နေပြည်တော် ဖေဖော်ဝါရီ ၁၁
နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ အပိုင်း (၁) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ် ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဉီး က နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards – IPSAS ) ကို အစိုးရဌာန၊ အဖွဲ့ အစည်းများတွင် ကျင့်သုံးရမည့် ဘဏ္ဍာရေးရှင်းတမ်းတင်ပြမှုပုံစံများ တစ်ပြေးညီဖြစ်စေရန် IPSAS ဘုတ်အဖွဲ့မှ ချမှတ်ပြဋ္ဌာန်းထားကြောင်း။
IPSAS ကိုလိုက်နာကျင့်သုံးခြင်းဖြင့် အစိုးရ၏ တစ်စုတစ်စည်းတည်းသော ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲနိုင်ခြင်း၊ နိုင်ငံပိုင်ကဏ္ဍ ဘဏ္ဍာရေးအစီရင်ခံခြင်း ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု၊ တာဝန်ယူမှု တိုးတက်စေခြင်းအပြင် အရည်အသွေးမြင့်မား၍ ယုံကြည်အား ထားရသည့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲတင်ပြနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်နိုင်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံများ ပိုမိုရရှိလာနိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ချေးငွေ၊ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများတွင် လိုအပ်ချက်အရဘဏ္ဍာရေး ရှင်းတမ်းများကို IPSAS အခြေခံဖြင့်ရေးဆွဲရန် လိုအပ်လာပြီ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော် သင်တန်းကျောင်း ကျောင်းအုပ် က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် IPSAS အကြောင်းမိတ်ဆက်ခြင်းနှင့် ယူဆချက်မူဘောင် ၊ ဘဏ္ဍာရေး ရှင်းတမ်းများရေးဆွဲတင်ပြခြင်း၊ ငွေသားစီးဆင်းမှုရှင်းတမ်းစသည်တို့ကို သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း၊ သင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်မှ ဩဂုတ် ၂၆ ရက်အထိ အပတ်စဉ် စနေနေ့တိုင်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်