နိုင်ငံကြီးသားအမည်ရှိ ရုပ်ရုင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းအချို့ နေပြည်တော်တွင် လာရောက်ရိုက်ကူး

နေပြည်တော် ၁၂ ဇူလိုင်

ဇာတ်ညွှန်း ကိုမြတ်ဆွေ ပုံဖော်ရေးသားပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)  ရိုက်ကူးသည့်  “နိုင်ငံကြီးသား” အမည်ရှိ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရွှေသပြေလမ်း၊ မိုးသောက်ပန်းလမ်းနှင့် စန္ဒာလမ်းကြားရှိ ခြံကွက်အမှတ် ၁၀ဝ၁၊ ၁၀ဝ၂၊ ၁၀ဝ၃ နှင့် ၁၀ဝ၄ ရှိ နေအိမ်၌ ရိုက်ကူးလျက်ရှိသည်။

အဆိုပါ နိုင်ငံကြီးသားအမည်ရှိ ရုပ်ရုင်ဇာတ်လမ်းတွင် ရုပ်ရုင်သရုပ်ဆောင် နေတိုး၊ ထွန်းထွန်း၊ မင်းမော်ကွန်း၊ ဇင်ဝိုင်း၊ နေထက်လင်း၊ နေမျိုးအောင်၊ မင်းသွေး၊ နေရဲ၊ မိုးယံဇွန်၊ အွန်ဆိုင်းနှင့် ရွှေသမီးတို့က ဦးဆောင်ရိုက်ကူးပြီး အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်ကြောင်း၊ အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာစတီးလ် (ဒွေးမေတ္တာ) က  “နေပြည်တော်ရဲ့လမ်းတွေပေါ်မှာ အမှိုက်တွေစွန့်ပစ်ထားတာ မတွေ့ရပါဘူး။ သန့်ရှင်းသာယာလှပတယ်။ ဟိုတယ်အခန်းခတွေကလည်း တခြားမြို့တွေထက်စာရင် သက်သာတယ်၊ ရုပ်ရှင်ရိုက်ရင် အထူးသင့်လျော်တယ်လို့ ယူဆတဲ့အတွက် လာရောက်ရိုက်ကူးရခြင်း ဖြစ်ပါတယ်။

“ဒီနေ့ ဒီအိမ်မှာရိုက်မယ်။ ဒါပြီးရင် နေပြည်တော်က လမ်းမကြီးတွေပေါ်မှာ ဆက်လက်ရိုက်ကူးမယ်။ ဒီဇာတ်လမ်းက ရဲအရာရှိနှစ်ဦးရဲ့ တရားဥပဒေကို လေးစားလိုက်နာခဲ့တဲ့အကြောင်းကို ရိုက်ကူးတာဖြစ်ပါတယ်”ဟု ပြောသည်။

ဒါရိုက်တာစတီးလ်က အဆိုပါဇာတ်ကားရိုက်ကူးရခြင်း၏ ရည်ရွယ်ချက်နှင့် ဇာတ်လမ်းဇာတ်ကွက် သဘောတရားကိုလည်း ဆက်လက်ရှင်းပြသည်။

“ဒီဇာတ်ကားရိုက်ရတဲ့ ရည်ရွယ်ချက်တွေကတော့ တိုင်းပြည်အပေါ် သစ္စာရှိစေဖို့၊ လူမျိုးမရွေး၊ အသက်ကြီးငယ်မရွေး တရားဥပဒေကို ပိုမိုလေးစားလိုက်နာစေဖို့၊ နေပြည်တော်ရဲ့ သာယာလှပသလိုမျိုး အခြားမြို့တွေကိုလည်း စံနမူနာယူစေဖို့၊ နေပြည်တော်လိုမျိုး ကျန်မြို့တိုင်းသာ သာယာလှပမယ်ဆိုရင် ကျွန်တော်တို့တိုင်းပြည်ကြီး ပိုမိုချစ်မြတ်နိုးဖို့ ကောင်းတယ်ဆိုတာတွေကို စံနမူနာယူစေချင်လို့၊ နောက်ထပ်ပြောရရင် နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် ဖန်တီးရာမှာ ရုပ်ရှင်ရိုက်ကူးတဲ့သူတွေကို ပံ့ပိုးပေးမယ်ဆိုတဲ့ သတင်းကိုလည်း ဖြစ်အောင်ကြိုးစားကြည့်ချင်လို့ အပါအဝင် ကျွန်တော်သိတဲ့ အသိတစ်ခုကို ထပ်ဆင့်မျှဝေပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး နောက်ထပ် ၅ ရက်လောက် ကြာပါဦးမယ်။ နေပြည်တော်ရဲ့ သာယာလှပတဲ့ နေရာတိုင်း နီးပါးမှာ ဆက်လက်ရိုက်ကူးသွားဦးမှာဖြစ်ပါတယ်။

“ဇာတ်လမ်းရဲ့သဘောတရားက လုပ်ရပ်အမှားလုပ်နေသူတွေ ရပ်တန့်သွားစေဖို့၊ မှားနေတာကို မှန်ပါတယ်လို့ ထောက်ခံမယ့်အစား မှားနေတဲ့သူကို ဝိုင်းပြီးဆွဲထုတ်ပြရဲစေဖို့၊ မှားတဲ့သူကလည်း မှားပါတယ်လို့ ဝန်ခံတတ်စေဖို့ဆိုတဲ့ ရသတွေကို ပေးသွားမယ့် ဇာတ်လမ်းဇာတ်ကွက်မျိုးဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

