၁၃ မေ
မြန်မာနိုင်ငံသည် ယခင်နှင့်မတူ တိုးတက်ပြောင်းလဲနေသည်ဟု ဆိုရမည်ဖြစ်သည်။ ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုမရှိဘဲ ကျဆင်းနေသော်လည်း မြန်မာ့စီးပွားရေးသည် စိန်ခေါ်မှုများကြားမှ ရုန်းထရှင်သန်နေဆဲဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ မြန်မာ နိုင်ငံသည်ဒေသတွင်း၌ ဖွံ့ဖြိုးတိုးတက်သည့်နှုန်း အမြင့်မားဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေသည်။
ထိုသို့တိုးတက်လာခြင်းမှာ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDဏ) ကို ချမှတ်နိုင်ခြင်း၊ အာမခံလုပ်ငန်းကဏ္ဍတွင် ဖြေလျှော့ပေးခြင်း၊ လက်လီနှင့်လက်ကား ရောင်းဝယ်မှုလုပ်ငန်းများတွင် ဖြေလျှော့ပေးခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကို ကျင့်သုံးဆောင်ရွက်ခြင်းနှင့် အခြေခံအဆောက်အအုံစီမံကိန်း ကြီးများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီးများ ဝင်ရောက်လာခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း ကမ္ဘာ့ဖွံ့ဖြိုးမှုအမြန်ဆုံးဒေသများတွင် ဆက်လက်ရပ်တည်နေသော အရှေ့အာရှနှင့် ပစိဖိတ်ဒေသနိုင်ငံများနှင့် မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ရင်းနှီးချစ်ကြည်မှုနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်မှုများကြောင့် တိုးတက်မှုအလားအလာကောင်းများ ရရှိလာသည်။ အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်လာမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် အမိအရဆုပ်ကိုင်နိုင်အောင် ကြိုးပမ်းအားထုတ်လျက်ရှိသည်။
မေလ ၅ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ဘက်စုံထောင့်စုံမှ စိန်ခေါ်မှုများရင်ဆိုင်နေရသော်လည်း ကျွန်မတို့အနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကို ဘက်ညီမျှတစွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ကျွန်မတို့အနေနဲ့ အသင့်အတင့်မြင့်မားတဲ့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းသိမ်းထားနိုင်ပြီး ငွေကြေးဖောင်းပွမှု ကြီးကြီးမားမားမဖြစ်ပေါ်အောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟုဗီဒီယိုဖြင့် အမှာစကားပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျယ်ပြန့်သည့် ဘဏ္ဍာရေးမူဝါဒချမှတ်နိုင်ခြင်း၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောစီမံကိန်းကို ချမှတ်ဖော်ဆောင်နိုင်ခြင်းတို့ကြောင့် ကာလတိုအတွင်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေရန်မျှော်မှန်းပြီး လတ်တလော ဘက်စုံကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့သည့်ပြုပြင်ပြောင်းလဲမှုများသည် အလယ်အလတ်ကာလတို ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးစီမံကိန်းဆိုင်ရာများကို အမြော်အမြင်ရှိစွာဖြင့် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်နိုင်သောကြောင့် တိုးတက်မှုများ အထိုက်အလျောက်ရရှိလာခဲ့ခြင်းဖြစ်သည်။ စီးပွားရေးစီမံကိန်းများသည် အရေးကြီးသကဲ့သို့ ကုန်သွယ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်အတွက် အောင်မြင်မှုရရှိခဲ့သည့် အစီအမံများစွာကို အထူး စီးပွားရေးဇုန်များတွင် ချမှတ်ထားပြီးဖြစ်သည်။
ကုန်ထုတ်လုပ်မှုကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၇-၂၀၁၈ ခုနှစ်တွင်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု၏ စုစုပေါင်း ၃၁ ရာခိုင်နှုန်းရှိသဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် သုည ဒသမ ၃ ရာခိုင်နှုန်းသာရှိသော အခြေအနေနှင့်နှိုင်းစာလျှင် သိသာစွာတိုးတက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ အဆိုပါအခြေအနေကောင်းများကို နမူနာယူ၍ နိုင်ငံတစ်ဝန်းတွင်ဖြန့်ကြက်ဆောင်ရွက်နိုင်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေသည် သိသာထင်ရှားသော တိုးတက်မှုများကို ဆောင်ကြဉ်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ အောင်မြင်စေရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မျှော်မှန်းထားသော စုပေါင်းအင်အား၏အရေးပါမှုကို ခိုင်မာစွာယုံကြည်လက်ခံပြီး ပြည်သူအားလုံးက မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုတက်မှုလုပ်ငန်းများ အောင်မြင်ရေးကိုတက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