နိုင်ငံဖွံ့ဖြိုးရေးအတွက် ဆက်သွယ်မှုစနစ်

၁၅ မေ

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးလာရေးအတွက် ခေတ်မီနည်းပညာများကို အသုံးပြု၍လွယ်ကူလျင်မြန်သော ဆက်သွယ်ပူးပေါင်း ဆောင်ရွက်မှုသည် အရေးကြီးသည်။ ထိုနည်းစနစ်မှာ e-Government  ဟု ခေါ်တွင်သောဆက်သွယ်ရေးစနစ်ဖြစ်သည်။ ထိုစနစ်ကို အကောင်အထည်ဖော်ရန် e-Government  ဦးဆောင်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၄ ရက်နေ့က ကျင်းပခဲ့ပြီး e-Government  အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို မေလ ၉ ရက်နေ့က ကျင်းပကာ လုပ်ငန်းများ ဆက်လက်အကောင်အထည်ပေါ်ရေး တွန်းအားပေးခဲ့သည်။

 

ဦးဆောင်ကော်မတီအစည်းအဝေးတွင် ဦးဆောင်ကော်မတီနာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က  “e-Government  မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက်သုံးချက်က အဓိက ဖြစ်ပါ တယ်၊ ကျွမ်းကျင်မှု လိုအပ်ချက်ရှိမယ်၊ ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်” ဟု e-Government  နှင့်ပတ်သက်၍ လိုအပ်နေသော အချက်သုံးချက်ကို အသိပေးလမ်းညွှန်ခဲ့သည်။

 

မြန်မာနိုင်ငံတွင် e-Government  ဆောင်ရွက်မှုကို ၂၀ဝ၄ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သော်လည်း လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုအားနည်းနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ e-Government  အညွှန်းကိန်းကို ကြည့်မည်ဆိုလျှင် ၂၀၁၆ ခုနှစ်က နိုင်ငံပေါင်း ၁၉၃နိုင်ငံတွင် အဆင့် ၁၆၉ တွင် ရှိနေသဖြင့် နောက်ကျကျန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ ထို့ကြောင့် e-Government  ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထောက်ပြခဲ့သော အချက်သုံးချက်ကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းဖော်ဆောင်ကြရမည် ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ e-Government  ဖွံ့ဖြိုးတိုးတက်မှုကို အွန်လိုင်းဝန်ဆောင်မှု၊ တယ်လီ ကွန်မြူနီကေးရှင်းဆိုင်ရာ အညွှန်းကိန်းနှင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းတို့ဖြင့် တိုင်းတာ ကြသည်။ ယင်းတို့တွင် လိုအပ်ချက်သုံးခုဖြစ်သည့် ကျွမ်းကျင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများတွင် အွန်လိုင်း ဝန်ဆောင်မှုမှာအောင်မြင်ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။

 

e-Government  လုပ်ငန်းစဉ် မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အဓိကကျသည့် ဦးဆောင်အဖွဲ့အစည်းမှာ ဆက်သွယ်ရေးလုပ်ငန်းဖြစ်၍ ၎င်းဌာနအနေဖြင့် စီမံကိန်းများရေးဆွဲပြီး ကြိုးပမ်း ဆောင်ရွက်နေသည်ဟု သိရသည်။ e-Government  ဖွံ့ဖြိုးတိုးတက်လာစေဖို့ စွမ်းဆောင်ပေးမည့် အဓိက အထောက်အကူပြု အပိုင်းသုံးပိုင်းဖြစ်သည့် နည်းပညာအသုံးချမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုအပိုင်း များကို ဌာနများအနေဖြင့် ပြန်လည်သုံးသပ် ပြုပြင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

e-Government  အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ဥပဒေမူဘောင် ချမှတ်ရေးလုပ်ငန်းစဉ်နှင့် လက်ရှိတွင် ဆိုက်ဘာဥပဒေရေးဆွဲနိုင်ရန် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အစောပိုင်းတွင် ဥပဒေမူကြမ်းရရှိစေရန် လျာထားဆောင်ရွက်နေကြောင်းသိရသည်။ သတင်းအချက် အလက်နှင့် နည်းပညာ အခြေခံအဆောက်အအုံပိုင်းတွင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်သည် နိုင်ငံ၏လူဦးရေ ၉၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံပြီးဖြစ်သောကြောင့် ရရှိထားသောအခြေအနေကောင်းများကို ထိရောက်စွာ အသုံးချ၍ မိုဘိုင်းနည်းပညာများဖြင့် ဦးစားပေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။

 

လက်ရှိတွင် e-Government  လုပ်ငန်းများကို ဌာနဆိုင်ရာများအားလုံး အသုံးပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်အတွက် ပြည်ပချေးငွေ၊ ပြည်ပကူညီ ပံ့ပိုးမှုတို့သည် တွန်းအားများပင် ဖြစ်သည်။ ထို့ကြောင့် ဌာနဆိုင်ရာများအနေဖြင့် e-Government  လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ပေါ်လာရေးအတွက် နည်းပညာများကိုရယူ၍ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွက် အကျိုးသက်ရောက်မှုရှိအောင် ကြိုးပမ်းအားထုတ်ဖို့ လိုအပ်မည် ဖြစ်ပါကြောင်း။ ။