နေပြည်တော် ၁၉ ဩဂုတ်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုတိယဌာနေကိုယ်စားလှယ် Ms. Cecile Fradot အား ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ညှိနှိုင်းချက်အရ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူ (၃,၄၅၀) အား ဩဂုတ်-၂၂ ရက်တွင် မြန်မာဘက်မှ ပြန်လည် လက်ခံမည့် ကိစ္စနှင့်ပတ်သက်၍ အဆိုပါပြန်လာမည့်သူများအား ပြန်လည်နေရာချထား မည့်ကျေးရွာများတွင် UNHCR မှသွားရောက်လိုသည့်ကိစ္စအပေါ် နိုင်ငံခြားရေးဝန်ကြီး ဌာန၏သဘောထားနှင့် UNHCR နှင့်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို ဆွေးနွေးပြောကြားသည်။
ယင်းသို့ပြောကြားရာတွင် ညွှန်ကြားရေးမှူးချုပ်က နေရပ်စွန့်ခွာသူ (၃,၄၅၀)အား ပြန်လည်လက်ခံမည့်ကိစ္စကို မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်ဖက်သဘော တူညီ ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ UNHCR နှင့်မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနှင့်ကုလသမဂ္ဂအကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MoU) ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ UNHCR အနေ ဖြင့် ပြန်လာမည့်သူများ အတွက်လိုအပ်သည်များကူညီပံ့ပိုးပေးရန်ရှိပါက အဆိုပြုနိုင်ပါ ကြောင်း၊ မြန်မာဘက်မှလည်း အကူအညီတောင်းခံရန်လိုအပ်သည့်အခါ MoU ပါအတိုင်း မေတ္တာရပ်ခံသွားမည်ဖြစ်ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားမည့် အစီအစဉ်နှင့် နေရာများကိုဘင်္ဂလားဒေ့ရှ်ဘက်သို့ နှစ်ဖက်သဘောတူညီချက်အတိုင်း အသိပေးပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်မှ သိရှိလိုသည့် သတင်းအချက်အလက်များ လိုအပ်၍ ထပ်မံတောင်းခံလာပါက အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မကြာမီကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဉီးဆောင်ပြီး အာဆီယံမှ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဝင်များ လိုက်ပါသည့် ကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ရှိ နေရပ် စွန့်ခွာသူများနေထိုင်သည့် နေရာများသို့ သွားရောက်၍ ပြန်လည်လက်ခံမည့် အစီအစဉ်များကို ရှင်းလင်းပြောကြား ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းမတိုင်မီကလည်း မြန်မာဘက်မှ ကိုယ်စားလှယ်အဖွဲ့များ သွားရောက်ပြီး အလားတူ ရှင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုး ထားသည့် MoU ပါ ပြဌာန်းချက်များအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ပြီး၊ UNHCR အနေဖြင့်နေရပ်စွန့်ခွာသူ များအား ခေတ္တထားရှိမည့် လှဖိုးခေါင် ကြားစခန်းနှင့်၎င်းတို့အားပြန်လည်နေရာချထားမည့် ကျေးရွာများတွင် လိုအပ်သည့် အကူ အညီများ ပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားသည်။
နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ ပြန်လည်လက်ခံရာတွင် မြန်မာအစိုးရအား ပေးအပ်လိုသည့်ကူညီပံ့ပိုးမှုများကို အစိုးရနှင့်တိုင်ပင်ပြီး ပြုလုပ်နိုင်ရန် အတွက် မြန်မာအစိုးရနှင့် ကုလသမဂ္ဂတို့သည် ၂၀၁၈ ခုနှစ် ဇွန် - ၆ ရက်တွင် MoU ကို လက်မှတ်ရေးထိုးခဲ့ပြီး၊ ၂၀၁၉ ခုနှစ် မေ - ၂၈ ရက်တွင် အဆိုပါ MoU အား (၁)နှစ်သက် တမ်းတိုးသည့် သဘောတူညီချက်ကို နှစ်ဖက်လဲလှယ်ခဲ့သည်။
၎င်း MoU ပါ ပြဌာန်းချက်များအရ မြန်မာအစိုးရသည် UNDP နှင့် UNHCR တို့အား ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း(၈၀)ကျော်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၃ ရက်အထိ လွတ်လပ်စွာ ကွင်းဆင်းလေ့လာမှုများပြုလုပ်စေခဲ့ပြီး၊ ကျေးရွာတွင်နေထိုင်သူများနှင့် ပြန်လည်ဝင်ရောက် မည့်သူများအတွက်အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးတိုးတက်ရေး (Quick Impact Project- QIP) စီမံကိန်း (၃၄)ခုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်အထိ ခွင့်ပြုပေးထားပြီး ဖြစ်သည်။ နယ်မြေ လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး ကျန်သည့်ကျေးရွာများတွင် လေ့လာဆန်းစစ် မှုများ နှင့်QIP များ ဆက်လက်ဆောင်ရွက်ခွင့် ပေးသွားရန်ရှိကြောင်း သိရှိရသည်။
(သတင်းစဉ်)


