ရန်ကုန် ဩဂုတ် ၂၉
သဘာဝရေပြင်များမှထွက်ရှိသည့် ငါးရှဉ့်များ မျိုးဆက်ပြတ်လပ်မှုမရှိစေရန် ကန်စနစ်မွေးမြူမှုထက် သဘာဝတွင်မွေးမြူပါက ပိုမိုရှင်သန်ပွားများနိုင်မည့် သုတေသနစမ်းသပ်မှုကို တွေ့ရှိထားပြီး အောင်မြင်သော မွေးမြူမှုရလဒ်ကောင်းများ ရရှိနိုင်ရန် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၌ သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
မိုးရာသီတွင် ငါးရှဉ့်များသားပေါက်၍ အများဆုံးထုတ်လုပ်တင်ပို့လေ့ရှိပြီး သဘာဝမှ ဖမ်းဆီးရမိသောငါးရှဉ့်များကို အရွယ်အစားခွဲခြားမှုမရှိဘဲ ရောင်းချမှုကြောင့် ငါးရှဉ့်မျိုးဆက် ပြတ်လပ်မှုကို ကြိုတင်ကာကွယ်နိုင်ရန် ဖမ်းဆီးရောင်းချသူများအား ဒိုင်များက အသိပညာပေးခြင်း၊ သဘာဝအတိုင်းဖမ်းဆီးရာတွင် ငါးရှဉ့်သားပေါက်များကို ပြန်လည်လွှတ်ပေးခြင်း၊ ကန်လှောင်မွေးမြူမှုထက် သဘာဝတွင်မွေးမြူသောစနစ်ကို တွင်ကျယ်စွာလုပ်ဆောင်ခြင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန် နည်းပညာဖြန့်ဝေပေးခြင်းတို့ကို ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“မြန်မာ့ငါးရှဉ့် မျိုးဆက်ပြတ်လပ်မှုမရှိအောင် ငါးရှဉ့်မွေးမြူမှုကို စမ်းသပ်လုပ်ဆောင်ပေမယ့် နည်းစနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေရှိနေပါတယ်။ နောက်တစ်ခုက သဘာဝမှာမွေးမြူတာက ရှင်သန်နှုန်းပေါက်ပွားနှုန်း ကောင်းမွန်တာကို သုတေသနပြု ရထားတာရှိပါတယ်။ နှစ်စဉ် သဘာဝမူရင်းဒေသမှာရှိနေတဲ့ ငါးရှဉ့်ပေါက်တွေ သန်းနဲ့ ချီပြီးဆုံးရှုံးနေရာမှာ သိန်းဂဏန်းပဲ သဘာဝမှာမွေးမြူသွားကြမယ်ဆိုရင် ဝယ်လိုအားရှိနေတဲ့ မြန်မာ့ငါရှဉ့်ရဲ့ အနာဂတ်ဟာ ငါးရှဉ့်တောင်သူတွေရဲ့ လူမှုစီးပွားကို အထောက်အပံ့ကောင်းရရှိစေမှာပါ”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အနာဂတ်တွင် ငါး၊ ပုစွန်နှင့် ရေထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် အားပေးမြှင်တင် ဆောင်ရွက်လျက်ရှိပြီး လယ် ငါးရှဉ့်သားဖောက်မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးလာရေးအတွက် ပညာရှင်များနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်ရန် တောင်သူနည်းပညာဆွေးနွေးပွဲများကို ကျင်းပပေးလျက်ရှိသည်။
ထို့ပြင် လယ်ငါးရှဉ့်များကို မျိုးစိတ်ခွဲခြားခြင်း၊ မျိုးငါးရှဉ့်ရွေးချယ်ခြင်း၊ ဆေးထိုးသားဖောက်ပြုလုပ်ခြင်း၊ မွေးမြူနိုင်ရန် ပြင်ဆင်ဆောင်ရွက်ခြင်း၊ ငါးရှဉ့်သားပေါက်စု ဆောင်းခြင်းနှင့် ထိန်းသိမ်းခြင်း၊ မတူညီသော ဟော်မုန်းဆေးများဖြင့် ဆေးထိုးသားဖောက်၍ ဥချသားပေါက်မှုအပေါ် အကျိုးသက်ရောက်မှုကို လေ့လာခြင်း၊ လယ်ငါးရှဉ့်မျိုးစိတ်များ မျိုးပွားမှုဆိုင်ရာ ဇီဝဗေဒကို အခြေခံ၍ သားပေါက်ရာသီ၊ မြေဆီလွှာနှင့် မျိုးပွားမှုတို့ကို ပညာရှင်များ၊ သုတေသီများနှင့် ဆွေးနွေးအကြံပြုခြင်းနှင့်အတူ နိုင်ငံတော်ကချမှတ်ထားသည့် မွေးမြူရေး ရေလုပ်ငန်း သုတေသနဆိုင်ရာ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးရှဉ့်ပါးမွဲကို ကမ္ဘာ့နိုင်ငံ ၁၈ နိုင်ငံသို့ နှစ်စဉ်တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိလျက်ရှိပြီး ယမန်နှစ်က မြန်မာနိုင်ငံမှ ပြည်ပသို့ မြန်မာ့ငါးရှဉ့်တန်ချိန် ၁၃၀၀၀ ခန့် တင်ပို့နိုင်ခဲ့၍ ပြည်ပဝယ်လိုအားနှင့်အညီ တင်ပို့နိုင်ရန် အသင့်ရှိနေသည့်အတွက် ရေသယံဇာတကြွယ်ဝသော မြန်မာနိုင်ငံအနေဖြင့် ရေထွက်ကုန်များ အနာဂတ်ကာလတွင် တိုးမြှင့်ထုတ်လုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရေရှည်တွင် မြန်မာ့ငါးရှဉ့် မျိုးဆက်ပြတ်လပ်မှုမရှိစေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကအသင်းအဖွဲ့များ လက်တွဲ၍ ဆောင်ရွက်လျက်ရှိပြီး ကန်လှောင်မွေးမြူမှုထက် သဘာဝမူရင်းဒေသတို့တွင် မွေးမြူပါက ပိုမိုရှင်သန်ထုတ်လုပ်နိုင်မှုကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သုတေသန ပြုတွေ့ရှိထားကြောင်း သိရသည်။
ဓာတ်ပုံ- ကနူး
ညိမ်းသူ(သတင်းစဉ်)


