ရာဇလီအစ်ဇမေ တို့ရဲ့အမည်စာရင်းတွေကို မြန်မာအစိုးရဘက်သို့  အဆိုပြုပေးပို့ခဲ့ပါ တယ်။  ၎င်းတို့အထဲက ထိုင်းနိုင်ငံမှ ယခင်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဗီယာဆပ်ဒီဖူထရာကူကို  အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံမှ လက်ခံကြောင်း ၆-၇-၂၀၂၁ ရက်နေ့မှာ အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့  တရားဝင်အကြောင်းပြန်ကြားခဲ့ပါတယ်။   ဒါပေမယ့် အာဆီယံဥက္ကဋ္ဌ    ဘရူနိုင်းနိုင်ငံက     ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို  ခန့်အပ်ဖို့  ပြောင်းလဲအဆိုပြုလာ ပြန်ပါတယ်။   အာဆီယံဘက်က  အထူးကိုယ်စားလှယ်အဖြစ် မူလ အဆိုပြုခဲ့တဲ့   (၃) ဦးအပြင်   ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး  (၂) ကို ခန့်အပ်ဖို့  ပြောင်းလဲအဆိုပြုလာတာကြောင့်   မြန်မာနိုင်ငံဘက်က ထိုင်းနိုင်ငံ  ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းကို လက်ခံကြောင်း ပြန်ကြားခဲ့သော်လည်း  အထူးကိုယ်စားလှယ်   ခန့်အပ်ရေးကိစ္စဟာ ရှေ့မဆက်နိုင်ဖြစ်ခဲ့ရပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ် မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့သဘောထားဖြစ်တဲ့ အထူးကိုယ်စား လှယ်ဟာ  အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံရဲ့ အစိုးရအဖွဲ့ဝင်တစ်ဦးမဖြစ်သင့်ကြောင်း၊  နိုင်ငံရေးလွှမ်းမိုးမှုတွေမရှိဘဲ လွတ်လပ်တဲ့ပုဂ္ဂိုလ်ကို ခန့်အပ်မှသာ    အထူးကိုယ်စားလှယ်ရဲ့    လုပ်ငန်းတာဝန်တွေကို လွတ်လပ်စွာထမ်းဆောင်နိုင်မှာဖြစ်ကြောင်း၊    ဒါကြောင့်    အာဆီယံ ဥက္ကဋ္ဌရဲ့   အထူးကိုယ်စားလှယ်အဖြစ်    ခန့်အပ်ဖို့   အာဆီယံဘက်က ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး    (၂) ကို   ပြောင်းလဲအဆိုပြုတာကို မြန်မာနိုင်ငံက လက်မခံနိုင်ကြောင်းကို  စာနဲ့အကြောင်းပြန်ကြားခဲ့ပါ တယ်။
ဒါပေမယ့် ၂-၈-၂၀၂၁ ရက်နေ့မှာကျင်းပတဲ့   (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ အာဆီယံဥက္ကဋ္ဌ ရဲ့ အထူးကိုယ်စားလှယ်အဖြစ်  မူလအဆိုပြုခဲ့တဲ့အမည်စာရင်းတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး  (၂) ဒါတို အီရာဝမ်ပီဟင်ယူဆွတ်ကို  ခန့်အပ်ဖို့  အဆိုပြုခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံတူညီဆန္ဒ (၅) ချက်အပေါ် ဆောင်ရွက်နိုင်တာတွေကို ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်ဆိုတာကိုပြသတဲ့အနေနဲ့ ၄-၈-၂၀၂၁ ရက်နေ့မှာကျင်းပတဲ့ နိုင်ငံခြားရေးဝန်ကြီးများ  သီးသန့်အစည်းအဝေး မှာ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ဘရူနိုင်းနိုင်ငံခြားရေး ဝန်ကြီး  (၂)  ဒါတိုအီရာဝမ်ပီဟင်ယူဆွတ်ကို   ခန့်အပ်မယ့်ကိစ္စကို မြန်မာနိုင်ငံက   သဘောတူပေးခဲ့ပါတယ်။   အဆိုပါအစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက  မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် (၃) ချက်ဖြစ်တဲ့  အထူးကိုယ်စားလှယ်ဟာ မြန်မာအစိုးရ နဲ့ နီးကပ်စွာ   တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ပြီး တူညီဆန္ဒ(၅)ချက် နဲ့အညီသာ   လုပ်ငန်းတာဝန်တွေကို  ဆောင်ရွက်ဖို့၊  မြန်မာနိုင်ငံဟာ တူညီဆန္ဒ(၅) ချက်အပြင်   အဆိုပြုချက်အသစ်တွေကို   လက်ခံမှာ မဟုတ်ကြောင်း၊   အထူးကိုယ်စားလှယ်ဟာ   တာဝန်တွေ ထမ်းဆောင် တဲ့အခါ  နိုင်ငံတစ်နိုင်ငံရဲ့လွတ်လပ်ခွင့်၊ အချုပ်အခြာအာဏာ၊ သာတူ ညီမျှရှိမှု၊ ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှု၊ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဖို့နဲ့ ပြင်ပဝင်ရောက်စွက်ဖက်မှု၊  သိမ်းသွင်းမှု၊ အကျပ်ကိုင်မှု တွေမပြုဘဲ   မိမိနိုင်ငံရဲ့ကံကြမ္မာကို  မိမိကိုယ်တိုင်  ဖန်တီးနိုင်မှုဆိုတဲ့ အခွင့်အရေးကိုလေးစားဖို့  ပြောကြားခဲ့ပြီး   ယင်းပြောကြားချက်များ ကို   အစည်းအဝေးမှာ   မှတ်တမ်းတင်ထားရှိရေး  ပြောကြားခဲ့ပါ တယ်။ 


မေး    -    မြန်မာနိုင်ငံအနေနဲ့ အာဆီယံတူညီဆန္ဒ (၅) ချက်ကို ဘယ်လို အကောင်အထည်ဖော်နေပါသလဲ။ 


ဖြေ    -    မြန်မာနိုင်ငံအစိုးရဟာ    နိုင်ငံတွင်း   ငြိမ်းချမ်းတည်ငြိမ်မှု 
        ရရှိရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ် အကောင်အထည် ဖော်ရေး ကြိုးပမ်းနေမှုနဲ့အတူ  တူညီဆန္ဒ (၅)ချက် အကောင်အထည် ဖော်ခြင်းကို   အာဆီယံဥက္ကဋ္ဌရဲ့   ယခင်အထူးကိုယ်စားလှယ်များနဲ့ အပြုသဘောနီးကပ်စွာလည်း     ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့  ရှေ့လုပ်ငန်းစဉ် (၅) ရပ်ဟာ အာဆီယံတူညီဆန္ဒ (၅) ချက် မပေါ်ပေါက်ခင်ကတည်းက  မြန်မာနိုင်ငံမှာ   ဒီမိုကရေစီ ပြန်လည် ဖော်ဆောင်ရေးအတွက် ဦးတည်ချမှတ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ကာ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်း မှုရရှိရေးအတွက်   ကြိုးပမ်းမှုများအပါအဝင်၊  လုပ်ငန်းစဉ် (၅) ရပ်ကို ဟန်ချက်ညီညီဆောင်ရွက်လျက်ရှိပါတယ်။ 
ငြိမ်းချမ်းရေးကြိုးပမ်းမှုများဟာ  အကြမ်းဖက်မှုတွေ  ရပ်တန့်ရေး အတွက်    အာဆီယံမှ   တောင်းဆိုထားတဲ့    အချက်နံပါတ်(၁)ကို နိုင်ငံတော်အစိုးရမှ    အကောင်အထည်ဖော်ရာမှာ သိသာထင်ရှားတဲ့ ဆောင်ရွက်ပေးနေတဲ့အချက်ဖြစ်ပါတယ်။ 
၂၀၂၂ ခုနှစ်၊  ကမ္ဘောဒီးယားနိုင်ငံရဲ့   အာဆီယံအလှည့်ကျဥက္ကဋ္ဌ အဖြစ်   ဆောင်ရွက်စဉ်မှာလည်း ကမ္ဘောဒီးယားနိုင်ငံ  ဒုတိယဝန်ကြီး ချုပ်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး Mr. Prak Sokhonn ကို  အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စား လှယ်အဖြစ်   ခန့်အပ်ခဲ့တာကို   မြန်မာနိုင်ငံမှ သဘောတူလက်ခံခဲ့ပါ တယ်။ Mr. Prak Sokhonn ရဲ့ ပထမဆုံးအကြိမ် မြန်မာနိုင်ငံခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှ  ၂၃ ရက်နေ့အထိနဲ့  ဒုတိယအကြိမ် ခရီးစဉ်ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ လာရောက်ခဲ့တာတွေကိုလည်း မြန်မာနိုင်ငံမှ  လိုအပ်သည်များ ပံ့ပိုး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။     ၎င်း၏    ခရီးစဉ်များအတွင်း မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းများအနက်မှ   တွေ့ဆုံခွင့် စီစဉ်ပေး နိုင်မယ့်အဖွဲ့တွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့  စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏  ရုံးအဖွဲ့ ခေါင်းဆောင် Dr. KUNG Phoak  ရဲ့  မြန်မာနိုင်ငံခရီးစဉ်   (၂) ကြိမ်ကို လည်း စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
