နေပြည်တော် ၃ စက်တင်ဘာ

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို စက်တင်ဘာလ ၂ ရက်၊ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြှုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများဟူ၍ အမျိုးအစား (၄)မျိုးခွဲခြား သတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကျင့်သုံးခွင့်ပြု ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီ ဖြစ်စေရေးအတွက် လုပ်ငန်းကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယခုလည်း ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးဖြစ်သည့် ယခင်လူတွေ့ စစ်ဆေးခံရန် ကျန်ရှိသူ (၃) ဦး အပါအဝင် နိုင်ငံခြားသား(၂၀)ဦးအား လူကိုယ်တိုင်တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကဲဖြတ် အကြံပြုဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းတာဝန်ခံက နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှ စိစစ်ပြီးသူများအား လူတွေ့မေးမြန်း အကဲဖြတ်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များသည် လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြုဆုံးဖြတ်ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်မှ ယခုအထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူ စုစုပေါင်း (၆၁၄)ဦးရှိသည့်အနက် (၅၄၇)ဦးအား ခွင့်ပြုပေးခဲ့ပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများ ထုတ်ပေးဆောင်ရွက်လျက်ရှိသည်။ 

ယခုအခါ ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအနက် ရင်းနှီးမြှုပ်နှံသူ (၁) ဦး၊ မြန်မာနိုင်ငံသားဟောင်း (၁၄) ဦး၊ ယင်းတို့နှင့် သွေးချင်းဆက်စပ်သူ (၅) ဦး စုစုပေါင်း နိုင်ငံခြားသား (၂၀)အား လူတွေ့မေးမြန်း အကဲဖြတ် အတည်ပြုဆောင်ရွက်မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်