ဆုလတ်မေ
မြန်မာမှုနယ်ပယ်တွင် “ပုခက်လွှဲသောလက်သည် ကမ္ဘာကိုအုပ်စိုးနိုင်၏” ဟူသောစကားတစ်ခွန်းကို လူတိုင်း ကြားဖူးကြမည်ဖြစ်သည်။ မိခင်ဖြစ်လာမည့် အမျိုးသမီးတို့၏ ဗီဇစွမ်းအားကို ဖော်ကျူးထားခြင်းပင်ဖြစ်သည်။ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၊ သိပ္ပံပညာရှင်ကြီးများ၊ ထင်ရှားသောသမ္မတကြီးများ၊ ဝန်ကြီးချုပ်များ၊ စစ်ဗိုလ်ချုပ်ကြီးများသည် သားကောင်းမိခင်များဖြစ်ကြသည့် အမျိုးသမီးများကသာ မွေးဖွားပြုစုခဲ့ကြပြီး ထိုဘဝမျိုးကို ပိုင်ဆိုင်ရယူခဲ့ကြသူများပင်ဖြစ်သည်။
အမျိုးသမီး (သို့မဟုတ်) မိန်းမသားများသည် ပင်ကိုသဘာဝအရ နူးညံ့သိမ်မွေ့ကြသည်။ လှပ တင့်တယ် ကျက်သရေရှိခြင်း အသွင်သဏ္ဌာန်ကို ဆောင်ကြသည်။ ထို့ကြောင့်အမျိုးသမီးများကို ပန်းပွင့်လေးများဖြင့် တင်စားလေ့ရှိကြသည်။ အမျိုးသမီးများသည် ပန်းပွင့်လေးများကဲ့သို့ နူးညံ့လှပခြင်း၊ နွဲ့နောင်းခြင်း၊ ဂုဏ်သတင်းကျော်ဇောခြင်းနှင့် မြင်ရသူတို့၏ ဘဝင်နှလုံးကို ကြည်နူးနှစ်သက်အောင် စွမ်းဆောင်နိုင်သည့် တင့်တယ်မှုမျိုးလည်း ရှိပေသည်။ လူသားတိုင်းတွင် စွမ်းရည်နှင့် တန်ဖိုးကိုယ်စီရှိကြသည်။ ထိုအထဲတွင် အမျိုးသမီးများလည်း ပါဝင်သည်။ ယနေ့ခေတ်တွင် အမျိုးသမီးများအနေဖြင့် ချက်ပြုတ်၊ လျှော်ဖွပ်ခြင်း စသော အိမ်မှုကိစ္စများဖြင့်သာ အချိန်ကုန်နေခြင်းမျိုး မဟုတ်ပေ။ အမျိုးသမီးတို့၏ စွမ်းရည်နှင့်တန်ဖိုးကို အသုံးချ နိုင်သောအနေအထားသို့ ပြောင်းလဲလာကြပြီ ဖြစ်သည်။
သာတူညီမျှ လူ့အခွင့်အရေး
မြန်မာအမျိုးသမီးများသည် ရှေးအစဉ်အလာကတည်းက အမျိုးသားများနည်းတူ သာတူညီမျှ လူ့အခွင့်အရေးများကို ယနေ့အထိ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်ကိုက်ညီစွာ ခံစားနေကြရပြီး ခေတ်အဆက်ဆက်တွင် မိသားစု၊ လူ့အဖွဲ့အစည်း၊ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်းပြီး လွတ်လပ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က “မြန်မာအမျိုးသမီးများအနေဖြင့် အခြေခံအကျဆုံးဖြစ်သော မိသားစုတာဝန်မှစ၍ ကဏ္ဍစုံ၊ နယ်ပယ်စုံများတွင် အမျိုး သမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားလာနေပြီကို တွေ့မြင်နေရပြီဖြစ် ကြောင်း၊ နိုင်ငံတကာနှင့် အာဆီယံဒေသ အဆင့် တွေမှာ မြန်မာနိုင်ငံ၏အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကတိကဝတ်ပြုမှုများကို အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတော် အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီနှင့် ဒေသဆိုင်ရာကော်မတီအဆင့်ဟူ၍ ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးများ အထူးသဖြင့် ငယ်ရွယ်သူအမျိုးသမီးများ၏ လူမှု စီးပွားဘဝအခြေအနေ မြင့်မားရေးတွင် အမျိုးသမီး များဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ကဏ္ဍစုံတွင် အမျိုးသမီး များသည် အမျိုးသားများနှင့် တန်းတူပါဝင်ခွင့်ရရှိ နိုင်ရေး အမျိုးသမီးကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစေရန် ဆောင်ရွက်သွားကြရန်လိုကြောင်း” ပြောကြားခဲ့ပါသည်။
