၂၇ ဇွန်
မည်သည့်လုပ်ငန်းမဆို အရှုံးပေါ်နေပါက ဆက်လက်တိုးတက်အောင်ရှေ့တိုးလုပ်ဆောင်ရန်လွယ်ကူမည် မဟုတ်ချေ။ လုပ်ငန်းလည်ပတ်နိုင်အောင် ရပ်တည်နိုင်ပါမှ၊ အမြတ်အစွန်းရှိပါမှ ထိုလုပ်ငန်းကို တိုးတက်အောင် လုပ်ဆောင်နိုင်ပြီး အများအတွက်အကျိုးရှိအောင် ဖန်တီးဖော်ဆောင်နိုင်မည်ဖြစ်သည်။ လုပ်ငန်းအတွက် ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်မည်ဖြစ်သည်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်စေ၊ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဖြစ်စေ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိရေးသည် အရေးပါသည့်အချက်ဖြစ်သည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိသောနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်နေပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ခြင်းသည် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိခြင်းအကြောင်း တစ်ချက်လည်း ပါဝင်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင် လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုပမာဏသည် အဓိကကျသော အချက်တစ်ခုဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုဘဝအဆင့်အတန်းအား ခန့်မှန်းနိုင်သည့် အချက်အလက်ဖြစ်သည်။ လူတစ်ဦးချင်းအတွက် နှစ်စဉ် ထုတ်လုပ်သည့် ဓာတ်အားပမာဏ (ကီလိုဝပ်နာရီ)မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကီလိုဝပ်နာရီ အမြောက်အမြား ရှိနေပြီး အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံသည် ကီလိုဝပ်နာရီ ၂၅၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၁၀ဝဝ ကျော်၊ လာအိုနိုင်ငံတွင် ၁၆၀ဝ ကျော်၊ က္ဘောဒီးယားနိုင်ငံတွင် ကီလိုဝပ်နာရီ ၃၀ဝ နီးပါးရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ခုနှစ်က လူတစ်ဦးချင်းအတွက်နှစ်စဉ်ထုတ်လုပ်သည့် ဓာတ်အားကီလိုဝပ်နာရီ ၁၄၅ ရှိပြီး ပြည်သူ့အစိုးရ လက်ထက် တတိယ(၁)နှစ်တာကာလအတွင်း တစ်နှစ်လျှင် လူတစ်ဦး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ ကီလိုဝပ်နာရီ ၃၇၀ ရှိလာသဖြင့်များစွာတိုးတက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ လက်ရှိတွင်မြန်မာနိုင်ငံရှိလူဦးရေ၏ ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး ၅၆ ရာ ခိုင်နှုန်းမှာ လျှပ်စစ်မီးမရရှိသေးချေ။
ထို့ကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများအားလုံး လူမှုစီးပွား ဘဝမြင့်မားတိုးတက်ရေးအတွက် အရှုံးပေါ်နေသောလုပ်ငန်းဖြင့် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်ပင် အလှမ်းဝေး နေသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစရိတ်သည်လျှပ်စစ်တစ်ယူနစ်တိုင်းအတွက် ငွေကျပ် ၁၀ဝ ကျော် ကုန်ကျစရိတ်ရှိနေချိန်တွင် ပြည်သူများအား ငွေကျပ် ၅၀ ပတ်ဝန်းကျင်ဖြင့် ရောင်းချခြင်း ဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက်ကြိုးပမ်းအားထုတ်ရာ၌ အခက်အခဲများရှိနေမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ လူမှုဘဝမြင့်မားတိုးတက်ရေးအတွက်ယခုနှစ်ကုန်တွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီးရရှိအောင်ကြိုးပမ်းနေပြီး နောင်လာမည့်နှစ်များတွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်နေသည်။
သို့ဖြစ်ရာ လက်ရှိတွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ တိုးမြှင့်လိုက်သဖြင့် သုံးစွဲသူပြည်သူများအနေဖြင့် ကုန်ကျစရိတ်ပိုမိုလာမည်ဖြစ်သော်လည်း နိုင်ငံတော်မှ အရှုံးခံရသောပြည်သူ့ငွေ ပြန်လည်ပေါ် လာအောင်၊ လျှပ်စစ်မီးမသုံးစွဲနိုင်သေးသော ပြည်သူ ၅၆ ရာခိုင်နှုန်းအတွက် လျှပ်စစ်မီးရရှိအောင်ကူညီခြင်းနှင့် ကုန်ကျမှုသက်သာစေရန်ခြိုးခြံချွေတာသုံးစွဲခြင်းဟူသည့် ကောင်းမွန်သော အသိစိတ်ဓာတ်များဖြင့် နိုင်ငံဖွံ့ဖြိုးရေးတွင် ပူးပေါင်းပါဝင်လိမ့်မည်ဟု ယုံကြည်ပါ ကြောင်း။ ။
ကြေးမုံ