နိုင်ငံကို ပြန်လည်ရှင်သန်နိုးကြား၊ ခွန်အားသစ်များ မွေးဖွားပေးသူ

 

မြင့်မြတ်

 

နိမ့်ပါးနေသည့် ကိုယ့်နိုင်ငံကို ပြန်လည်တွန်းတင်ပေးနိုင်သူ၊ ပြန်လည်နိုးထစေသူ၊ ခွန်အားသစ်များ ပြန်လည် မွေးဖွားပေးနိုင်သူ စသည်ဖြင့် ကမ္ဘာ့ခေါင်းဆောင်များစွာ ရှိကြပေမည်။

 

ယနေ့ ရုရှားနိုင်ငံတော်ကြီးတွင် သမ္မတ ဗလာဒီမာပူတင်လို ခေါင်းဆောင်မျိုးကို ဆန်းစစ်သုံးသပ်ကြည့်မိသည်။ အကြောင်းမှာ ရုရှားနိုင်ငံကိုယနေ့ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် မြင်ထား၍ဖြစ်သည်။ ယနေ့ ရုရှားနိုင်ငံကြီးသည် ပြိုကွဲသွားခဲ့သော ဆိုဗီယက်ပြည်ထောင်စုကြီးကို ပြန်လည်မွေးဖွားရာမှ ဖြစ်တည်လာ သောနိုင်ငံဖြစ်သည်။ တစ်ချိန်က လျှမ်းလျှမ်းတောက် မဟာအင်အားကြီး ဆိုဗီယက်ယူနီယံသည် ပြည်ပ ပယောဂအပါအဝင် ပြည်တွင်းအထွေထွေ ယိုယွင်းကျဆင်းမှု အမှားများစွာကြောင့် နိုင်ငံငယ်များ အဖြစ် အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားရသည်။ ပြည်ထောင်စုဝင်နိုင်ငံများ ခွဲထွက်ကုန်ပြီး အချို့နိုင်ငံများ အမေရိကန်ဘက်ယိမ်းကာ အချို့မှာ NATO အုပ်စုအဖွဲ့ဝင်များဖြစ်ကုန်ကြသည်။ ကမ္ဘာ့အင်အားကြီး အဖြစ်မှ ဆုတ်ယုတ်သွားပြီး စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အား အဘက်ဘက်မှ ချွတ်ခြုံကျသွားခဲ့ရသည့် ရုရှားနမူနာတစ်ခု အမှန်ရှိခဲ့ဖူးသည်။

 

ကေဂျီဘီ၊ ဝန်ကြီးချုပ်နှင့် သမ္မတအဖြစ်

 

ဤတွင် ဘက်စုံအင်အားနည်းသွားသော နိုင်ငံတော်ကြီးကို ကြည့်၍ ယခင်အမိပြည်ထောင်စုရှိ ညီအစ်ကိုနိုင်ငံများ အမေရိကန် ဩဇာခံဘဝ ရောက်သွားကြသည့်အဖြစ်ကို မချိတင်ကဲ ဝမ်းနည်းနှမြော တမ်းတဖြစ်ရသူက ယခုရုရှားဖက်ဒရေးရှင်း နိုင်ငံအကြီးအကဲဖြစ်နေသူ သမ္မတ ဗလာဒီမာပူတင်။ ယခင် အရှေ့ဂျာမနီတွင် စစ်ဘက် ကေဂျီဘီ ထောက်လှမ်းရေးအဖြစ် ဗိုလ်မှူးကြီးရာထူးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ နိုင်ငံပြိုကွဲပြီးနောက် နိုင်ငံရေးဘက်‌တွင် ဆင့်ခေါ်တာဝန်ပေးခြင်းခံခဲ့ရာမှစ၍ ယခုအခါ အသက် (၇၀) ရှိပြီဖြစ်သူ၊ ဘာသာရေးအပေါ် အလေးအနက် သက်ဝင်ယုံကြည်သူ ရုရှားခေါင်းဆောင်သည် ဝန်ကြီးချုပ်အဖြစ် ၁၉၉၉-၂၀၀၀ပြည့်နှစ်၊ ထိုမှ ၂၀၀၈-၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ သမ္မတအဖြစ် ၂၀၀၀-၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်မှ ယခုအချိန်အထိလည်းကောင်း တာဝန်ထမ်းဆောင်ဆဲ ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်းပိုင်ဆိုင်ထားသော စစ်ဘက်၊ နိုင်ငံရေး အုပ်ချုပ်ရေးဘက် အတွေ့အကြုံများစွာရှိခဲ့သည်ကို မှန်းဆနိုင်သည်။

