နေပြည်တော် ဇူလိုင် ၁၄
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန် ကေ့ကဲ့ဝို့၏ ဖိတ်ကြားချက်အရ ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက် ခဲ့သည်။
ဆွေးနွေး
ခရီးစဉ်အတွင်း ဇူလိုင် ၁၄ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်အား ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်သို့ သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ သည် နှစ်ပေါင်းရာချီကြာမြင့်သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံထားသော အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် စပ်လျဉ်းသည့်ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များ လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရန် ကိစ္စများကို ဆွေးနွေးခဲ့သည်။
နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Her Majestry Queen Sirikit နှင့် ထိုင်းနိုင်ငံ တော်ဝင် မင်းသမီး Princess Bajrakitiyabha တို့ ကံတော် ကုန်လွန်ခဲ့ခြင်းအတွက် ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင် ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