အထူးကိုယ်စားလှယ်များခန့်ထားမှု၊   လက်ခံပူးပေါင်းဆာင်ရွက် ပေးမှု၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုကြည့်ရင် မြန်မာ အစိုးရဟာ တူညီဆန္ဒ(၅)ချက်ရဲ့ အရေးကြီးတဲ့အချက်တွေကို အာဆီယံ နဲ့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိတာကို တွေ့ရှိရမှာဖြစ်ပါ တယ်။ တူညီဆန္ဒ(၅)ချက်ရဲ့   သိသာထင်ရှားတဲ့   တိုးတက်မှု  နောက် တစ်ခုကတော့  ASEAN Coordinating Centre for Humanitarian Assistance on Disaster Management – AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ  ပေးအပ်နေတာကို မြန်မာနိုင်ငံအစိုးရမှ    တိုင်းဒေသကြီး၊  ပြည်နယ်တွေအဆင့်အထိ အပြည့်အဝ ပူးပေါင်းဖြည့်ဆည်းပေးလျက်ရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို   AHA Centre   မှတစ်ဆင့်   လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်တဲ့လုပ်ငန်းစဉ်ကို အဆင့် (၂)ဆင့် သတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။ မြေပြင်မှာ AHA Centre ရဲ့ ရည်မှန်းချက်တွေ  အောင်မြင်စွာ  အကောင်အထည်ဖော်နိုင်စေရေး အတွက်နဲ့ မူဝါဒဆိုင်ရာညှိနှိုင်းဆောင်ရွက်မှုတွေကို အဆင်ပြေချောမွေ့ စေဖို့   အပြည်အပြည်ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့  မြန်မာလုပ်ငန်းအဖွဲ့(Myanmar Task Force) ကိုလည်း    ဖွဲ့စည်းထားပါတယ်။ ယခုဆိုရင် ပထမ အဆင့်ဖြစ်တဲ့ အသက်ကယ်‌ရေးအကူအညီတွေပေးအပ်တဲ့ လုပ်ငန်းစဉ် ဟာ အောင်မြင်ချောမောစွာ ပြီးစီးခဲ့ပြီဖြစ်သလို  ဒုတိယအဆင့်ဖြစ်တဲ့ ဘဝရှင်သန်တည်မြဲရေးအကူအညီတွေ  ပေးအပ်ဖို့အတွက်ကိုလည်း မြန်မာနိုင်ငံက    အာဆီယံနဲ့    နီးကပ်စွာ  ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံဟာ အာဆီယံတူညီဆန္ဒ (၅) ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုမရှိဘူးလို့  ပြောဆိုစွပ်စွဲ နေကြတာတွေက လုံးဝအခြေအမြစ်မရှိဘူးဆိုတာကို တွေ့ရှိရမှာဖြစ်ပါ တယ်။


မေး    -    မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ရှေ့ဆက်ပြီး ပူးပေါင်းဆောင်ရွက် သွားမယ့် အစီအစဉ်များကို သိလိုပါတယ်။


ဖြေ    -    အာဆီယံအဖွဲ့ဝင်    မြန်မာနိုင်ငံဟာ   အဖွဲ့ဝင်နိုင်ငံကောင်း 
        ပီသစွာနဲ့    အာဆီယံပဋိညာဉ်စာတမ်း၊    အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့  ပူးပေါင်းဆောင်ရွက်ရေးစာချုပ်နဲ့ အာဆီယံအသိုက် အဝန်းထူထောင်ရေး မျှော်မှန်းချက်လမ်းပြမြေပုံတွေမှာပါရှိတဲ့ အာဆီယံ စံနှုန်းတွေ၊ အာဆီယံလမ်းစဉ်တွေ၊ အာဆီယံမူတွေပေါ်မှာ ခိုင်မာစွာ ရပ်တည်ပြီးတော့ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာဆောင်ရွက်ရမယ့် ဘဏ္ဍာ ရေးပိုင်း၊  လုပ်ငန်းပိုင်း တာဝန်ဝတ္တရားတွေကို ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ 
ယနေ့အချိန်မှာ    အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ဟာ  မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေကို အကြောင်းပြုပြီးတော့ အာဆီယံ ပဋိညာဉ်စာတမ်းပါ    စံနှုန်းတွေနဲ့   အခြေခံမူတွေကို   ကျော်လွန် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအပေါ် တစ်ဖက်သတ် ကန့်ကွက်ဖိအားပေး မှုတွေကို  ဆောင်ရွက်လျက်ရှိပါတယ်။  ဒီလိုလုပ်ရပ်တွေဟာ စည်းမျဉ်း အခြေခံတဲ့  အသိုက်အဝန်းထူထောင်ရေးကိုဦးတည်နေတဲ့  အာဆီယံ အဖွဲ့ကြီးအပေါ်    အများယုံကြည်လက်ခံနိုင်မှုကို    ထိခိုက်စေတဲ့ အပြင်  အာဆီယံဗဟိုအချက်အချာကျမှုနဲ့   စည်းလုံးညီညွတ်မှုကိုပါ  ထိခိုက်စေမှာကိုလည်း   အထူးသတိပြုသင့်ပါတယ်။    အင်အားကြီးနိုင်ငံတွေရဲ့ပြိုင်ဆိုင်မှုတွေ   ဒေသအတွင်း  စိမ့်ဝင်ပျံ့နှံ့မလာစေဖို့ အာဆီယံမှာ  ကျင့်သုံးနေတဲ့   ကောင်းမွန်တဲ့    ထုံးတမ်းစဉ်လာများနဲ့ အာဆီယံနိုင်ငံတွေနဲ့     ပြည်သူတွေအကြား   ချစ်ကြည်ရင်းနှီးမှုနဲ့   တစ်နိုင်ငံချင်း စည်းလုံးညီညွတ်မှုတွေကို   ဆက်လက်ထိန်းသိမ်း မြှင့်တင်ဖို့နဲ့ မိမိတို့ရဲ့တစ်ဦးချင်း  ကိုယ်ကျိုးစီးပွားနဲ့ နိုင်ငံရေးလိုလား ချက်တွေကို ရှေ့တန်းမတင်ဖို့  အရေးကြီးတဲ့  အချိန်အခါပင်ဖြစ်ပါတယ်။ 
အာဆီယံအဖွဲ့ကြီး   စတင်တည်ထောင်ခဲ့တဲ့   နှစ်ပေါင်း(၅၅)နှစ် အတွင်း  ဒေသတွင်းနိုင်ငံတွေအချင်းချင်း  ချစ်ကြည်ရင်းနှီးစွာနဲ့ နိုင်ငံ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်တွေကတစ်ဆင့် ဒေသတွင်း နိုင်ငံရေးဟန်ချက်ညီမှု၊   စီးပွားရေးဖွံ့ဖြိုးမှု၊  လူမှုရေးနှင့်  ယဉ်ကျေးမှု တိုးတက်ဖြစ်ပေါ်ရေးတို့ကို  မြှင့်တင်နိုင်ခဲ့ကြပါတယ်။ အာဆီယံနိုင်ငံ တွေအကြား  မတူညီတဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးတိုးတက်မှုကွာဟချက် စတဲ့   ကွဲပြားမှုတွေ   ရှိနေပေမယ့်   အဲ့လိုမတူညီမှုတွေနဲ့ ပေါင်းစည်း ထားတဲ့  အာဆီယံအသိုက်အဝန်းကတစ်ဆင့် ရရှိလာမယ့်  ရလဒ်တွေ နဲ့အကျိုးစီးပွားတွေကို အတူတကွခံစားကြပြီး စိန်ခေါ်မှု၊ အခက်အခဲ တွေကိုလည်း   အာဆီယံလမ်းစဉ်၊  အာဆီယံညီညွတ်မှု၊   အာဆီယံ စိတ်ဓာတ်တို့‌နဲ့ ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းသွားကြရမှာသာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်  မြန်မာနိုင်ငံဟာ အာဆီယံရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ “ပြည်သူရှေးရှု ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အဝန်းကြီး” ရေရှည် တည်တံ့စေဖို့နဲ့ အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်တွေကို ပြည့် မြောက် အောင်မြင်နိုင်စေဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံ မိတ်ဖက်နိုင်ငံတွေနဲ့အတူ စုစည်းညီညွတ်စွာနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းမြှင့်တင်ပြီး မိတ်ဝတ်မပျက် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။