 

စစ်ဆင်ရေးများဖြင့် ကျယ်ပြန့်လာသော နိုင်ငံတကာဆက်ဆံရေး

 

ရုရှားနိုင်ငံခေါင်းဆောင်အဖြစ် တာဝန်ယူရသူများသည် ၎င်းတို့၏ နိုင်ငံရေးသက်တမ်းတစ်လျှောက် ပြည်တွင်းပြည်ပ ဖိအားပေါင်းစုံဖြင့် အနိမ့်အမြင့် အတက်အကျများစွာ ရှိနိုင်သည်သာဖြစ်သည်။ သမ္မတပူတင်မှာလည်း ထို့အတူပင်။ သမ္မတ/ ဝန်ကြီးချုပ်အပေါ် ပြည်တွင်းရှိ လူထုသဘောထားဆန္ဒ ကောက်ယူချက်ရလဒ်များအရ အမြဲလိုလို အနိမ့်အမြင့် အတက်အကျရှိသည်ကိုတွေ့ရသည်။ အတွင်း၊ အပြင်ဖိအားများကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မှု၊ နိုင်ငံရေး တည်ငြိမ်မှု၊ နိုင်ငံကိုစည်းလုံးညီညွတ်အောင် ဆောင်ရွက်နိုင်မှု၊ စီးပွားရေးတိုးတက်မှုများအပေါ် အခြေခံ၍ အနိမ့်အမြင့် ရှိခြင်းဖြစ်သည်။

 

ပြည်သူများက သူတို့၏ ခေါင်းဆောင်အဖြစ်လည်းကောင်း၊ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး နိုင်ငံ‌ရေးခေါင်းဆောင်အဖြစ် လည်းကောင်း ဂုဏ်ယူအမွှမ်းတင်ခြင်းခံရသည့် ဗလာဒီမာပူတင်သည် နိုင်ငံရေးအရ ပြည်တွင်းအတိုက်အခံများ၏ ဆန့်ကျင်ဆန္ဒပြမှုများနှင့် ပြည်ပမှ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ရင်ဆိုင်ဖြေရှင်းနေရသည်က များသည်။ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသည့်ကြားမှ သူ၏ ပထမသမ္မတသက်တမ်းကာလအတွင်း မှန်ကန်သောစီးပွားရေးပြုပြင် ပြောင်းလဲမှုဖြင့် နိုင်ငံ၏စီးပွားရေးကို ယခင်ထက် ခုနစ်ဆတိုးတက်စေခဲ့သည်။ ဖက်ဒရယ်အောက်ရှိ ချေချင်းပြည်နယ်ခွဲထွက်မှုကို စစ်ဆင်နွှဲ၍ ဖြေရှင်းနိုင်ခဲ့သည်။ ဂျော်ဂျီယာနှင့် စစ်ပွဲတွင် အောင်မြင်မှုရခဲ့သည်။ ယူကရိန်းရှိ ခရိုင်းမီးယားကို ပြန်လည်သိမ်းသွင်းနိုင်ခဲ့သည်။ ဆီးရီးယားအစိုးရ၏ ဖိတ်ခေါ်ချက်အရ ဆီးရီးယားပြည်တွင်းစစ်တွင် အစိုးရကို ပုန်ကန်သူ သူပုန်များနှင့် ဂျီဟာဒ် စစ်သွေးကြွများကိုနှိမ်နင်းပြီး ဆီးရီးယားအစိုးရကို ကယ်တင်ပေးခဲ့သည်။

 

ယခုကာလမှာတော့ ယူကရိန်းအရှေ့ပိုင်းတွင် အကန့်အသတ်ဖြင့် တစ်စိတ်တစ်ပိုင်း အထူးစစ်ဆင်ရေးကြောင့် ရုရှားနှင့် အမေရိကန်၊ ရုရှားနှင့်နေတိုးအဖွဲ့အကြား ဆန့်ကျင်ဘက် စီးပွားရေး၊ နိုင်ငံရေး ပိတ်ဆို့ဟန့်တားမှုများဖြင့် တင်းမာမှုအရှိန်မှာ အဆိုးဆုံးအနေအထား တစ်ရပ်ကို သမ္မတပူတင် ရင်ဆိုင်နေရသည်။ ယခုလက်ရှိ ရလဒ်အနေ ဖြင့်တော့ ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားစကားပြော ရုရှားနွယ်ဖွားတို့ နေထိုင်ရာ ဒေသလေးခုကို ယူကရိန်းလက်အောက်မှ လွတ်မြောက်စေခဲ့ပြီး ရုရှားနိုင်ငံနှင့် တပေါင်းတစည်းတည်းဖြစ်အောင် ပြုလုပ်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

