စိုးမိုးဝင်း
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏အခြေခံယူနစ်များဖြစ်သော ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ကျေးရွာများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မှသာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နိုင်ကြောင်း တောင်ကိုရီးယားနိုင်ငံက ကမ္ဘာတွင် သက်သေပြခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံသည် ကျေးရွာသစ်လှုပ်ရှားမှုနှင့် ကျေးရွာသစ်ငွေတိုက် လုပ်ငန်းများကို အခြေခံပြီး ကျေးရွာများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း နိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းဖြစ်သည်။
မြို့နယ်ပေါင်း ၂၀ ၌ ဆောင်ရွက်
၎င်း၏အတွေ့အကြုံများကို အခြားနိုင်ငံများသို့လည်း ဝေမျှလျက်ရှိရာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းများကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာသစ် ငွေတိုက်လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ကျေးရွာငွေတိုက်အသင်းချုပ် (Korea Federation of Community Credit Cooperative-KFCC) တို့ ပူးပေါင်း၍ ကျေးရွာငွေတိုက်စနစ် တည်ထောင်ခြင်း စီမံကိန်းအဖြစ် ကမ္ဘာပေါ်တွင် ပထမဆုံး အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။
ဤစီမံကိန်းကို ၂၀၁၉-၂၀၂၀ မှ ၂၀၂၃-၂၀၂၄ ခုနှစ်အထိ ငါးနှစ်ကြာဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင် ဘာလအထိ တိုင်းဒေသကြီး၊ ပြည်နယ် ကိုးခု၊ မြို့နယ်ပေါင်း ၂၀ ၌ ကျေးရွာ ငွေတိုက်စုစုပေါင်း ၃၆ ခုရှိပြီး စုစုပေါင်း အသင်းဝင်ဦးရေ ၄၇၁၉ ဦးနှင့် စုဆောင်းငွေ ကျပ်သန်းပေါင်း ၁၁၇၄ သန်း ရှိပြီဖြစ်သည်။
ကိုယ်တိုင်ငွေစုဆောင်းခြင်း လုပ်ငန်းစဉ်
မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိကြသည့် ကျေးလက်နေ ပြည်သူများ၏ စိုက်ပျိုးရေးကဏ္ဍ အခြေခံလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လိုအပ်လျက်ရှိသည့် ရင်းနှီးငွေရရှိစေရန် ကိုယ်တိုင်ငွေစုဆောင်းခြင်း လုပ်ငန်းစဉ်တွင် ကျေးရွာသူ ကျေးရွာသားများ အားလုံးပါဝင်သော လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက် (၅) ရပ်ဖြင့် ဤစီမံကိန်းကို ဆောင်ရွက်နေပါသည်။
၁။ ကျေးလက်နေပြည်သူများ ကိုယ်ပိုင် အသိစိတ်ဓာတ်ဖြင့် ငွေစုဆောင်း သည့် အလေ့အကျင့်ကောင်း ရရှိရန်
၂။ တစ်ဦးချင်း စုဆောင်းငွေများ စုဆောင်းမိခြင်းမှ ငွေအလုံးအရင်း ရရှိလာရန်
၃။ စုဆောင်းငွေများကို ကုန်ထုတ်အရင်းအနှီးအဖြစ် သုံးစွဲနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်ပြီး အကျိုးစီးပွား ဖြစ်ထွန်းလာရန်
၄။ အိမ်ထောင်စု တစ်စုချင်းမှသည် ကျေးရွာဖွံ့ဖြိုးတိုးတက်လာရန်
