ရန်ကုန် ၁၂ ဇန်နဝါရီ

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများ နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ  ၅  နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Rainbow Restaurant ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများအသင်း နာယက ဦးအုန်းဂျော်က အဖွင့် အမှာစကားပြောကြားသည်။

 

ထို့နောက်  ၀န်ထမ်းဟောင်းများအသင်း ယာယီဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အဖွဲ့ဝင် ဦးဉာဏ်ဝင်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

“နိုင်ငံခြားရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသောသူများသည် ပြည်တွင်းမှာပဲရှိရှိ၊ ပြည်ပမှာပဲရှိရှိ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းတင်မက ဇနီး၊ သားသမီး၊ ဝန်ထမ်းမိသားစုများပါ ဒီအဖွဲ့မှာ ပါသင့်တာကို အသိပေး အကြောင်းကြားပါတယ်။   နိုင်ငံခြားရေးဝန်ထမ်းဟောင်းများ အသင်းဟာ စည်းလုံးမှုကို ဦးတည်တာကြောင့် မိသားစုကိုပါ အသင်းဝင်အဖြစ် ဖိတ်ခေါ်ထားပါတယ်။ လက်လှမ်းမမှီတဲ့ ဝန်ထမ်းဟောင်းများနဲ့ မိသားစုများအနေနဲ့ နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ထမ်းဟောင်းများ အသင်းကို  ဆက်သွယ်ကြပါ” ဟု   ယာယီဥက္ကဋ္ဌ ဦးညွန့်ဆွေ က ပြောသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန သမိုင်းမပျောက်စေရန် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းဟောင်းများ၊  တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများ နီးကပ်မှုရှိစေရန်နှင့် ရင်းနှီးမှုရစေရန်အတွက် ရည်ရွယ်၍ အသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းဟောင်းများအသင်းကို ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းခွင့်ပြုခဲ့ပြီး အမှုဆောင်  ၈   ဦး၊ အသင်းသား  ၆၉ ဦး တို့ဖြင့် ဖွဲ့စည်းနိုင်ခဲ့ကာ အမှုဆောင်အသစ် ပြန်လည်ရွေးကောက်ခြင်းကို  မတ် ၁၇ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ အချုပ်အခြာအာဏာပိုင် နိုင်ငံမဖြစ်မီ၊ လွတ်လပ်ရေးမရမီ  ၁၀ လအလို ၁၉၄၇ ခုနှစ် မတ် ၁၇  ရက်တွင် တာဝန်ယူဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

 

(သတင်းစဉ်)