 

သူတို့၏အနာဂတ်အတွက် အကောင်းမြင်ပေးကြသည့်ပြည်သူများ

 

ရုရှားနိုင်ငံ၏ ဒီမိုကရေစီသည် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲအပြီး ရှင်သန်နိုးကြွလာသော ဒီမိုကရေစီ နိုင်ငံကြီးတစ်နိုင်ငံအဖြစ် ပုံဖော်ခြင်းခံခဲ့ရသော်လည်း သမ္မတပူတင်၏ ခေါင်းဆောင်မှုအောက်တွင် ယခင်အာဏာရှင်စနစ် ဒုံရင်းသို့သာ ပြန်ဆိုက်သွားပြီဟု ဝေဖန်မှုများ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ရုရှားပြည်သူများက သူတို့ ၏ခေါင်းဆောင်သည် ၂၀၁၀ ပြည့်နှစ်များမှစ၍ ယခုအချိန်အထိ သူတို့ကို လူနေမှုအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်ပေးနိုင်ခဲ့သူ၊ နိုင်ငံကိုကြီးပွားအောင် ဆောင်ကြဉ်းပေးနိုင်သူအဖြစ် အကောင်းမြင်ကြသည်။

 

ကမ္ဘာ့အလယ်တွင် ရုရှားနိုင်ငံကြီးကို တင့်တယ်သာယာစေသူ၊ ရှင်သန်နိုးကြားစေသူ၊ သူတို့အနာဂတ်ကို လှပစေမည့်သူတစ်ဦး အဖြစ်ဖြင့် အကဲဖြတ်ကြသည်။ ယခု ရုရှား - ယူကရိန်း ပဋိပက္ခကိုပင် ကြည့်ပါ၊ ရုရှားလူထု စစ်တမ်းကောက်ခံသူ ၇၁ ရာခိုင်နှုန်းက ရုရှားတို့ ယခုဆင်နွှဲ‌နေသော အထူးစစ်ဆင်ရေးကို ထောက်ခံကြကြောင်း တွေ့ရှိရသည်က သမ္မတပူတင်၏ လုပ်ရပ်အပေါ် ရုရှားပြည်သူများ၏ အကောင်းမြင် ထင်မြင်ချက်ကို ပြသခြင်းပင်ဖြစ်သည်ဟု ကောက်ချက်ချနိုင်သည်။

 

အဓိကဝေဖန်သူများမှာ ရုရှားနိုင်ငံသမိုင်းကို တလွဲသုတေသနပြုပြီး ရုရှားခေါင်းဆောင်ကို လျှော့တွက်လေ့ရှိသော အနောက်အုပ်စုမှ ဒီမိုကရေစီဗန်းပြ လစ်ဘရယ်များသာဖြစ်သည်ကို တွေ့ရသည်။ ထုံးစံအတိုင်း အနောက်အုပ်စုက သူတို့၏ ဆန့်ကျင်ဘက်များအပေါ် တွင်တွင်ကျယ်ကျယ် သုံးနှုန်းလေ့ရှိသည့် အတိုက်အခံများအားဖိနှိပ်မှု၊ ထောင်သွင်းအကျဉ်းချမှု၊ မီဒီယာဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လာဘ်စားမှု စသည့် လက်သုံးစကားများပင် ဖြစ်သည်။ သူတို့သည် သူတို့၏ ဆန့်ကျင်ဘက်များအပေါ် သုံးသပ်တွက်ချက်ရာတွင် အမှန်မမြင်နိုင်အောင် သတင်းအမှားများကို အခြေခံတွက်ချက်လေ့ ရှိကြသည်။ ယခုလည်း ရုရှား‌ခေါင်းဆောင်များအပေါ် အတွက်မှားမှုက ယူကရိန်းပြည်သူများအား ပေးဆပ်မှုကြီးကြီးမားမား ဖြစ်စေခဲ့ပြီး အနောက်အုပ်စုအတွက်ရော ရုရှားအပါအဝင် ကမ္ဘာကြီးအပေါ်မှာပါ မလိုလားအပ်သော ဆိုးကျိုးသက်ရောက်မှု များစွာရှိစေခဲ့သည်ကို တွေ့နေရသည်။