သရုပ်ဆောင်ဇင်ဝိုင်းက “နေပြည်တော်မှာ ရိုက်ကူးဖို့ ကျွန်တော်တို့က တိုက်တွန်းပါတယ်။ ဒါရိုက်တာကလည်း နေပြည်တော်မှာပဲ ရိုက်ချင်တယ်။ ဒါနဲ့ပဲ နေပြည်တော်မှာ ရိုက်ကူးကြတာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့တွေကို ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင်နဲ့ ဌာနဆိုင်ရာတွေက ဝိုင်းဝန်းကူညီကြပါတယ်။ နေပြည်တော်ရိုက်ကွင်းတွေက ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေအတွက်လည်း အသစ်အဆန်းဖြစ်မယ်၊ ပရိသတ်ကိုလည်း ရိုက်ကွင်းအသစ်အဆန်းတွေကို တင်ပြနိုင်မှာဖြစ်ပါတယ်။ သက်သောင့်သက်သာလည်း ရိုက်ကူးနိုင်အောင် ကြိုးပမ်းနေကြခြင်း ဖြစ်ပါတယ်။

“ရုပ်ရှင်ရိုက်ကူးဖို့ဆိုတာ၊ ရုပ်ရှင်လောကသား အများစုလာဖို့ဆိုတာ တည်းခိုနေထိုင် စရိတ်တွေ၊ စားသောက်စရိတ်တွေ သက်သာဖို့လိုပါတယ်။ ရိုက်ကူးမယ့် ရိုက်ကွင်းတွေ အဆင်ပြေပြေ ရိုက်ကူးနိုင်ဖို့လိုအပ်ပါတယ်” ဟု ပြောကြားသည်။

သရုပ်ဆောင် မင်းမော်ကွန်းက “ဒါရိုက်တာတွေ၊ ထုတ်လုပ်သူတွေက “နိုင်ငံကြီးသား” ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်မင်းသားတွေ အများကြီးနဲ့ ရိုက်ကူးဖို့ ရည်ရွယ်ချက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်ကို ပါဝင်စေချင်တဲ့အတွက် ကျွန်တော်ကလည်း ကျွန်တော်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကို နှစ်သက်တယ်၊ သရုပ်ဆောင်ရမယ့် အနေအထားကလည်း အခြားဇာတ်ကားတွေနဲ့ မတူပါဘူး။ အပြောင်းအလဲလည်းဖြစ်တာကြောင့် ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရခြင်း ဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုဇာတ်ကားမျိုးက ရိုက်ကူးခွင့်မရတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ နေပြည်တော်မှာ အိမ်ကြီးအိမ်ကောင်းတွေရှိတယ်၊ လမ်းတွေကလည်း သန့်ရှင်းသပ်ရပ် ကျယ်ပြန့်တယ်၊ ရန်ကုန်လောက်လည်း မော်တော်ယာဉ်တွေ ရှုပ်ထွေးခြင်းမရှိပါဘူး၊ ဒီဇာတ်ကားကတော့ အခြားဇာတ်ကားတွေနဲ့မတူညီတဲ့ ရသအသစ်တစ်ခု ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောပြသည်။

နေပြည်တော်တွင် စူပါစတားရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးသည့် “ကြီးမြတ်သောမာတာ” ဇာတ်လမ်းတွဲကို ဇူလိုင် ၅ ရက်မှ ၈ ရက်အထိ ရိုက်ကူးခဲ့ကြောင်း၊ Aung Pyi Entertainment က ထုတ်လုပ်၍ ဇာတ်ညွှန်း ထက်မြက်နိုင်ဇင် ရေးသားပုံဖော်ပြီး ဇာတ်လမ်းနှင့် ဒါရိုက်တာ မင်းခိုက်စိုးစံ၏ Hospital Diary ဇာတ်လမ်းတွဲကိုလည်း  ရိုက်ကူးသွားရန်ရှိကြောင်း သိရသည်။

ကြီးမြတ်သောမာတာ ဇာတ်လမ်းတွဲတွင် ဦးမောင်မောင်မြင့်၊ အေးချမ်းမောင်၊ မို့မို့မြင့်အောင်နှင့် နန်းရွှေရည်တို့ ပါဝင်သရုပ်ဆောင်ထားပြီး Hospital Diary ဇာတ်လမ်းတွဲတွင် အောင်မြင့်မြတ်၊ စွမ်းထက်၊ မြတ်သူအောင်၊ သူရထူးနှင့် နွယ်ဒါလီထွန်းတို့ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

ပြည်ပနိုင်ငံများစွာတွင် ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ယင်းနိုင်ငံများ၏ အမည်ထင်ရှားကျော်ကြားသကဲ့သို့ နေပြည်တော်၌ ခေတ်မီရုပ်ရှင်စတူဒီယိုများ၊ ရုပ်ရှင်သင်တန်းကျောင်းနှင့် ရုပ်ရှင်ရုံများပါဝင်သည့် ရုပ်ရှင်နယ်မြေ (Entertainment City) ပေါ်ထွန်းလာစေရေး ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော် စီစဉ်ဆောင်ရွက်လျက်ရှိရာ ခေတ်မီရုပ်ရှင်စတူဒိယိုများ ဆောက်လုပ်နိုင်ခြင်းမရှိသေးမီ နေပြည်တော်ရှိ အချက်အခြာကျသော၊ ရှုခင်းကောင်းမွန်သော၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သော  အားသာချက်အပေါ် အခြေခံ၍ ယခုကဲ့သို့ ဒါရိုက်တာများက ရုပ်ရှင်ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ လာရောက်ရိုက်ကူးနေခြင်းဖြစ်သည်။

မင်းမင်းဇော် (သတင်းစဉ်)