လိုအပ်ချက်များကို ဖြည့်ဆည်း
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၂ ခုနှစ် ကိန်းဂဏန်းအရ အစိုးရဌာနများတွင် အမျိုးသမီး များ ပါဝင်တာဝန်ထမ်းဆောင်မှုနှုန်းအနေဖြင့် ညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၂၆ ဒသမ ၂ ရာခိုင် နှုန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်တွင် ၄၃ ဒသမ ၃ ရာခိုင်နှုန်း၊ ညွှန်ကြားရေးမှူးအဆင့်တွင် ၅၂ ဒသမ ၆ ရာခိုင်နှုန်း၊ ဒုတိယညွှန်ကြားရေးမှူး အဆင့်တွင် ၅၆ ဒသမ ၆ ရာခိုင်နှုန်း၊ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်တွင် ၅၇ ရာခိုင်နှုန်းရှိ ကြောင်း သိရှိရပါသည်။ ကိန်းဂဏန်းအချက်အလက် များအရ ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှုကဏ္ဍတွင် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်သည် များစွာတိုးတက်မြင့်မားနေပြီး ကျား၊ မ ရေးရာ တန်းတူညီမျှမှုရှိနေကြောင်း တွေ့ရှိရမည်ဖြစ်သည်။ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ “ကျား၊ မ တန်းတူညီမျှဖို့ နည်းပညာနဲ့ဆန်းသစ်စို့”ဆောင်ပုဒ် သည် အမျိုးသမီးများ၏ ထိခိုက်လွယ်သော အုပ်စု များကို နည်းပညာလက်လှမ်းမီရရှိစေခြင်းဖြင့် အမျိုးသမီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်သလို ကျား၊ မ တန်းတူညီမျှမှုကို ပိုမိုမြှင့်တင်ပေးနိုင်မည့် အလားအလာများကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော အမျိုးသမီးများသည် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသော အင်အားစု တစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များ ဖြစ်ကြသည်။ မြန်မာအမျိုး သမီးများသည် လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူ၊ လူငယ်လူရွယ်များ၏ အနာဂတ်ကို လှပအောင် ဖန်တီးသူဥယျာဉ်မှူးများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် အနာဂတ် နိုင်ငံတော်အတွက် လူစွမ်းအားအရင်းအမြစ်များကို ပုံသွင်းထုဆစ် ပေးကြသော ဗိသုကာပညာရှင်များဖြစ်ကြသည်။ ထို့ကြောင့် မိသားစု၊ လူ့အဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် အမျိုးသမီးများနှင့် ငယ်ရွယ်သူ အမျိုးသမီးငယ်များအတွက် ကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ပေးရေးကို မြှင့်တင် လုပ်ဆောင်သွားကြမည်ဖြစ်သည်။
မြန်မာအမျိုးသမီးများ၏စွမ်းရည်
မြန်မာ့ရာဇဝင်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်းကြရာ၌ ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့၊ ညွှန်းဖွဲ့ စာတင်လောက်သည့် မြန်မာအမျိုးသမီးများစွာရှိပါသည်။ မြန်မာအမျိုးသမီးများ၏ သမိုင်းကြောင်းကို ပြန်လှန်ကြည့်ပါလျှင် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်နှင့် ဇာတိပုည ဂုဏ်မာနဟူသည့် စောင့်ထိန်း အပ်သောတရားတို့ကို ကျင့်ကြံခဲ့ကြသူများဟု တွေ့မြင်ရမည်ဖြစ်သည်။ ဂုဏ်ဟူသည်မှာ ပါဠိ ဘာသာစကားဖြစ်၍ မျိုးရိုး၊ မျိုးနွယ်၊ ဇာတိစိတ် ဟူသည့် ဗီဇစိတ်ဖြစ်ကာ ဇာတိဉာဏ်မှာ မွေးကတည်းက ပါလာသော ပင်ကိုဉာဏ်ဖြစ်သည်။ဇာတိ မာန်မှာ အမျိုးအနွယ်ကိုစွဲ၍ဖြစ်သော မာန်မာန ဖြစ်သည်။