 

လက်တွေ့နှင့် ထင်ဟပ်၍ ပကတိမြင်ကွင်းကို ပုံဖော်နိုင်စွမ်းရှိသူ

 

ဗလာဒီမာပူတင်သည် ရုရှားနိုင်ငံတော်ကြီး၏ ပကတိပုံရိပ်ကို ထင်ဟပ်သူဟုမြင်မိသည်။ ဆိုဗီယက်ယူနီယံဘဝမှာ ရုရှားပြည်သူများ ဆင်းရဲခဲ့ကြသည်။ အစစအရာရာ ခေတ်နောက်ကျခဲ့ကြသည်။ ပြည်ထောင်စုကြီးပြိုကွဲသွားသည့်အခါ မူလနိမ့်ပါးသည့်အခြေအနေ အားလုံးက ပို၍ဆိုးရွားသည့် အခြေအနေဘက် ရောက်သွားသည်။ ပြည်သူများ လုံခြုံမှုကင်းမဲ့သလို ခံစားကြရသည်။ ပို၍ဆိုးသည်က လူငယ်များအနာဂတ်ပျောက်သွားသည်။ ထိုအရာများအားလုံး ဖြေရှင်းရမည့်တာဝန်သည် နိုင်ငံ့ခေါင်းဆောင်ဆိုသူများ၏ တာဝန်သာ ဖြစ်သည်။ ထိုစဉ်က တာဝန်ယူရမည့်သူသည် ဗလာဒီမာပူတင် ဖြစ်လာသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် နိုင်ငံအတွက် မဟာဗျူဟာကျကျ စဉ်းစားနိုင်စွမ်း ရှိရမည်ဖြစ်ပြီး အနာဂတ်အမြင်ကို လက်တွေ့နယ်ပယ်တွင် ရှင်းလင်းစွာ ပုံဖော်နိုင်မည့်သူဖြစ်ရပေမည်။ သို့ဖြစ်၍ ဤသို့သောအရည်အချင်းဖြင့် ပူတင်သည် ရုရှားနိုင်ငံတော် အတွက် သူ၏ အနာဂတ်အမြင် vision ကို ပြည်သူများက ပူးပေါင်း ပါဝင်ပံ့ပိုးပေးလာအောင် ပြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် ဩဇာ အရည်အချင်းကို အသုံးချသွားသည်ဟု မှန်းဆမိသည်။

 

ဤသည်မှာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော အရည်အသွေးတစ်ခုပင်မဟုတ်ပါလား။ ရုရှားခေါင်းဆောင်တွင် ခိုင်မာအားကောင်းသော စိတ်ပိုင်းဆိုင်ရာ အရည်အသွေး (strong mentality) နှင့် ကိုယ်ပိုင်စွမ်းအား (personal power) ရှိခြင်းက အန္တရာယ်များသော အခြေအနေများတွင်ပင် တာဝန်ကို ရဲရဲယူရဲပြီး တိကျမှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်စွမ်းရှိသည်ဟု မှတ်ချက် ပြုထားသည်ကိုလည်း လေ့လာမိသည်။ ထို့ပြင် သမ္မတပူတင်တွင် perceptive power ခံစားချက်မှ ကင်းလွတ်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်စွမ်းရှိကြောင်း ယခုလက်ရှိ ယူကရိန်းစစ်ဆင်နွှဲမှုကို လေ့လာ ၍ သုံးသပ်နိုင်သည်။ ဆန့်ကျင်ဘက်များ၏ ပုဂ္ဂလိကဆန်ဆန် အမနာပ တိုက်ခိုက်မှုများမှ ရှောင်ရှား၍ မိမိမူလရည်မှန်းချက်မပျောက် စေဘဲ လိုအပ်သလို စစ်ဆင်ရေးဆုံးဖြတ်ချက်များချမှတ်‌နေပုံကို ထောက်ရှု၍လည်း မှတ်ချက်ပြုခြင်းဖြစ်ပုံရသည်။

 

ယဉ်ကျေးမှုစံတန်ဖိုးနှင့် ပြည်သူ့အမြင်ကိုအခြေခံ၍ ဦးဆောင်သူ

 

ရုရှားခေါင်းဆောင်က သူတွေးသမျှသည် ရုရှားပြည်သူများ အတွက်ဖြစ်၍ အမြဲမှန်သည်ဟု ယူဆထားပုံလည်းရသည်။ သူ့ကိုယ်သူ ရုရှားပြည်သူများမှ ဆင်းသက်လာသူ၊ ရုရှားသွေးပါသူအဖြစ် တစ်သွေးတည်း တစ်သားတည်းခံယူ၍ ရုရှားပြည်သူအတွက်သာ အစဉ်မျက်နှာမူရှေးရှုထားသူဖြစ်သည်။ ပြည်သူတို့လိုချင်သည်နှင့် လိုအပ်ချက်အပေါ်အခြေခံ၍ ပန်းတိုင်တစ်ခုကို တိတိကျကျသတ်မှတ်ပြီး ပြည်သူနှင့်ခေါင်းဆောင်အကြား အပြန်အလှန်အထောက်အကူပြု ဟန်ချက်ညီ‌စွာဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြမည်ဟု ခံယူထား ပုံရသည်။

 

ပူတင်သည် နိုင်ငံအတွက် မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်ရာတွင် ရုရှားယဉ်ကျေးမှု၊ ရုရှားစံတန်ဖိုးနှင့် ရုရှားပြည်သူတို့၏ အမြင်များကို အခြေခံလေ့ရှိသည်။ ထို့ပြင် ဗလာဒီမာပူတင်ကို ရုရှားနိုင်ငံနှင့် ပူတင်၊ ပူတင်နှင့်ရုရှားဟူ၍ ခွဲ၍မရလောက်အောင်လည်း အစဉ်တွဲ၍မြင်ကြသည်။ အကြောင်းမှာ ပူတင်သည် ရုရှားလူ့အဖွဲ့အစည်း အားလုံးအပေါ် အချိန်ပြည့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းနှင့် နိုင်ငံကို အစဉ်ဦးဆောင်နိုင်စွမ်းရှိပြီး ဦးဆောင်ချင်စိတ်ရှိခြင်းက အဓိကဖြစ်မည် ထင်သည်။

 

ခေါင်းဆောင်မှု သဘောတရားအရ အစဉ်ဦးဆောင်နိုင်စွမ်းရှိခြင်း သည် မိမိကိုယ်မိမိတွန်းအားပေးနိုင်ခြင်း (self-driving )ကြောင့်ဖြစ် သည်။ တွန်းအားပေးနိုင်အောင်လည်း ဉာဏ်ပညာထက်မြက်မှု (wisdom) ရှိရန် လိုအပ်သည့်အပြင် စိတ်ပိုင်းရုပ်ပိုင်း ကျန်းမာသန်စွမ်းပြီး မိမိကိုယ်မိမိ ယုံကြည်မှုရှိခြင်း (self-confidence) ကလည်း တွန်းအားပေးနိုင်စွမ်းကို အထောက်အကူပြုနေကြောင်း တွေ့ရှိရမည် ဖြစ်သည်။

 

ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်ကျန်းမာပြီး မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိသူ

 

ရုရှားခေါင်းဆောင်ထံမှ နောက်ထပ်လေ့လာသင့်သည့် အရည်အသွေးများကား အဘယ်နည်း။ နိုင်ငံ့ခေါင်းဆောင် တစ်ဦးထံတွင် မရှိမဖြစ်ရှိရမည့်ခံယူချက်၊ အထူးသဖြင့် ရန်သူပတ်လည်ဝိုင်းနေသော နိုင်ငံ့ခေါင်းဆောင်ထံတွင် ရှိကိုရှိရမည့်စိတ်ဓာတ် နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်နှင့် ကိုယ့်လူမျိုးအပေါ် သစ္စာရှိစိတ်ပင်ဖြစ်သည်။ ထိုထိုစိတ်ဓာတ် မျိုးသည် ကိုယ့်လူမျိုး ဒုက္ခရောက်မည့်အရေး၊ သွေးမြေကျမည့်အရေးဆိုလျှင် ရင်ဆိုင်နိုင်သော စွမ်းရည် သတ္တိကိုဖြစ်စေသည်။ ဗလာဒီမာ ပူတင်လို ခေါင်းဆောင်မျိုးသည် ရုရှားလူမျိုးအားလုံးကို ပြီးပြည့်စုံစွာ ကိုယ်စားပြုသည်ဟု ခံယူထားသူလည်းဖြစ်ရာ ထိုခံယူချက်မျိုးရှိခြင်း သည် သူ့ပြည်သူနှင့် သူ့နိုင်ငံအပေါ် သစ္စာရှိရှိဖြင့် ချစ်မြတ်နိုးစိတ် ကြောင့်ပင်ဖြစ်သည်ဟု မှတ်ယူရပေမည်။

