ရန်ကုန်  ၂၄   ဧပြီ

 

မြန်မာနိုင်ငံ၊ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများတွင် နိုင်ငံခြားသားများအား အစုရှယ်ယာဝယ်ယူ ရင်းနှီးမြှုပ်နှံနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၂ ရက်မှစ၍ ခွင့်ပြုခဲ့ပြီးနောက် စတင်အရောင်းအဝယ်ပြုလုပ်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစ၍ တစ်လအတွင်း နိုင်ငံခြားသား ကိုးဦးက အစုရှယ်ယာပေါင်း ၇၀ဝ၀ ကျော်ကို ဝယ်ယူခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ နေ့စဉ်အရောင်းအဝယ် မှတ်တမ်းများအရ သိရသည်။

 

အဆိုပါ နိုင်ငံခြားသားကိုးဦးက ယခုနှစ်မတ် ၂၃ ရက်မှ ဧပြီ ၂၂ ရက်အထိ FMI ကုမ္ပဏီတွင် ရှယ်ယာအစုရှယ်ယာ ၂၅၁၅ စုနှင့် သီလဝါအထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ MTSH တွင် အစုရှယ်ယာ ၅၃၂၉စု အထိ ရန်ကုန်စတော့အိတ်ချိန်း၏ နေ့စဉ် ရှယ်ယာအရောင်းအဝယ် ဈေးကွက်မှတစ်ဆင့် ဝင်ရောက်ဝယ်ယူထားကြကြောင်း YSX တွင်ကြေညာထားသည်။

 

"မတ်လ ၂၃ ရက်ကစပြီး နိုင်ငံခြားသားကိုးယောက်ကို အရောင်းအဝယ်လုပ်နေပါတယ်။ ပြည်တွင်းနေသူပဲဖြစ်ဖြစ်၊ ပြည်ပမှနေတဲ့နိုင်ငံခြားပဲဖြစ်ဖြစ် ခွင့်ပြုလိုက်တာပါ။ ငွေချေးသက်သေခံ လက်မှတ်စာရင်းက KBZ Securities နဲ့ MSEC Co Ltd. တို့က securities houses အနေနဲ့ စာရင်းဖွင့်ပေးပြီး securities account လာဖွင့်ရတာပါ။ ဝယ်ယူသူတွေကတော့ ဂျပန်၊ ကိုရီးယား၊ ဂျာမနီနဲ့ မလေးရှားနိုင်ငံတွေကဖြစ်ပါတယ်။ ဂျပန်ကအများဆုံးပါ" ဟု ရန်ကုန်တိုင်းဒေသကြီးမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှူဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း ကပြောသည်။

 

ဧပြီ ၂၃ ရက်တွင် အစုရှယ်ယာကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများမှာ FMI ကုမ္ပဏီ ကျပ် ၁ဝ,ဝဝဝ၊ MTSH ကုမ္ပဏီ ကျပ် ၃,၆၅ဝ၊ မြန်မာနိုင်ငံသားဘဏ်  MCB ကုမ္ပဏီ ကျပ် ၈,၃ဝဝ၊ ပထမပုဂ္ဂလိကဘဏ် FPB ကုမ္ပဏီ ကျပ် ၂၁,၅ဝဝ နှင့် TMH တယ်လီကွန်းဝန်ဆောင်မှု ကုမ္ပဏီသည် ကျပ် ၂,၈ဝဝ အသီးသီး ရှိနေသည်။

 

ကိုဗစ်-၁၉ တုံ့ပြန်ရေးကာလအတွင်း မြန်မာ့စတော့ရှယ်ယာဈေးကွက်မှာ အနည်းငယ် ကျဆင်းခဲ့သော်လည်း နိုင်ငံ၏ GDP နှင့်တွက်ပါက နည်းပါးနေသဖြင့် ထိခိုက်မှု အနည်းငယ်သာရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

သန့်ဇင်ဝင်း