မြန်မာ့သမိုင်းတွင် ကိုလိုနီခေတ်လွတ်လပ်ရေးကြိုးပမ်းမှုကာလများ၌ အမျိုးသားများနှင့် ရင်ပေါင်တန်း တိုက်ပွဲဝင်ခဲ့ကြသည့် အမျိုးသမီးသူရဲကောင်းများရှိသကဲ့သို့ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင်လည်း မြန်မာအမျိုးသမီးတို့သည် နေရာအနှံ့၊ ကဏ္ဍ အစုံ၌ နိုင်ငံတော်အကျိုးကို သယ်ပိုးခဲ့ကြသည်။ ၁၉၅၅ ခုနှစ်တွင် တပ်မတော်(ကြည်း)၌ အမျိုးသမီးများ စစ်မှုထမ်းခွင့်ရခဲ့သည်။ အမိနိုင်ငံတော်စစ်သမီး ကောင်းဇာနည်များ ဖြစ်သော ဗိုလ်ကြီး ဒေါ်ကြင်စီ၊ ဗိုလ်မှူး ဒေါ်ခင်ထား၊ ဗိုလ်မှူးဒေါ်ရင်တို့ကား စွမ်းအားထက်မြက်သော မြန်မာအမျိုးသမီးများ၏ သတ္တိကိုပြသနိုင်ခဲ့သည်။ ထို့ပြင် ခေတ်အဆက်ဆက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်များ၌ အသိပညာ၊ အတတ်ပညာ၊ အနုပညာဆိုင်ရာနယ်ပယ်များတွင် ထူးချွန်ထက်မြက်သည့် မြန်မာအမျိုးသမီးများ ပေါ်ထွက်ခဲ့ပါသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၅၄ သန်းကျော်တွင် အမျိုးသမီးပါဝင်မှုမှာ ၅၂ ရာခိုင် နှုန်းဖြစ်သည်။ နယ်ပယ်စုံ၊ ကဏ္ဍစုံများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်မြင့်မားနေပြီး နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးတာဝန်များတွင် စစ်မှုထမ်း၊ ရဲမှုထမ်းများအဖြစ် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး တာဝန်ထမ်းဆောင်လျက်ရှိကြသည်။ စာအုပ်စာပေ လေ့လာခွင့်ရအောင်၊ အသိဉာဏ်တိုးပွားအောင် စာပေကိုလေ့လာကြရာတွင်လည်း အမျိုးသားများနည်းတူ အမျိုးသမီးများလည်း စာကောင်းပေမွန်များ ကို ရေးသားနိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ပထမဆုံးသော အမျိုးသမီးအယ်ဒီတာအဖြစ် ဒေါ်ဖွားရှင်၊ အမျိုးသမီးရှေးစာဆိုရှင်များအဖြစ် မယ်ခွေ၊ လှိုင်ထိပ်ခေါင်တင်၊ ဂျာနယ်ကျော်မမလေး၊ နုယဉ်၊ ငွေတာရီ စသည့်တန်ဖိုးရှိလှသော စာပေအနုပညာ ရှင်များ ပေါ်ပေါက်ခဲ့သည်။ ထို့နည်းတူ ပထမဦးဆုံး ဆေးပညာ F.R.C.S ဘွဲ့ကို Royal College of Surgeons ကျောင်းမှ ၁၉၁၂ ခုနှစ်တွင် ဒေါက်တာ စောဆက မြန်မာအမျိုးသမီးတစ်ဦးအဖြစ် ထူးချွန်စွာရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးမြေပုံကို ပထမဆုံး ရေးဆွဲသူမှာလည်း မြန်မာအမျိုးသမီး ဒေါ်သင်းကြည် ဖြစ်သည်။ မြန်မာအမျိုးသမီးတို့၏ စွမ်းရည် သည် အံ့မခန်းပင်ဖြစ်သည်။
တာဝန်ထမ်းကြသည်ချင်းမတူ