 

ရုရှားနိုင်ငံ၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ရုပ်ရည်သွင်ပြင် ဟန်ပန်ကိုယ်အမူအရာသည် ရုရှားနိုင်ငံတွင်းမှာ သာမက ပြင်ပကမ္ဘာမှာလည်း ဘရန်းဒ်တစ်ခုအဖြစ် ကျော်ကြားလှသည်ဟုဆိုသည်။ ကမ္ဘာ့စာပေမဂ္ဂဇင်းများတွင် အကောင်းဆုံးကမ္ဘာ့စွမ်းအားရှင်၊ လွှမ်းမိုး မှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ဖော်ပြခြင်းခံရဖူးသည်။ ကာယ အားပြု တိုက်ခိုက်လှုပ်ရှားရသော ဂျူဒို၊ ဟော်ကီ၊ ရွက်လှေကစားခြင်းများ၊ တောင်တက်ခြင်း၊ ကျား၊ ဝက်ဝံ စသည့်တိရစ္ဆာန်များနှင့် ယှဉ်ပြိုင်လှုပ်ရှားကစားခြင်းသည် ပူတင်၏ အနှစ်သက်ဆုံး အားကစားနည်းများ ဖြစ်သည်။ သူ၏ရုပ်ပိုင်းစိတ်ပိုင်း ကြံ့ခိုင်မှုမှတစ်ဆင့် ဖြစ်ပေါ်လာသော အကြောက်အလန့်ကင်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားခြင်း၊ ဩဇာတိက္ကမကြီးခြင်းစသော စွမ်းအားများသည် ရုရှားလူငယ်ထုကို အားကျဂုဏ်ယူဖွယ်ရာ စံပြုမော်ဒယ်တစ်ဦးနှယ်ဖြစ်စေသည်။

 

“Putinism”အဖြစ် သူ၏ ကျော်ကြားသောစကားလုံးများ၊ ဝေါဟာရများစွာရှိခဲ့သည်ကိုလည်း မှတ်သားဖူးသည်။ ထို့ပြင် သူ၏ ထင်ရှားကျော်ကြားမှုကို နိုင်ငံတကာက ဂုဏ်ပြုချီးမြှင့်သောဆုများ၊ ဘွဲ့များကလည်း ထပ်ဆင့်အ ရောင်တင်ပေးလျက် ရှိသည်ကို လေ့လာရသည်။ စစ်ဘက်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများအပြင် နိုင်ငံရေး သက်တမ်းတစ်လျှောက် နိုင်ငံတကာက ချီးမြှင့်သော အရပ်ဘက် ဆိုင်ရာဆု ၁၄ ခု၊ ဂုဏ်ထူးဆောင်ဘွဲ့ ရှစ်ခုနှင့် အခြားဘာသာရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာဆု သုံးခုရရှိခဲ့ခြင်းက သူ၏စစ်ဘက်၊ အရပ်ဘက် ထူးချွန်မှုအရည်အသွေးကို ပြသနေခြင်းပင်ဖြစ်သည်။

 

အာဏာရှင်အဖြစ် သမုတ်ကြသော်လည်း အကောင်းဆုံးပုံစံရနေသည့် ရုရှား

 

ရုရှားနိုင်ငံတော်ကြီး ချီတက်နေသောပန်းတိုင်သည် မည်သို့ပင်ဖြစ်စေ၊ သူတို့၏နိုင်ငံရေးပုံစံသည် အာဏာရှင်ပဲဆိုဆို၊ အပြစ်အနာ အဆာမကင်းသော ဒီမိုကရေစီဟုပင်ဆိုပါစေ သူတို့ခေါင်းဆောင်နှင့် ထိုပြည်သူများ၏ သဘောသဘာဝများ၊ ရုရှားနိုင်ငံကြီး၏ ထူးခြား ကျယ်ပြောသော ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေအနေများအရ ရုရှားနိုင်ငံ၏ ယခုလက်ရှိအနေအထားသည် အကောင်းဆုံးပုံစံတစ်ခုတွင် ရှိနေသည်ဟုသာ မိမိအမြင်တွင် မှတ်ယူပါသည်။ အတော်များများက ရုရှားခေါင်းဆောင်ကို အရေးအရာကိစ္စများစွာတွင် သက်ဦးဆံပိုင် ပုံစံ တစ်ဦးတည်း ဆုံးဖြတ်တတ်သည့် autocratic အာဏာရှင်တစ်ဦး အဖြစ်မြင်ကြသည်။ အမြင်ကျယ်ကာ ဉာဏ်ပညာကြီးမားပြီး အရာရာ စေ့စပ်နှံ့စပ်သူတစ်ဦးအနေဖြင့်သာ ပတ်ဝန်းကျင်မှ လူအများအပေါ် ကောင်းစွာထိန်းချုပ်၍ ဆုံးဖြတ်နိုင်စွမ်းရှိခြင်းဖြစ်မည်ဟု ယူဆသည်၊၊