၅။ မြန်မာနိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူများ၏ လူနေမှုဘဝမြင့်မားရေး၊ ကျေးလက်ဒေသဆင်းရဲမှု လျှော့ချရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို ဆောင်ရွက်နိုင်ရန်
ကျေးရွာသစ်ငွေတိုက်ဆိုသည်မှာ
လွန်ခဲ့သော ၁၉၆၀ ပြည့်နှစ်ဝန်းကျင်က ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံအဆင့်(၃) အထိ ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံကို ယနေ့တွင် ကမ္ဘာ့ချမ်းသာမှု အဆင့် (၁၃) အထိရောက်အောင် ကူညီပံ့ပိုးပေးခဲ့သော ကျေးရွာသစ်လှုပ်ရှားမှု၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ ယင်းသည် တောင်ကိုရီးယားပြည်သူများ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဆယ်မာအူးလ်ဂွန်းမ်ဂို (Saemaul Geumgo) ငွေစုငွေချေး အဖွဲ့အစည်း တစ်ခုပင်ဖြစ်သည်။ “ဆယ်” ဆိုသည်မှာ “သစ်သော”၊ “မာအူးလ်”ဆိုသည်မှာ “ကျေးရွာ”၊ “ဂွန်းမ်ဂို”ဟူသည်မှာ “ငွေတိုက်” ဟူ၍ဖြစ်ပြီး မြန်မာလို “ကျေးရွာသစ် ငွေတိုက်”ဟု အဓိပ္ပာယ်ရပါသည်။ ကျေးရွာ သစ်ငွေတိုက်သည် ကိုရီးယားနိုင်ငံတွင် သာရှိသည်ဟု ပြောနိုင်သော ကိုယ့်အား ကိုယ်ကိုး ငွေစုငွေချေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ကျေးရွာသစ်ငွေတိုက် ဆောင်ရွက်နည်း
ကျေးရွာများတွင် အပြန်အလှန် ကူညီလိုစိတ်ကိုအခြေခံ၍ ရွာသူရွာသားများ၏ ရင်းနှီးမြှုပ်နှံငွေဖြင့် ကိုယ့်အား ကိုယ်ကိုးထူထောင်ထားသော ငွေစုငွေချေး အဖွဲ့အစည်းဖြစ်ပြီး ယုံကြည်စိတ်ချရမှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော စနစ်ဖြစ်သည်။ ကျေးရွာသစ်ငွေတိုက်ကို အကြိုက်သဘောထားချင်းတူသူများကို စုစည်းပြီး အဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းရပါမည်။ အသင်းဝင်များသည် အသင်းဝင်ကြေးနှင့် ရင်းနှီးမြှုပ်နှံငွေ ထည့်ဝင်ရမည်။ စုငွေ (သို့မဟုတ်) အပ်နှံငွေကို စာရင်းသေအပ်ငွေနှင့် စာရင်းရှင်အပ်ငွေအဖြစ် စုနိုင်သည်။ အရစ်ကျစုငွေအဖြစ် ငွေသွင်းမည့် နေ့ရက်နှင့် စုငွေပမာဏကို ကြိုတင်သတ်မှတ်ပြီး တစ်နှစ် (သို့မဟုတ်) နှစ်နှစ်သက်တမ်းဖြင့် သတ်မှတ်ပြီး စုနိုင်သည်။
ကျေးရွာသူ ကျေးရွာသားများအား နေ့စဉ်ငွေကို အပိုသုံးခြင်း၊ ဖြုန်းခြင်း၊ မလိုဘဲသုံးခြင်း၊ အလျှံပယ်သုံးခြင်း စသည်တို့ မဖြစ်စေဘဲ ငွေကိုစနစ်တကျသုံးပြီး တတ်နိုင်သမျှ ချွေတာကာ စုဆောင်းသည့် စနစ်ကို ကျင့်သုံးစေခြင်းဖြစ်သည်။ အသုံးစရိတ်များကိုလျှော့ချပြီး စုဆောင်းကြရာတွင် နေထိုင်မှုပုံစံကို မြှင့်တင်၍ စုဆောင်းခြင်း၊ ပိုမိုကောင်းမွန်အောင်လုပ်မည်ဟု စဉ်းစားသောနည်းဖြင့် စုဆောင်းခြင်းနှင့် ခေတ်ရေစီးကြောင်းကို ပြောင်းလဲ၍ စုဆောင်းခြင်းဟူ၍ ကဏ္ဍသုံးမျိုးရှိသည်။