အမျိုးသမီး၊ အမျိုးသားများသည် လွတ်လပ်စွာ မွေးဖွားလာကြသူများဖြစ်ပြီး တူညီသည့် လူ့ဂုဏ်သိက္ခာ ရှိကြသူများဖြစ်သော်လည်း လိင်ကွဲပြားမှုအပေါ်မူတည်၍ လူ့လောကကြီးတွင် တာဝန်ထမ်းဆောင်သည့် အကျိုးပြုသည့်ပုံစံ၊ အခြေအနေများသည် ကွာခြားကြသည်။ အမျိုးသမီးများအတွက် အကြီးမားဆုံးနှင့် ဂုဏ် အယူရဆုံးတာဝန်မှာ မိခင်ဖြစ်ခွင့်ရခြင်းဆိုသည့် တာဝန်ဖြစ်သည်။ မည်မျှပင် ကြီးကျယ်ခမ်းနားတော်သည့် အမျိုးသားများ ဖြစ်ပါစေ ထိုသူတို့အတွက် မိခင်နေရာမှာရှိနေသူ၊ ထိုသူတို့အတွက် ဂုဏ်ယူမဆုံးဖြစ်နေသူသည် မိခင် ဆိုသည့် အမျိုးသမီးများသာဖြစ်သည်။ ယနေ့အချိန်တွင် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်နိုင် သူအဖြစ်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အဖြစ်လည်းကောင်း၊ ပညာရှင်များအဖြစ်လည်းကောင်း၊ နိုင်ငံ့ ဝန်ထမ်းများအဖြစ် လည်းကောင်း၊ ပြည်သူ့ဝန်ထမ်းများအဖြစ် လည်းကောင်း၊ သာမန် အောက်ခြေ ဝန်ထမ်း လုပ်သားများအဖြစ်လည်းကောင်း နယ်ပယ်၊ ကဏ္ဍအစုံစုံတွင် လုပ်သား အင်အားစုအဖြစ် တည်ရှိနေပြီဖြစ်သည်။ ထိုသို့ လုပ်ငန်းခွင်အတွင်း တာဝန်များထမ်းဆောင်နေကြပြီး အမျိုးသမီးများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှသာ ယင်းနှင့်ဆက်စပ်နေသည့် မိသားစု၊ မိသားစု မှသည် လူမှုအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်း မှသည် နိုင်ငံတော်အထိ သာယာဝပြောမည် ဖြစ်သည်။
မြန်မာအမျိုးသမီးများနေ့
အချုပ်အားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သော ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှစ၍ မြန်မာ အမျိုးသမီးများ၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်များနှင့် လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလျက်ရှိသည်။
သို့ဖြစ်ရာ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဘဝများကို ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပေးရန် လိုအပ်သကဲ့သို့ အမျိုးသမီးငယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးအတွက်ပါ ကာကွယ်စောင့်ရှောက် ပေးကြရမည်ဖြစ်သည်။ မြန်မာအမျိုးသမီးများကလည်း ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသမီးတို့၏ဂုဏ်ရည်ကို မပျက်ယွင်း မပျောက်ပျက်စေဘဲ မိမိတို့၏အမျိုးသမီးဘဝကို အစဉ်မြတ်နိုးတန်ဖိုးထားကြရမည်ဖြစ်သည်။ သို့မှသာ အစဉ်အလာကြီးမားသော မြန်မာအမျိုးသမီးတို့၏ဂုဏ်သည် မြင့်မားလာပြီး အနာဂတ်အမျိုးသမီးများဘဝ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်သည်။ မည်သို့ဆိုစေ ခေတ်အဆက်ဆက်က တည်ရှိခဲ့သော မြန်မာအမျိုးသမီးတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းလျက် နိုင်ငံသစ်ကြီးတည်ဆောက်ရေးတွင် အမျိုးသားများနှင့် ရင်ပေါင်တန်းကာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးသည် မြန်မာအမျိုးသမီးတို့၏ အဓိကတာဝန်ကြီးပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီးတို့သည် အစဉ်အလာနှင့် ဂုဏ်သိက္ခာမြင့်မားသူများပီပီ “မြန်မာအမျိုးသမီးများနေ့”ကို လှိုက်လှဲစွာ ကြိုဆိုရင်း မိမိတို့အပေါ်ကျရောက်သည့် အမျိုးသားရေး တာဝန်ကြီးကို အောင်မြင်အောင် မလျှော့သောဇွဲ၊ သတ္တိတို့ဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရမည် ဖြစ်ပေသည်။
ကိုးကား - နေ့စဉ်ထုတ်သတင်းစာများ
ဆရာဖြိုးသာရ၏ မြန်မာ့နေ့ထူးနေမြတ်များစာအုပ်