၂၅ စက်တင်ဘာ
နိုင်ငံပေါင်း ၇၇ နိုင်ငံက ၂၀၅၀ တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အပြီးသတ် ဖယ်ရှားနိုင်ရန် ယင်းဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြတ်တောက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု ကုလသမဂ္ဂအကြီးအကဲက ပြောကြားခဲ့သည်။
တနင်္လာနေ့က ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဉတုလှုပ်ရှားမှု ညီလာခံတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူးတာရက်စ်က ၎င်း၏မိန့်ခွန်းတွင် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံတွင် နိုင်ငံပေါင်း ၆၀ ကျော်မှ ထိပ်တန်းခေါင်းဆောင်များနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ၎င်းတို့အနေနှင့် ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်လာစေရန် ဖွံ့ဖြိုးဆဲနိုင်ငံများကို ငွေရေးကြေးရေးအရ ကူညီထောက်ပံ့ပေးပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုစေရန် ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြင်သစ်နှင့် ဂျာမဏီအပါအဝင် နိုင်ငံပေါင်း ၇၇ နိုင်ငံသည် ၂၀၅၀ တွင် ကာဗွန်ထုတ်လွှတ်မှု ပပျောက်စေရန် ကတိပြုခဲ့ကြကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ထရီလီယံ ကျော်ရှိ ရန်ပုံငွေ စီမံခန့်ခွဲမှု အဖွဲ့အစည်းများကလည်း ကာဗွန်ကင်းမဲ့သော လုပ်ငန်းများကို ရွေးချယ်လုပ်ကိုင်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။ အဆိုပါညီလာခံတွင် ကာဗွန်အဓိက ထုတ်လွှတ်သည့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ တို့အနေနှင့် ကတိပြုခဲ့ခြင်း မရှိကြောင်း၊ ဂျပန် အပါအဝင် အခြားသော နိုင်ငံများကလည်း ၎င်းတို့၏ အစီအစဉ်များကို ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ အရေးကိစ္စများနှင့် ပတ်သက်၍ လှုပ်ရှားမှု အားနည်းသွားကြောင်း ဂူတာရက်စ်က ပြောကြားခဲ့သည်။ ထို့အပြင် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့် ပတ်သက်၍ လုပ်ဆောင်ရန် အများအပြား ရှိသောကြောင့် ကြိုးစားလုပ်ဆောင်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် ကမ္ဘာ့ခေါင်းဆောင်များအား ၎င်းက တောင်းဆိုခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-စုရည်