နေပြည်တော် ၃၁ ဇူလိုင်
နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်သောအဖွဲ့ဝင် (၉)ဦးပါ အဆင့်မြင့်မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre မှ ကိုယ်စားလှယ်များပါဝင်သည့် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဇူလိုင် ၂၇ ရက်မှ ၂၉ ရက်အထိ သွားရောက်ခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ASEAN-ERAT အဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ဒါကာမြို့မှ ကော့စ်ဘဇားသို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ပြီး ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းအမှတ်(၄)တွင် ဒုက္ခသည်စခန်းများမှ နေရပ်စွန့်ခွာသူ(၅၀) ခန့်နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Md. Delwar Hossain ၊ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury ၊ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်သို့ပြန်လည်စေလွှတ်ရေးဆိုင်ရာ မဟာမင်းကြီး Mr. Md Abul Kalam နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြန်လည်နေရာချထားရေးအတွက် စီစဉ်ထားရှိမှု၊ အဆောက်အဦများ ဆောက်လုပ်ထားရှိမှု၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အဆင့်ဆင့်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အစီအမံများ၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံသားဖြစ်မှု၊ NVC ကဒ်ကိုင်ဆောင်မှု၏ အကျိုးများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ လူမှုအသိုက်အဝန်းများအကြား သဟဇာတရှိစေရေး ဆောင်ရွက်ထားရှိမှုများကို အသိပေးပြောကြားခဲ့သည်။ ASEAN-ERAT အဖွဲ့ဝင်များကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦးကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့မှုနှင့် အာဆီယံမှ ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည့် လုပ်ငန်းရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်သည် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ပြုစုထားသည့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဆိုင်ရာ Factsheet များကို ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရပ်သို့ ပြန်လည်စေလွှတ်ဆိုင်ရာမဟာမင်းကြီး Mr. Md Abul Kalam ထံနေရပ်စွန့်ခွာ သူများအကြား ဖြန့်ဝေပေးရန်ပေးအပ်ခဲ့ပြီး၊ ရှင်းလင်းပွဲများသို့ တက်ရောက်လာသည့် နေရပ်စွန့်ခွာသူ ကိုယ်စားလှယ်များကိုလည်း ဖြန့်ဝေပေးခဲ့သည်။
ထို့နေ့ ညနေပိုင်းတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် လုပ်ငန်းအဖွဲ့ဝင်များတွေ့ဆုံပြီး နေရပ်စွန့်ခွာသွားသူများအား ပြန်လည်စိစစ်ရေးလုပ်ငန်းစဉ်တွင် တွေ့ကြုံရသည့် အခက်အခဲများ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
ဇူလိုင် ၂၈ ရက် နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းအမှတ်(၄)သို့ ထပ်မံသွားရောက်ခဲ့ ကာ နေရပ်စွန့်ခွာသွားသူများအား တွေ့ဆုံခဲ့ပြီး၊ နေရပ်စွန့်ခွာသူများနှင့် ဆက်လက်ထိတွေ့ ဆောင်ရွက်သွားရေး၊ နိုင်ငံသားဖြစ်မှု၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်မှ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေတွင် နိုင်ငံသားပြုခွင့် (ပြုနိုင်ငံသား) ပါဝင်ကြောင်း၊ နေရပ်စွန့်ခွာသူများအနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ နေရပ်ပြန်နိုင်ရေး မိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရန် လိုအပ်ကြောင်းတိုက်တွန်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့သည် ဒုက္ခသည် စခန်းအမှတ်(၄)၏ ရှေ့တန်းစခန်းရုံးသို့ ဆက်လက်ထွက်ခွာခဲ့ပြီး ကော့်စ်ဘဇားအခြေစိုက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်ကြသည့် UNHCR ၊ WHO ၊ World Food Programme ၊ IOM ၊ UNDP နှင့် ICRC တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီးခရီးစဉ် လာရောက်ရခြင်း၏ အကြောင်းရင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့် မြန်မာနိုင်ငံအစိုးရနှင့်UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသော MOU အရပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Quick Impact Projects အစီအမံများကို အသိပေးပြောကြားခဲ့သည်။
