အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၀) အစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့က နိုင်ငံတော်သမ္မတအိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်က မျှော်မှန်းထားသည့်အတိုင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရေးအတွက် အားလုံးကတက်ညီလက်ညီ ဝိုင်းဝန်းအလေးထားဆောင်ရွက် ကြရန် မှာကြားခဲ့သည်။

မျက်မှောက်အချိန်ကာလသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍတို့တွင် ထိခိုက်မှုများလျော့နည်းစေရန် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းနေသည့် ကာလဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ ဂယက်ကြောင့် ထိခိုက်မှုများဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အခြားနိုင်ငံများနည်းတူ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားကြသော်လည်း အမျိုးသားစီမံကိန်းများ ဖြစ်မြောက်အောင်မြင်နိုင်မည့် အလားအလာကောင်းများကို တွေ့ရှိရပါသည်။

နိုင်ငံတော်သမ္မတက အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးတွင် မမျှော်လင့်သောအခက်အခဲကြားက နိုင်ငံ့စီးပွားရေး ပြန်လည်နိုးထရေးကို အားလုံးကြိုးပမ်းဆောင်ရွက်ရန် အထူးတိုက်တွန်းလိုကြောင်း၊ စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူအားလုံး တန်းတူရရှိခံစားနိုင်ရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်းမရှိဆိုသည့်ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၏ ရည်မှန်းချက်အတိုင်း ဆောင်ရွက်ရန်လိုအပ်သည့် ဦးစားပေးလုပ်ငန်းများ၊ နိုင်ငံတော်နှင့်ပြည်သူကို အမှန်တကယ် အကျိုးပြုမည့်လုပ်ငန်းများကို ဆက်လက်ဖော်ထုတ်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)ကို ရေးဆွဲပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ကြေညာခဲ့သည်။ MSDP ကို မဏ္ဍိုင် သုံးရပ်၊ ပန်းတိုင်ငါးခု၊ မဟာဗျူဟာ ၂၈ ခုနှင့် အကောင်အထည်ဖော်မှုအစီအစဉ် ၂၅၁ ခုတို့ဖြင့် ရေးဆွဲထားပြီး ၂၀၁၈ ခုနှစ် မှစ၍ အကောင်အထည်ဖော်လျက်ရှိသည်။ ၂၀၁၉ ခုနှစ်ကုန်မှစတင်၍ နိုင်ငံများစွာသည် ကိုဗစ်-၁၉ ရောဂါကြောင့် ကဏ္ဍပေါင်းစုံထိခိုက်မှုများ ရှိလာချိန်တွင် မြန်မာနိုင်ငံ၌ အမျိုးသားစီမံကိန်းများကို ကြိုးပမ်းဆောင် ရွက်နေသည့်လုံ့လကြောင့် ကိုဗစ်-၁၉ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စွမ်းရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကြောင့် လူမှုစီးပွားထိခိုက်မှုများ လျော့နည်းစေရန် လတ်တလောအရေးပေါ်အစီအမံများအဖြစ် အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ငါးမျိုးနှင့် ငွေကြေးထောက်ပံ့ခြင်း အိမ်သုံးမီတာ သုံးစွဲမှုယူနစ်များ လျှော့ပေါ့ပေးခြင်း အသေးစား၊ အလတ်စားလုပ်ငန်းများ အတွက် အတိုးနှုန်းသက်သာသည့်ချေးငွေများ ထုတ်ချေးခြင်း၊ အခွန်ပေးဆောင်ရမည့်အချိန်ကာလ ရွှေ့ဆိုင်းပေးခြင်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်း များအားလုံးအပေါ် သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုခြင်း၊ ပို့ကုန် လုပ်ငန်းမှ ကြိုတင်ကောက်ခံသည့်ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပေးခြင်း၊ ဘဏ်အတိုးနှုန်းလျှော့ချပေးခြင်း စသည့်ကိစ္စရပ်များကို နိုင်ငံတော်က ချက်ချင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ကိုဗစ်-၁၉ ကာလတွင် ပြည်သူများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေကြပြီး ကိုဗစ်-၁၉ အလွန်ကာလတွင် ဆောင်ရွက်ရမည့်စီမံကိန်းများကိုလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြသည်။ ဆောင်ရွက်နေဆဲဖြစ်သည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)ကိုလည်း ဆက်လက်၍ အောင်မြင်စွာ အကောင်အထည်ပေါ်လာရန်လည်း ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ ပြည်သူ များ လက်တွဲဆောင်ရွက်နေသည်။

သို့ဖြစ်ရာ ဆောင်ရွက်ဆဲ ဆောင်ရွက်မည့် အမျိုးသားစီမံကိန်းများကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းကြခြင်းဖြင့် ကိုဗင်-၁၉ အလွန်တွင် စီးပွားရေးဦးမော့လာမည့်အပြင် ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့်များကို ပြည်သူအားလုံး တန်းတူရရှိခံစားနိုင်ရေး မည်သူတစ်ဦးတစ်ယောက်ကိုမှ ချန်လှပ်ထားခြင်းမရှိဆိုသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတက်မှုစီမံကိန်းကို အောင်မြင်စွာဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