နေပြည်တော် ဒီဇင်ဘာ ၃
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားသမားများ အောင်နိုင်ရေးအလံ၊ အားကစား ပစ္စည်းများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ညနေ၄နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီးဉီးလွင်ဉီးနှင့် ဉီးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ အားကစားအသင်း ခေါင်းဆောင်များနှင့် အားကစားမောင်မယ်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးဉီးလွင်ဉီးက အားကစားနည်းအလိုက် လေ့ကျင့်မှုနှင့် စိတ်ဓါတ်ခံယူ ချက်မြင့်မားရေး၊ ဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်၊ အားကစားသမားအချင်းချင်း စည်းလုံးညီညွတ်မှုရှိကြရန်၊ မိမိတို့ ဝန်ကြီးဌာနအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ကြရန် တိုက်တွန်းပြောကြားပြီး အားကစား သမားများကိုအောင်နိုင်ရေး အလံ ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများက အားကစားအသင်းများအလိုက် တာဝန်ခံ အရာရှိများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။ အမျိုးသားအားကစားပွဲတော်တွင်နိုင်ငံခြားရေးဝန်ကြီးဌာနကိုယ်စားပြု ဂေါက်သီးရိုက် အားကစား အသင်းနှင့် အမျိုးသား ဖူဆယ်ဘောလုံးအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