နေထိုင်မှုပုံစံကိုမြှင့်တင်၍ စုဆောင်းရာတွင် အရက်နှင့် ဆေးလိပ်သောက်ခြင်းကို လျှော့ချခြင်း၊ တစ်ဆုပ်ဆန် စိတ်ဓာတ်ဖြင့် ဆန်စုဆောင်းခြင်း၊ ဆံပင်စုဆောင်းခြင်း၊ ရေဘူးခွံ၊ ကတ်ထူစက္ကူဘူးခွံစသည့် စွန့်ပစ် ပစ္စည်းများကို ပြန်လည်သိမ်းဆည်း စုဆောင်းခြင်း၊ ခရီးသွားလာစရိတ်များကို စုဆောင်းခြင်းဟူ၍ အမျိုးမျိုးစုကြပါသည်။
ပိုမိုကောင်းမွန်အောင်လုပ်မည်ဟု စဉ်းစားသောနည်းဖြင့် စုဆောင်းကြရာတွင် စီးပွားရေးလုပ်ရန် စုဆောင်းခြင်း၊ လစဉ် အစည်းအဝေးတွင် စုဆောင်းခြင်း၊ လုံ့လဝီရိယထားပြီးစုခြင်း၊ စီမံခန့်ခွဲမှုနည်းဖြင့်စုခြင်း၊ ပုံသေဝင်ငွေဖြစ်အောင်စုခြင်း၊ မွေးဖွားခြင်း/ မွေးနေ့ပွဲပြုလုပ်ခြင်း/ လက်ထပ်ခြင်းစသည့် မိသားစုရိုးရာ ဓလေ့များကို လျှော့ချ၍စုခြင်း၊ ပူးပေါင်း ဆောင်ရွက်သောလုပ်ငန်းများလုပ်၍ စုခြင်း ဟူ၍ နည်းလမ်းမျိုးစုံဖြင့် စုကြပါသည်။
ခေတ်ရေစီးကြောင်းကို ပြောင်းလဲ၍ စုဆောင်းရာတွင် ဖြုန်းတီးမှု၊ လက်ဖွာမှု၊ ခမ်းနားကြီးကျယ်မှု စသည်တို့ကို ရှောင်ကြဉ်ခြင်း၊ လည်ဆွဲ/လက်စွပ်များ ဝယ်ယူသုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းတို့ဖြင့် စုဆောင်းကြပါသည်။
အတိုးနည်းနည်းဖြင့် ချေးယူနိုင်အောင် စီစဉ်ထားသောစနစ်
စုဆောင်းရရှိလာသောအဖွဲ့၏ ငွေများကို အသင်းသားများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေးသည့်အတွက် ကျေးရွာသူ ကျေးရွာသားများ ငွေလိုအပ်လာလျှင် အတိုးနှုန်းကြီးကြီး (၁၀ တိုး၊ ၂၀ တိုး) များဖြင့် ချေးယူရခြင်းမျိုးမှ လွတ်ကင်းအောင် အသင်းဝင်များအား အတိုးနှုန်းနည်းနည်း (တစ်ကျပ်တိုး၊ နှစ်ကျပ်တိုး) မျှဖြင့် အလွယ်တကူ ချေးယူနိုင်အောင် စီစဉ်ထားသော စနစ်တစ်ခု ဖြစ်သည်။
အသင်းက ငွေစုသူများအား ပေးရမည့် အတိုးများ၊ အသင်းမှ ချေးထားသူများဆီမှ ရရှိမည့်အတိုးများကို တစ်နှစ်တစ်ခါ ငွေစာရင်းရှင်းတမ်းများပြုလုပ်ပြီး အမြတ်ရှယ်ယာများ ခွဲဝေခြင်းတို့ကိုလည်း ဆောင်ရွက်ကြရသည်။ ထို့အပြင် အသင်းအတွက် လိုအပ်လျှင်သုံးရန် သီးသန့်ဖယ်ထားသည့်ငွေနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ငွေများကိုလည်း သင့်လျော်သောပမာဏဖြင့် ထိန်းသိမ်းထားရသည်။
အသင်း၏ အဓိကလုပ်ငန်းများ အနေဖြင့် ငွေစုခြင်း၊ ငွေချေးခြင်း၊ အကျိုးအမြတ် ခွဲဝေပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်တို့ဖြစ်ပြီး အသင်း ဝင်များအနေဖြင့် ငွေစုခြင်း၊ ငွေချေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရင်း မိမိတို့၏ လူနေမှုဘဝများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်ပါသည်။ ကျေးရွာသစ်ငွေတိုက်လုပ်ငန်းသည် ကိုယ့်အားကိုယ်ကိုးသော ငွေစုငွေချေး လုပ်ငန်းဖြစ်သည့်အတွက် ကျေးရွာအတွင်း ငွေတိုးချေးစားနေသော သူဌေးများအနေဖြင့် နှစ်သက်ကြမည် မဟုတ်ပေ။ သာမန်လူတန်းစားများအတွက် အလွန်အဆင်ပြေပြီး ငွေစုခြင်းအပြင် အသင်းရန်ပုံငွေတိုးရန် အသင်းပိုင်ငွေဖြင့် အခြား ဝင်ငွေတိုးလုပ်ငန်းများနှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကိုလည်း လုပ်ကိုင် ဆောင်ရွက်နိုင်သောကြောင့် အသင်းအဖွဲ့များဖြင့် လုပ်ကိုင်ဆောင်ရွက် နေကြသော ယနေ့ခေတ်တွင် အလွန် ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခု ဖြစ်သည်။
