နေပြည်တော် ၁၈ မေ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်သည် ယနေ့နံနက် ၉ နာရီခွဲတွင် Video Conferencing ဖြင့် ကျင်းပသည့် (၃၂)ကြိမ်မြောက် အာဆီယံ-သြစတြေးလျ ဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင်တက်ရောက်သည်။
အစည်းအဝေးကို အာဆီယံ-ဩစတြေးလျ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းရေးမှူး နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dato’ Ahmad Rozian နှင့် ဩစတြေးလျနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အာဆီယံဆိုင်ရာ အဆင့်မြင့်အရာရှိကြီး Justin Hayhurst တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံအဖွဲ့နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အဆင့်မြင့်အရာရှိကြီးများက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် နိုင်ငံအလိုက် ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ အတွေ့အကြုံများနှင့် အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါတုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်တားဆီးရေး၊ ထိန်းချုပ်ရေးနှင့်ကုသရေးတို့တွင် မြန်မာအစိုးရက မည်သူတစ်ဉီးတစ်ယောက်မျှ မကျန်ရစ်စေရေးမူကို ကျင့်သုံးလျက်ဆောင်ရွက်နေသည့် အစီအမံများ၊ ကူးစက်ရောဂါကြောင့်ဖြစ်ပေါ်လာမည့် ကျန်းမာရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ထိခိုက်နစ်နာမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရအဖွဲ့တစ်ရပ်လုံး ပူးပေါင်းပါဝင်သည့် ချဉ်းကပ်မှုပုံစံဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် အစိုးရအနေဖြင့် ပြည်သူ့အင်အားကို စုစည်းရယူ၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ရယူခြင်းနည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းအသိပေးခဲ့ပြီး၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် နယ်ပယ်များကို အကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အစည်းအဝေးတွင် နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ကဏ္ဍများအောက်၌ အာဆီယံနှင့် ဩစတြေးလျနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို ပြန်လည်သုံးသပ်ပြီး၊ အနာဂတ်တွင် အာဆီယံ-ဩစတြေးလျ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်မည့် အလားအလာများကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်က နိုင်ငံရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ အာဆီယံဗဟိုပြုသည့် ဒေသတွင်းဗိသုကာဘာသာရပ် ခေါင်းစဉ်ကို ဉီးဆောင်ဆွေးနွေးရာတွင် ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို တိုးမြှင့်ရန်နှင့် ဒေသတွင်းလုံခြုံရေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် အာဆီယံဒေသဆိုင်ရာဖိုရမ်၊ အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် တိုးချဲ့ အာဆီယံ ပင်လယ်ရေကြောင်း ဖိုရမ်ကဲ့သို့သော အာဆီယံဦးဆောင်သည့် ယန္တရားများ၏ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်ရေးနှင့် ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် အနာဂတ်တွင် အာဆီယံဦးဆောင်သည့် ယန္တရားများအောက်မှ အာဆီယံ-ဩစတြေးလျ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာစေရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


