နိုင်ငံငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် တစည်းတလုံးတည်းပေါင်းစပ်စုစည်းမှု

၁၅ ဇွန်

 

နိုင်ငံတစ်နိုင်ငံ၏ ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲရန်အတွက် ဖွံ့ဖြိုးရေးလည်းရှိရမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှ၊ ပြည်သူလူထုလုံခြုံမှုရှိမှ ငြိမ်းချမ်းရေးလည်းရှိနိုင်မည်။ လုံခြုံမှုဟုဆိုရာတွင် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုဟူ၍ နှစ်မျိုးရှိသည်။ ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုအရ အပစ်အခတ်ရပ်စဲရေး လိုအပ်သလို  ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်ကြရမှာ ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှသာ စားဝတ်နေရေး၊ နိစ္စဓူဝရှင်သန်ရေးတို့အတွက် ပူပင်ကြောင့်ကြမှုမရှိဘဲ လုံခြုံနိုင်မည်။ ဤသည်မှာ ယနေ့နံနက်ပိုင်းကမွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖွင့်ဆိုရှင်းပြခဲ့သော ငြိမ်းချမ်းရေးနှင့်ဆက်စပ်နေသော လိုအပ်ချက်အချို့ပင်ဖြစ်သည်။

 

 

မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံသာဖြစ်သည်။ တိတိကျကျဆိုရလျှင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဘဝမှ ရုန်းထွက်နေရသော နိုင်ငံလည်းဖြစ်သည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံတွင် လိုအပ်ချက်တို့ များစွာရှိသည်။ လျှပ်စစ်စွမ်းအား၊ လမ်းတံတား၊ ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခြေခံလိုအပ်ချက်များစွာတို့ကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ကောင်းစွာ ဆောင်ရွက်နိုင်ရန် ခက်ခဲခဲ့ရသည်။ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ဒေသခံလူငယ်များ၏ဆွေးနွေးချက်များတွင်လည်း ယင်းအချက်များ ထင်ဟပ်ပါဝင်နေသည်ကို တွေ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြန်လည်ရှင်းလင်းဆွေးနွေးမှုတွင် အစိုးရဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားများ၏အကျိုးကို ထမ်းဆောင်ရန်၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတစ်နိုင်ငံတွင် အဓိကသည် ပြည်သူလူထုပင်ဖြစ်ပါကြောင်း၊ အစိုးရဘယ်လောက်ကောင်းကောင်း၊ ပြည်သူလူထုမပါလျှင် မရပါကြောင်း၊ ပြည်သူလူထုက အဓိကဖြစ်ပါကြောင်း၊ ပြည်သူလူထု၏စိတ်ဓာတ်၊ ဉာဏ်စွမ်းအား၊ အရည်အချင်းအားလုံး မြှင့်တင်ဖို့လိုကြောင်းဖြင့် ထည့်သွင်းရှင်းလင်း ဆွေးနွေးခဲ့သည်မှာ မိမိတို့အားလုံးဆင်ခြင်စဉ်းစားကြဖို့ပင် ဖြစ်သည်။

 

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် သဘာဝသယံဇာတ အရင်းအမြစ်များ၊ ငွေကြေးအရင်းအနှီးများ၊ အတတ်ပညာ နည်းပညာများ၊ လူလတ်တန်းစား စွန့်ဦးတီထွင်သူများ စသည်တို့ အရေးပါသလိုအရည်အသွေး၊ အရည်အချင်းပြည့်ဝပြီး စွမ်းဆောင်ရည်ရှိသည့် လူ့အဖွဲ့အစည်းကလည်း အဓိကအရေးပါသော အချက်တစ်ရပ်ဖြစ်သည်။ လူတို့၏အရည်အချင်းကို ဗီဇနှင့်ပတ်ဝန်းကျင်တို့က ပြဋ္ဌာန်းသည်ဟုဆိုထားရာမိမိတို့လူမျိုး၏ဗီဇမှာ ညံ့ဖျင်းသော လူမျိုးမဟုတ်ကြောင်း သမိုင်းကြောင်းကို ပြန်ကြည့်လေ့လာပါက သိရှိနိုင်သည်။ ပတ်ဝန်းကျင်အခြေအနေဖြစ်သော လေ့ကျင့်ပြုပြင်မှုဖြင့် လူမျိုးတစ်ရပ်လုံးကို ပြန်လည်မြှင့်တင်နိုင်ရန်အတွက်မူ ပညာရေးစနစ်ကို နိုင်ငံ၏လိုအပ်ချက်နှင့်အညီ အကောင်းဆုံးဖြစ်အောင် တည်ဆောက်နိုင်ရမည်ဟု ယုံကြည်မိသည်။

 

 

မိမိတို့နိုင်ငံအတွက် လတ်တလောလိုအပ်ချက်မှာ National Integration ခေါ် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး ဘက်စုံပေါင်းစပ်စုစည်းမှုပင်ဖြစ်သည်ဟု ရှုမြင်မိသည်။ အဆိုပါဝေါဟာရသည် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုသာမက နိုင်ငံတော်တစ်ဝန်းလုံးသို့နိုင်ငံတော်၏ ဩဇာအာဏာ သက်ရောက်ပျံ့နှံ့မှု၊ ခေါင်းဆောင်နှင့် ပြည်သူတို့ တစ်သားတည်းရှိမှု၊ နိုင်ငံ့ရေးရာများတွင် ပြည်သူတို့ကိုယ်တိုင်စိတ်ရောကိုယ်ပါ ပူးပေါင်းပါဝင်မှု၊ ပြည်သူတို့၏ လူမှုရေးစည်းကမ်း(Social discipline) လိုက်နာမှုစသည်တို့ ပေါင်းစပ်ပါဝင်သည်ဟု လေ့လာမှတ်သားရဖူးသည်။ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အစိုးရနှင့် ပြည်သူအကြား အပြန်အလှန်နားလည်မှု၊ အသိအမှတ်ပြုမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ ဖြစ်ထွန်းလာသည်နှင့်အမျှ တစ်မျိုးသားလုံး ဘက်စုံပေါင်းစပ်စုစည်းမှု ခိုင်မာအားကောင်းကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသို့ ဦးတည်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း။

 

မြန်မာ့အလင်း