နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အုပ်ချုပ်ရေးကောင်းမွန်မှုက အဓိကကျသည်။ အထူးသဖြင့် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု အနှေးဆုံး နိုင်ငံစာရင်းပေါက်နေသည့် အခြေအနေမှ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်လာအောင် ထူထောင်တည်ဆောက်ကြ ရာတွင် ကောင်းမွန်သောအုပ်ချုပ်ရေး(Good Governance) မှာ အထူးလိုအပ်သည်။ ဤတွင် အုပ်ချုပ်ရေးဟူသည် အစိုးရတစ်ရပ် အနေဖြင့် ကောင်းမွန်သော စီမံကွပ်ကဲမှုဖြစ်ပေါ်လာစေရန် ပြုပြင် ပုံဖော်ထားသည့် လုပ်ငန်းစဉ်ပင်ဖြစ်ရာ နိုင်ငံကောင်းရန်အတွက် ကောင်းသောအုပ်ချုပ်ရေးကို ထူထောင်ကြရစမြဲဖြစ်သည်။

 

လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေရန်အလို့ငှာ ကောင်းမွန်သော အုပ်ချုပ်ရေးကို ထူထောင်ရာတွင် အရည်အသွေးကင်းမဲ့သော၊ ယိုယွင်းညံ့ဖျင်းနေသော အဖွဲ့အစည်းများသာရှိခြင်း၊ လူထုပူးပေါင်းပါဝင်မှုနှင့် ဒီမိုကရေစီနည်းကျ ဆောင်ရွက်မှုတို့မရှိခြင်း၊ လူမှုအဖွဲ့အစည်း အရင်းအမြစ်များ မရှိခြင်း၊ အကျင့်စာရိတ္တပျက်စီးကာ လာဘ်ပေးလာဘ်ယူမှုများ ရှိနေခြင်း စသည့် စိန်ခေါ်မှုများမှာ ကောင်းမွန်သောအုပ်ချုပ်ရေး အတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်။

 

အကျင့်စာရိတ္တပျက်စီးခြင်း၊ လာဘ်ပေးလာဘ်ယူပြုလုပ်ခြင်း၊ အဂတိလိုက်စားခြင်းတို့မှာ လူအများ သိနားလည်ထားသည်ထက် များစွာပို၍ နိုင်ငံနှင့်လူ့အဖွဲ့အစည်းကို ဆိုးရွားစွာ ထိခိုက်ဆုံးရှုံးစေသည်။ နယ်ပယ်စုံကဏ္ဍစုံကို ပျက်စီးစေသည်။ လူတို့၏ အတွေးအခေါ်များကို မှားယွင်းစေသည်။ စီးပွားရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို လျော့ပါးစေသည်။ ဆင်းရဲနွမ်းပါးမှု တိုးစေပြီး လူ့အခွင့်အရေးကို လျော့ပါးစေသည်။ စီးပွားရေးနှင့် နိုင်ငံရေး စနစ်များ၏ ဖြောင့်မတ်တည်ကြည်မှုကို ယိုယွင်းစေသည်။ အလွန်အကျွံ မညီမျှမှုများ ဖြစ်ပွားစေပြီး အစိုးရအပေါ် ပြည်သူလူထု၏ စိတ်ချယုံကြည်မှုကို ပျက်စီးစေသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများကိုလည်း လျော့ကျစေသည်ဟုဆိုရာ မည်မျှကျယ်ပြန့် နက်ရှိုင်းကြောင်းကိုတွေ့မြင်နိုင်သည်။

 

မိမိတို့နိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ထွန်းလာစေရန်အတွက် ဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်း၍၂၀၁၄ ခုနှစ်တွင်ဥပဒေနှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုဖွဲ့စည်းခဲ့ပြီးအဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိသည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် အကျင့်စာရိတ္တပျက်ပြားပြီး အဂတိလိုက်စားမှုများ အမြစ်တွယ်နေဆဲဖြစ်ရာ လူမြင်ကွင်းမှသည် မမြင်ကွယ်ရာ နေရာများအထိ ကျယ်ကျယ်ပြန့်ပြန့်ရှိနေ သည်။ လက်ဖက်ရည်ဖိုး၊ ကွမ်းယာဖိုးမှသည် သိန်းထောင်ပေါင်းများစွာအထိ ပမာဏအားဖြင့်လည်း ကြီးမားနေဆဲဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အဓိကအနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်သော အဂတိလိုက်စားမှုများကို ဆန့်ကျင်တိုက်ဖျက်ရာတွင် ပြည်သူအပေါင်းကလည်း ပါဝင်ကြရပါမည့်အကြောင်း။

 

မြန်မာ့အလင်း