အမြဲတမ်းအတွင်းဝန်နှင့် ASEAN-ERAT အဖွဲ့ဝင်များက ၎င်းတို့ဘက်မှ မေးမြန်းချက်များဖြစ်သည့် နိုင်ငံသားဖြစ်မှု၊ ဒုက္ခသည်စခန်းများအား အမျိုးသားလုပ်ငန်းစဉ်တစ်ရပ် ရေးဆွဲလျက် စနစ်တကျ ပိတ်သိမ်းဆောင်ရွက်သွားမည့် အစီအမံများ၊ ပညာရေး၊ ကျန်းမာရေးနှင့် အသိုက်အဝန်းများအကြား သဟဇာတရှိစေရေးဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့တို့သည် ဟိန္ဒူဘာသာဝင် ကိုယ်စားလှယ်(၁၀)ဦးနှင့် ခရစ်ယာန်ဘာသာဝင် ကိုယ်စားလှယ် (၄) ဦးတို့အား တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် အမြဲတမ်းအတွင်းဝန်က ၎င်းတို့နေရပ်သို့ ဆောလျင်စွာပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ ရခိုင်ပြည်နယ်အစိုးရ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဦးရာဂူးနေမြင့်တို့ကလည်း ပြန်လည်နေရာချထားရေး အစီအမံများကို အသိပေးပြောကြားခဲ့သည်။
ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ASEAN-ERAT အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Meghna ဧည့်ရိပ်သာ၌ ယာယီနိုင်ငံခြားရေးအတွင်းဝန် Mr. Kamrul Ahsan နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ အမြဲတမ်းအတွင်းဝန် Mr. Mahbub Uz Zaman ၊ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mr. Md. Delwar Hossainနှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး Mr. Manjurul Karim Khan Chowdhury နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများလည်း တက်ရောက်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အမြဲတမ်းအတွင်းဝန်က ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်း အမှတ်(၄)ရုံးနှင့် ယင်း၏ရှေ့တန်းစခန်းရုံးတို့တွင် ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်တို့၌ နေရပ်စွန့်ခွာသွားသူ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဟိန္ဒူနှင့် ခရစ်ယာန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုတို့ကို အသိပေးပြောကြားခဲ့သည်။ ထို့ပြင် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နှစ်နိုင်ငံသဘောတူညီထားသည့် Arrangement နှင့်အညီ ဆောင်ရွက်သွားရေး၊ မြန်မာဘက်မှ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေးအတွက် အသင့်ရှိနေမှုတို့ကို ထပ်လောင်းအသိပေးခဲ့သည်။
ထို့ပြင် AHA Centre မှ Deputy Executive Director Mr. ArnelCapiliနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းဌာနကြီးမှ ညွှန်ကြားရေးမှူး Mr. Ky-Anh Nguyen တို့က ASEAN-ERATအဖွဲ့၏လုပ်ပိုင်ခွင့် (mandate) နှင့် လုပ်ထုံးလုပ်နည်း (TOR) တို့ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ASEAN-ERATအဖွဲ့မှ ၂၀၁၉ ခုနှစ်၊ မတ်လက ဆောင်ရွက်ခဲ့သည့် ကနဦးဆန်းစစ် လေ့လာရေး ကွင်းဆင်းဆောင်ရွက်မှုနှင့် အလုံးစုံပါဝင်သည့် ကွင်းဆင်းဆောင်ရွက်မှု ပြုလုပ်သွားမည့် အစီအစဉ်များနှင့် အာဆီယံမှ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို အသိပေးပြောကြားခဲ့သည်။
တွေ့ဆုံမှုအပြီးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီနိုင်ငံခြားရေး အတွင်းဝန်က နေရပ်စွန့်ခွာသွားသူ (၂၅၀၄၇)ဦးတို့၏ ဖြည့်စွက်ပြီးစိစစ်ရေးပုံစံများကို မြန်မာဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ မြန်မာကိုယ်စားလှယ်အဖွဲ့မှ စိစစ်ရေးပုံစံများကို စနစ်တကျနှင့် ထိရောက်စွာစိစစ်နိုင်ရေးအတွက် လိုအပ်နေသည့် ရောင်စုံဓါတ်ပုံများကို ဆောလျင်စွာပံ့ပိုးပေးရန် အသိပေးပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့သည့် Arrangement နှင့်အညီ နေရပ်စွန့်ခွာသွားသူများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်မှ စတင်လက်ခံနိုင်ရန် မြန်မာဘက်မှ လိုအပ်သည့်ပြင်ဆင်ဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောအဖွဲ့ဝင် (၉)ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇူလိုင် ၃၀ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။
သတင်းစဉ်


