နေပြည်တော် ၂၂ ဇွန်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် သည် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Datuk Zahairi Bin Baharim အား ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကန့်သတ်မှုများ၊ အလုပ် အကိုင်အခွင့်အလမ်း အခက်အခဲတို့ကြောင့် မလေးရှားနိုင်ငံ၌ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည့် မြန်မာနိုင်ငံသားများ ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရားဝင်သွားရောက်သူများဖြစ်စေ၊ တရားမဝင်သွားရောက်သူ များဖြစ်စေ ကူညီပံ့ပိုးပေးရန် တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် မလေးရှားနိုင်ငံသို့ ရောက်ရှိနေကြပြီး အခက်အခဲကြုံတွေ့နေကြရသည့် အထောက်အထားမဲ့ မြန်မာ နိုင်ငံသားများအား မြန်မာအစိုးရမှ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် မလေးရှားအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် နည်းလမ်းရှာဖွေလိုပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသားစိစစ်ပြီးသူများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity - C of I) ထုတ်ပေးသွား နိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသားများအား မလေးရှားအစိုးရမှ ဒဏ်ကြေးကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု ပေးစေလိုကြောင်း၊ မလေးရှားဘက်မှ ခွင့်ပြုပါက မြန်မာအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များစေလွှတ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူသွားရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားလိုကြောင်း ဆွေးနွေး ပြောကြားသည်။
မလေးရှား သံအမတ်ကြီး Mr. Datuk Zahairi Bin Baharim မှ မြန်မာအစိုးရ၏ မေတ္တာရပ်ခံ ချက်ကို မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဆက်လက် တင်ပြပြီး အကြောင်းပြန်ကြားပေးမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
(သတင်းစဉ်)