 

သို့သော် ၎င်းအချက်ကို သူ့အတွက် အားသာချက် သို့မဟုတ် အားနည်းချက်တစ်ခုအဖြစ်လည်း မြင်နိုင်သည်။ အားနည်းချက် အဖြစ် မြင်လိုကမြင်နိုင်သည်မှာ မဟာရုရှားအိပ်မက်ရှိနေသူ ပူတင် အနေဖြင့် တစ်ခါတစ်ရံ သူ့လုပ်ဖော်ကိုင်ဖက်များအပေါ် ခြိမ်းခြောက်၍ လွှမ်းမိုးထိန်းချုပ်တတ်ခြင်းကြောင့် သူ့လုပ်‌ဖော်ကိုင်ဖက်များက မပျော်မရွှင်ဖြစ်ပြီး သူ့ကိုကြောက်ရွံ့သွားခြင်းပင်ဖြစ်သည်။ သို့‌သော် သူတို့ခေါင်းဆောင်အပေါ်မှာမူ ယုံကြည်မှုရှိကြသည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ ရုရှားနိုင်ငံသည် ယခုအခါ ကမ္ဘာကြီးကို အဆုံးအဖြတ် ပေးနိုင်စွမ်းရှိသော ထိပ်တန်းနေရာတစ်နေရာကို ရယူထားခြင်းဖြင့် အားကျဖွယ်ရာဖြစ်နေသည်။

 

ရုရှားနိုင်ငံ၊ ရုရှားခေါင်းဆောင်နှင့် ရုရှားပြည်သူများအတွက် တည်ငြိမ်မှု၊ စည်းလုံးမှု၊ ကြွယ်ဝတိုးတက်မှုမှာ အသင့်တော်ဆုံး အခြေအနေတစ်ရပ်တွင် ရောက်ရှိနေ‌သောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအတွက် အဓိက လိုအပ်ချက်များမှာလည်း ၎င်းအချက်များပင်ဖြစ်၍ မတည်ငြိမ်မှု ပရမ်းပတာနှင့် ဖရိုဖရဲအနေအထားကို မည်သူကမျှ လိုလားကြမည်မဟုတ်ဟု ယူဆပါသည်။ တိုးတက်ရန်အတွက် တည်ငြိမ်မှုမှာ အရေးကြီးဆုံးဖြစ်၍ လိုအပ်သလို ထိန်းချုပ်ခြင်း၊ တင်းကျပ်စွာ ကိုင်တွယ်ခြင်း စသည်တို့ကတော့ အတိုင်းအတာတစ်ခုအထိ ရှိနေရဦးမည်ဖြစ်သည်။

 

ရုရှားနိုင်ငံအနေဖြင့် သမ္မတ ဘောရစ်ယဲ့ဆင် နောက်ပိုင်းခေတ်မှာ ကြုံတွေ့ခဲ့ရသည့် ခါးသီးသော အဖြစ်အပျက်များနှင့်တကွ ခေါင်းဆောင် ပူတင်က ထိုစဉ်က ပြိုလဲနေသည့်နိုင်ငံကြီးအား ကယ်တင်ခဲ့ရသည့် အဖြစ်ကို မေ့ပျောက်နိုင်ကြဦးမည်မဟုတ်ပါ။ ခေါင်းဆောင်ကောင်းတို့ မည်သည်အကျပ်အတည်း ကာလများတွင် မိမိအတွေ့အကြုံများမှ သင်ခန်းစာထုတ်ယူပြီး ပြဿနာကို ခွဲခြမ်းစိတ်ဖြာကာ ဖြေရှင်းနိုင်စွမ်း ရှိရပေမည်။ ထိုစဉ်က ချေချင်းညာခေါင်းဆောင်တစ်ဦးဖြစ်သူ ရမ်ဇန်ကာ ဒီရော့ဗ်က ရုရှားခေါင်းဆောင်သည် သူ၏ရုရှားနိုင်ငံကိုသာ ကယ်တင် ခဲ့သည်မဟုတ်၊ ငါတို့ချေချင်းသမ္မတနိုင်ငံနှင့် ချေချင်းပြည်သူများကိုလည်း ကယ်တင်ပေးခဲ့သူဟု ထောက်ခံ ပြောဆိုခဲ့ဖူးသည်ကို ထောက်ချင့်ခြင်းအားဖြင့် ဗလာဒီမာပူတင်ဆိုသူသည် ပြည်တွင်း၊ ပြည်ပပြဿနာများကို‌ အောင်မြင်စွာ ဖြေရှင်းနိုင်သူ ခေါင်းဆောင် တစ်ဦးအဖြစ် အသိအမှတ်ပြုသင့်ကြောင်း သုံးသပ်မိသည်။

