စစ်ကိုင်း ၁၄ ဇန်နဝါရီ
မြန်မာ့သစ်လုပ်ငန်း(မန္တလေးတိုင်းဒေသကြီး) မန္တလေးဖောင်ဖွဲ့ရေးဒေသ မန္တလေးဖောင်ဖွဲ့ရေးနယ် မီးဘေးအန္တရာယ်ကာကွယ်ရေး မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီက မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်းသစ်ဆိပ်ရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးမျိုးသူအောင်က မီးဘေးကြိုတင်ကာကွယ်ရေး အဖိုးတန်ကျွန်း/သစ်မာများ မီးလောင်ဆုံးရှုံးမှု မရှိစေရေးအတွက် သစ်ဆိပ်ဝန်ထမ်းများ မီးကင်း ၂၄ နာရီ စနစ်တကျ စောင့်ကြပ်ရေးများကို အသိပညာပေးဟောပြောပြီး ဆီမီးကိုလက်တွေ့ငြှိမ်းသတ်ရေးကို သရုပ်ပြသည်။
ထို့နောက် နိုင်ငံပိုင်သစ်များကို အစုလိုက် မီးသတ်ယာဉ်(၂) စီးဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းကို ဇာတ်တိုက်လေ့ကျင့်ကြကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးရုံး လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၊ မန္တလေးဖောင်ဖွဲ့ရေးဒေသ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းနိုင်၊ မန္တလေးဖောင်ဖွဲ့ရေးနယ် တာဝန်ခံလက်ထောက်မန်နေဂျာ ဦးဝင်းမင်းအောင်၊ စစ်ကိုင်းသစ်ဆိပ် တာဝန်ခံဦးစောအေး (သစ်အုပ်ကြီး)၊ စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှူးဦးမျိုးသူအောင်နှင့် တပ်ဖွဲ့ဝင်များ စစ်ကိုင်း သစ်ဆိပ်ဝန်ထမ်းများ စုစုပေါင်းအင်အား(၅၀)တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်တွေ့မီးငြှိမ်းသတ်ခြင်းကို စစ်ကိုင်းမြို့မြရတနာသစ်ဆိပ်တွင်လည်း တစ်ပြိုင်တည်းပြုလုပ်ကြောင်း သိရသည်။
ခိုင်ဇေယျ