ကျေးရွာခေါင်းဆောင်များအား သင်တန်းပေးခြင်း
ကျေးရွာသစ် ငွေတိုက်များကို ဆောင်ရွက်ရာတွင် ပထမဦးစွာ ကျေးရွာသစ်ငွေတိုက် အသင်းအဖွဲ့ ခေါင်းဆောင်များအား သင်တန်းပေးခြင်းကို ဆောင်ရွက် ရပါသည်။ သင်တန်းတွင် ကျေးရွာသစ်ငွေတိုက်၏ သဘောတရားများ၊ ငွေစုခြင်းနည်းလမ်းများ၊ ငွေချေးခြင်းနည်းလမ်းများ၊ ခေါင်းဆောင်မှုသဘောတရားများ၊ စာရင်း သွင်းခြင်းနှင့် စာရင်းရေးခြင်းနည်းလမ်းများကို သင်ကြားပေးပါသည်။ ကျေးရွာသစ်ငွေတိုက် သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၂၃ ခုနှစ် ဒီဇင် ဘာလအတွင်း ကျေးရွာငွေတိုက် အွန်လိုင်း သင်တန်းနှစ်ကြိမ်ကို စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။
ကျေးရွာသစ်ငွေတိုက်၏ သဘောတရားသည် ကိုယ့်အားကိုယ်ကိုး ငွေစုငွေချေးအသင်းပုံစံဖြစ်သော်လည်း အခြားငွေစုငွေချေး အသင်းများနှင့် လုံးဝခြားနားသော အချက်တစ်ချက်မှာ ကျေးရွာ ခေါင်းဆောင်များအား သင်တန်းပေးခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ကျေးရွာသစ်ငွေတိုက်သည် အသင်းသားများ၏ အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊
ကျေးရွာသူ ကျေးရွာသားများအား အသိပညာပေးခြင်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်းတို့သည်လည်း အခြားငွေစုငွေချေးအဖွဲ့အစည်းများနှင့် မတူညီသောအချက်များ ဖြစ်ပါသည်။
ကျေးရွာသစ်ငွေတိုက်သည် ပထမအဆင့်အနေဖြင့် မိမိကိုယ်ကိုတိုးတက်စေခြင်း၊ ဒုတိယအဆင့်အနေဖြင့် မိမိဒေသ၊ ပတ်ဝန်းကျင်ကို တိုးတက်စေခြင်းနှင့် တတိယအဆင့်အနေဖြင့် မိမိနိုင်ငံတော်ကို တိုးတက်စေခြင်းတို့ဖြစ်ပြီး စိတ်ဓာတ်ရေးရာလှုပ်ရှားမှု၊ စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုမှတစ်ဆင့်မိမိ၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်အထိ ဖွံ့ဖြိုးတိုးတက်စေနိုင်သော အကျိုးကျေးဇူးများ ရရှိစေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကျေးရွာသစ်ငွေတိုက် လုပ်ငန်းသည် ကျေးရွာသူ ကျေးရွာသားများ လူနေမှုအဆင့်အတန်း မြင့်မားစေရေး၊ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် အလွန်ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ခု ဖြစ်ခြင်းကြောင့် ကျေးရွာသစ်ငွေတိုက်များကို တည်ထောင်လိုသော ကျေးရွာများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ရုံးများမှတစ်ဆင့် ကျေးရွာ ငွေတိုက်စနစ် တည်ထောင်ခြင်း စီမံကိန်းရုံးသို့ လျှောက်ထားနိုင်ပါကြောင်း နှိုးဆော်ရေးသားလိုက်ရပါသည်။