နိုင်ငံခြားရေးဝန်ကြီးဌာန တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၃

ဝန်ထမ်းများစည်းလုံးညီညွှတ်ရေး၊ ပျော်ရွှင်စွာဖြင့်ပူးပေါင်းဆောင်ရွက်ရေး မြန်မာ့ရိုး ရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲ ၃နာရီတွင် အဆိုပါဝန်ကြီးဌာန မော်တော်ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ထမနဲထိုးပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ဒုတိယ ဝန်ကြီး ဦးလွင်ဦး၊ သံအမတ်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

အဆိုပါထမနဲထိုးပြိုင်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများက စည်ကားသိုက် မြိုက်စွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း စည်းမျဉ်း စည်းကမ်း၊ အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ ယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများကို  အမှတ်ပေးဒိုင်အဖွဲ့က အမှတ်ပေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီ စိစစ်အကဲဖြတ်အမှတ်ပေးကြရာ ဦးစီးဌာန(၈)ခုမှ ပြိုင်ပွဲအသင်း ၈ သင်း အနက် ပထမဆုကို နိုင်ငံရေးရာဦးစီးဌာနကလည်းကောင်း၊ ဒုတိယဆုကို စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာနက လည်းကောင်း၊ တတိယဆုကို သံတမန်ရေးရာဦးစီးဌာနက လည်းကောင်း ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က ပထမဆုရရှိသည့်အသင်းကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြန်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဒုတိယဆုရရှိသည့်အသင်းကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ညွှန်ကြားရေးမှူးချုပ်များက တတိယဆု ရရှိသည့်အသင်းနှင့် နှစ်သိမ့်ဆုရရှိသည့်အသင်းများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ညနေပိုင်းတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်