ဇွန် ၅

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်၏အမျိုးသားလုံခြုံရေးကိုကာကွယ်ရန်ဟုဆိုကာ နိုင်ငံ ၁၂ နိုင်ငံမှနိုင်ငံသားများအား အမေရိကန်သို့ဝင်ရောက်ခွင့်တားမြစ်ပိတ်ပင်သည့် ကြေညာချက်ကို ယမန်နေ့ညနေပိုင်းက လက်မှတ်ရေးထိုးခဲ့သည်။

အာဖဂန်နစ္စတန်၊ ချဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီရယ်ဂီနီ၊ အီရစ်ထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ မြန်မာ၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်နိုင်ငံတို့မှနိုင်ငံသားများအား ပြည်ဝင်ခွင့်အပြည့်အဝပိတ်ပင်မည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။

၎င်းနိုင်ငံများသည် ဗီဇာဆိုင်ရာစိစစ်ခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာအားနည်းချက်များရှိနေကြောင်းတွေ့ရှိရပြီး အမေရိကန်နိုင်ငံအတွက် အလွန်အန္တရာယ်ရှိသည်ဟုဆုံးဖြတ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံခုနစ်နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ နိုင်ငံသားများ ဝင်ခွင့်ကို တစ်စိတ်တစ်ပိုင်း ကန့်သတ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါဝင်ခွင့်ပိတ်ပင်မှုသည် လာမည့် ဇွန် ၉ ရက် နံနက် ၁၂ နာရီ ၀၁ မိနစ်တွင် အသက်ဝင်မည်ဖြစ်သည်။

ထိုပိတ်ပင်မှုမှခြွင်းချက်များတွင် တရားဝင်အမြဲတမ်းနေထိုင်သူများ၊ ရှိပြီးသားဗီဇာကိုင်ဆောင်ထားသူများ၊ အချို့သောဗီဇာအမျိုးအစားများနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွားကိုဆောင်ရွက်ပေးသောပုဂ္ဂိုလ်များ ပါဝင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို