နေပြည်တော် မတ် ၆
မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍ အတွက် နိုင်ငံတကာစာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း ( Diploma in International Public Sector Accounting Standards - Dip IPSAS) အမှတ်စဉ်(၁) ၊ အပိုင်း (၂) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဉက္ကဋ္ဌ ဒေါက်တာခင်နိုင်ဉီးက ယခုသင်တန်းကို နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများတွင် စာရင်းပညာ ကျွမ်းကျင်စွာဖြင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင် စေရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝပြီး ကောင်းမွန် သည့် ဘဏ္ဍာရေးစီမံ ခန့်ခွဲမှု ဖြစ်ပေါ်လာစေမည့် အပြင် IPSAS စာရင်းစံနှင့်ကိုက်ညီသည့် ဘဏ္ဍာရေးရှင်းတမ်းများ၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေး အစီရင်ခံစာများ ဖြစ်ပေါ်စေမည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် သင်ကြားပို့ချခဲ့မှုများကို စဉ်ဆက်မပြတ်ဆက် လက်လေ့လာ၍ IPSAS ဆိုင်ရာ စာရင်းပြုစုနည်းစနစ်များကို မိမိတို့၏ လုပ်ငန်းနယ်ပယ် အသီးသီးတွင် လက်တွေ့အသုံးချခြင်း၊ ပြန်လည်မျှဝေပေးခြင်းတို့ဖြင့် နိုင်ငံနှင့်ဌာနအကျိုးအတွက် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးစားကြစေလို ကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်း ကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမမှ လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) နှင့်တာဝန်ရှိသူများ က Online ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
အဆိုပါသင်တန်းကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်း စစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၆ ရက်အထိ သင်တန်းကာလ (၃)လကြာ ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း သင်တန်း သား (၉၀) တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်