တာချီလိတ် ၂၃  နိုဝင်ဘာ 

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နယ်စပ် ဝင်ပေါက်မှတစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ အဆက်မပြတ် ဝင်ရောက်လည်ပတ်လျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ နေ့ချင်းပြန်၊ ညအိပ်ခရီးစဉ်နှင့် ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသားများအပါအဝင် စုစုပေါင်း ၂၆၃၂၇ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ တာချီလိတ်ရုံးမှ သိရသည်။

 

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုဝင်ဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၃ ရက်အထိ တာချီလိတ် နေ့ချင်းပြန်နှင့် ညအိပ်ခရီးစဉ် ထိုင်းနိုင်ငံသား ၂၄၈၉၁ ဦး၊ တတိယနိုင်ငံသား ၁၈၀၊ ကျိုင်းလပ်မြို့ နေ့ချင်းပြန် ခရီးစဉ်သို့ ထိုင်းနိုင်ငံသား ၆ ဦး၊ မိုင်းဖုန်းနေချင်းပြန်ခရီးစဉ်သို့ ထိုင်းနိုင်ငံသား ၁၀ ဦး၊ မိုင်းဖြတ်မြို့နှင့် ကျိုင်းတုံမြို့ ခရီးစဉ်သို့ ထိုင်းနိုင်ငံသား အများစုပါဝင်သည့် တတိယနိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၄၂၇ ဦး၊ ပြည်တွင်းခရီးစဉ်သို့ ဗီဇာဖြင့် (ဗီဇာကင်းလွတ်ခွင့်ရ) နိုင်ငံသား အပါအဝင် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် ၈၁၃ ဦးတို့ ဝင်ရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ခရီးသွားဧည့်သည်များသည် နေ့ချင်းပြန်ခရီးစဉ်တွင် တာချီလိတ်မြို့ရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၊ ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေး၊ ရွှေတိဂုံစေတီတော်၊ မြို့နယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်းတိုက်၊ ကိုးမြို့ရှင်နတ်နန်း၊ ပဒေါင်ကျေးရွာ၊ အာခါဈေး၊ ကွမ်ရင်မယ်တော်နှင့် တရုတ်ဘုံကျောင်း၊ မိုင်းလင်းဆရာတော်ကျောင်း၊ လန့်တောင်းနှီးဘုရား၊ ရှေးဟောင်းတန်ခိုးကြီး စေတီပုထိုးများ၊ ရှမ်း၊ အာခါ၊ လားဟူ တိုင်းရင်းသားကျေးရွာများသို့ လည်ပတ်ခဲ့သည်။ 

 

741uujjkk

 

ညအိပ်ခရီးစဉ်အဖြစ် မိုင်းဖြတ်မြို့ရှိ  မြတ်စွာဘုရား ခြေတော်ရာစေတီ၊ သမိုင်းဝင်ဆုတောင်းပြည့် စွန်တောင်းစေတီ၊ ဘီလူးရှာ၊ ကျိုင်းတုံမြို့အဝင် ပန်ကွဲတောင်ရှိ ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိဘုရား၊ ရပ်တော်မူဘုရား၊ ဟိုခုံကျောင်း၊ စွန်တောင်းစေတီ၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ ကျော့မ်ဆရီစေတီ၊ ပါလျန်ကျောင်း၊ သစ်တစ်ပင်တောင်၊ နောင်တုံကန်၊ ကမ္ဘာအေးစေတီ၊ လွယ်မွေဒေသ၊ စံပြယန်းလောကျေးရွာ၊ ကိုးထပ်ရေတံခွန်နှင့် ပင်းတောက်ရေတံခွန် စသည့် အထင်ကရ နေရာများသို့ သွားရောက်ကာ ဘုရားဖူးခြင်း၊ ရေမြေတောတောင် သဘာဝအလှ ရှုခင်းများနှင့် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဗဟုသုတအဖြစ် ကိုယ်တိုင်လေ့လာ သိရှိခံစားမှုအပြင် တာချီလိတ်မြို့မှ လေယာဉ်ခရီးစဉ် တိုက်ရိုက်ပျံသန်းသည့် မြို့များဖြစ်သော ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုးမြို့များမှတစ်ဆင့် ပြည်တွင်းရှိ အထင်ကရဒေသများသို့ ဝင်ရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

 

963311jjj

 

တာချီလိတ် နယ်စပ်ဝင်ပေါက်မှ ၂၀၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ နိုဝင်ဘာ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသား နေ့ချင်းပြန်ခရီးသည် စုစုပေါင်း ၆၂၈၉၂၄ ဦး၊ မိုင်းဖြတ်နှင့် ကျိုင်းတုံခရီးစဉ်အဖြစ် ခရီးသည် ၆၅၉၅ ဦး၊ တာချီလိတ်မြို့မှ ဗီဇာဖြင့် ပြည်တွင်းပိုင်း ခရီးစဉ်သို့ ၉၈၄၃ ဦး စုစုပေါင်း ၆၄၅၃၆၂ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး(တာချီလိတ်)