နေပြည်တော် ၃၀ မတ်

 

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်သည်။

 

12745743222

 

အဆိုပါအစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များမှ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် အတွင်းရေးမှူး (၁)တာဝန် ယူထားသည့်အလျောက် ပြည်ပမှ (COVID-19) ကူးစက်ပြန့်ပွားမှုများ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဝန်ကြီးဌာနများအကြား ညှိနှိုင်းဆောင်ရွက်‌ပေးရေး၊ သံတမန်များအပါအဝင် နိုင်ငံခြားသားများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအရေးကိစ္စများ ကူညီပံ့ပိုးပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အမျိုးသားအဆင့် ဗဟိုကော်မတီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ရမည့် အစီအမံများအား အချိန်နှင့်တစ်ပြေးညီ တစ်ဆင့်ပြီးတစ်ဆင့်  အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေးဦးစွာ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားသည့်နိုင်ငံများမှ လာရောက်မည့် ခရီးသွားများအတွက် ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်မှုများ ထုတ်ပြန်ခြင်း၊ ဆိုက်ရောက်ဗီဇာ(VOA)နှင့် အီလက်ထရောနစ်ဗီဇာ(E-Visa) ထုတ်ပေးမှုရပ်ဆိုင်းခြင်း၊ မည်သည့်နိုင်ငံခြားသားမဆို (COVID-19) ကင်းရှင်းကြောင်း ဆေးလက်မှတ်ပါမှ ဝင်ခွင့်ပြုခြင်း၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ဝင်ဗီဇာဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ရပ်ဆိုင်းခြင်းစသဖြင့် အဆင့်ဆင့်တားဆီး ပိတ်ပင်မှုနှင့် ကန့်သတ်မှုများ ပြုလုပ်ခဲ့ပြီးနောက် နောက်ဆုံးအခြေအနေအရ မတ် ၂၈ ရက်မှစ၍ ပြည်ပမှ ပြည်တွင်းသို့ ရောဂါကူးစက်မှု အန္တရာယ်မှ တားဆီးဟန့်တားနိုင်ရေးအတွက် ပြည်ဝင်ဗီဇာထုတ်ပေးခြင်းကို လုံးဝရပ်ဆိုင်းခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ဆက်လက်၍လည်း နိုင်ငံတကာမှ ကာကွယ်၊ ထိန်းချုပ် ကုသရေး အစီအမံများကို မျက်ခြေမပြတ် စောင့်ကြည့်၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမည့် အစီအမံများကို အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြအကြံပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာပင် နိုင်ငံတကာဆက်ဆံရေးရှုထောင့်မှ စဉ်းစားသုံးသပ်လျက် ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် အစီအမံများကိုထိရောက်စွာ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအခြေစိုက် သံတမန်များနှင့် ကုသလမဂ္ဂ ဝန်ထမ်းများအားလည်း (COVID-19) နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့် အစီအမံများ၊ ၎င်းတို့သိရှိလိုသည့် အချက်များအား စဉ်ဆက်မပြတ် အသိပေးရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့ဝန်ကြီးဌာနအတွင်း ဝန်ထမ်းများ၏ကျန်းမာရေးအတွက် ရောဂါကာကွယ်ရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုများ တိုးမြှင့်ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ဝန်ထမ်းတစ်ဦးချင်းစီမှ တိတိကျကျလိုက်နာ ဆောင်ရွက်ရန်၊ မိမိတို့၏ မိသားစုများ၊ မိမိတို့ရုံး၏ လူမှုအသိုက်အဝန်းကိုလည်း လက်ဆင့်ကမ်းအသိပညာပေးမှုများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ လုပ်ငန်းအဖွဲ့ကော်မတီဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က  အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများနှင့် (COVID-19) ရောဂါပြန့်ပွားမှုနှင့်အတူ ဖြစ်ပေါ်လာသော စီးပွားရေးဂယက် ရိုက်ခတ်မှုများကြောင့် နိုင်ငံအလိုက် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု အခြေအနေ၊ စီမံဖြေရှင်း ဆောင်ရွက်လျက်ရှိသည့် အစီအမံများနှင့်စပ်လျဉ်း၍ လေ့လာသုံးသပ်၍ မြန်မာနိုင်ငံအနေဖြင့် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည့် အစီအမံများအား အမျိုးသားအဆင့် ဗဟိုကော်မတီသို့ စုစည်းတင်ပြရေး၊ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သော နိုင်ငံခြား အကူအညီများရရှိရေးအတွက် သက်ဆိုင်ရာ သံရုံးများ၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသာ နိုင်ငံခြားသားများအား ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ထွက်ခွာရေးအစီအစဉ်များ ဆောင်ရွက်ပေးရာတွင် လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်ရရှိရေး အပါအဝင်လိုအပ်သည့် အကူအညီများပံ့ပိုးပေးရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်မိသားစုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာစေရန်အတွက် အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ အသိပညာပေးခြင်း၊ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပစ္စည်းများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ရေး၊ လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် စနစ်ကျသည့် အစီအမံများ ချမှတ်ရေးတို့ကို ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်