 

အချုပ်အားဖြင့် ဗလာဒီမာပူတင်ကို ရုရှားနိုင်ငံနှင့် ပြည်သူများအတွက် မရှိမဖြစ်ခေါင်းဆောင်တစ်ဦး၊ ကမ္ဘာ့ငြိမ်းချမ်းရေးမှာ အရေးပါသူတစ်ဦးအဖြစ်မြင်မိသည်။ ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်း တစ်ရပ်ဟုဆိုရမည့် အောင်မြင်မှု သော့ချက်ဖြစ်သည့် SWOT analysis အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနှင့် ခြိမ်းခြောက် မှု အချက်လေးချက်ကို ကောင်းစွာခွဲခြမ်းစိတ်ဖြာပြီး အသုံးချနိုင်စွမ်း ရှိသူ ရုရှားခေါင်းဆောင်တစ်ဦးအဖြစ် သုံးသပ်ပြီးလည်းဖြစ်သည်။ ခေါင်းဆောင်တစ်ဦး‌၏ အမြင်ကျယ်မှု၊ အတွေ့အကြုံ၊ ဉာဏ်ပညာနှင့် လွှမ်းမိုးနိုင်မှု အရည်အချင်းများက နိုင်ငံတစ်ခုကို ပုံဖော်ရာတွင်မည်မျှ အရေးပါကြောင်း ရုရှားနိုင်ငံတည်ဆောက်မှုနမူနာကိုကြည့်၍ လည်း သင်ခန်းစာ ကောင်းစွာရယူသင့်သည်ဟု ထင်မြင်ပါသည်။

 

သို့သော်လည်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးအနေဖြင့် နိုင်ငံ၏ပုံရိပ်ကို မည်သို့ပင် မြှင့်တင်ပေးနိုင်စေကာမူ မမြဲသောသဘောအရ ပြည်သူနှင့်ခေါင်းဆောင်များအကြား ယုံကြည်မှုသည် အတက်အကျရှိနိုင်သည်။ ယနေ့ဖြစ်ပေါ်နေသော ကမ္ဘာ့အခြေအနေများအရ အကျပ် အတည်းပဋိပက္ခများနှင့် လွတ်ကင်းသောနိုင်ငံဟူ၍မရှိပါ။ ရုရှားနိုင်ငံ၊ ရုရှားခေါင်းဆောင်များနှင့် ပြည်သူများသည်လည်း အနည်းနှင့်အများ ဆိုသလို ဆိုးကျိုးသက်ရောက်မှုများကို ခံနေရဆဲဖြစ်သည်။ သို့သော် ရုရှားခေါင်းဆောင်နှင့်ပြည်သူများ၏ ခိုင်မာသော စိတ်နေစိတ်ထား၊ ကောင်းမွန်သော ကိုယ်ရည်ကိုယ်သွေး သဘောသဘာဝများ၊ စဉ်ဆက် မပြတ် မွေးထုတ်ပေးနေသော ခေါင်းဆောင်ကောင်းများနှင့် ခေါင်းဆောင်မှုအရည်အချင်းများ၊ ပြည့်ဝသောလူသားအရင်းအမြစ်နှင့် ခိုင်မာသော အခြေခံ အဆောက်အအုံများကိုအခြေခံ၍ ယနေ့ရုရှား ပြည်သူအားလုံးသည် ရင်ဆိုင်နေရသော အခက်အခဲနှင့် စိန်ခေါ်မှုများ၊ ခြိမ်းခြောက်မှုများကြားမှ အခွင့်အလမ်းများကိုရှာဖွေ၍ အားသာချက်များ ဖန်တီးလျက် ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပါသည်။