မိတ္ထီလာ ၅ စက်တင်ဘာ
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်း/စက်ပြင်လုပ်သားများ ရရှိစေရန် စက်ရက်ကန်းစက်မောင်း/စက်ပြင်သင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
“မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိသော စက်ရက်ကန်း စက်မောင်း/စက်ပြင်ပညာဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများတွင် နည်းစနစ်ကျပြီး ကျွမ်းကျင်သော စက်မောင်း/စက်ပြင်ပညာရှင်များ မွေးထုတ်ပေးရန်၊ နည်းစနစ် မှန်ကန်သော ရက်ကန်းအတက် ပညာရှင်များ တိုးပွားလာစေ၍ အရည်းအသွေးပြည့်မှီပြီး ဈေးကွက်ဝင်သော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ မိမိကိုယ်ပိုင်လုပ်ကိုင်လိုသူများ တိုးပွားလာစေပြီး ဆင်းရဲ နွမ်းပါးမှု လျော့ကျလာစေရန်နှင့် အသက်မွေးဝမ်းကျောင်းပညာတက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စက်ရက်ကန်းစက်မောင်း/စက်ပြင် ၂လ သင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း” ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသာဝက ပြောကြားခဲ့သည်။
ယခုလက်ရှိ စက်ရက်ကန်း စက်မောင်း/စက်ပြင်(၂)လသင်တန်းကို မိတ္ထီလာမြို့နယ် အတွင်းရှိ ပေါက်ချောင်းရပ်ကွက်နှင့် ခါးကော့၊ အင်းပက်လက်၊ ဆည်ကြီး၊ ဘုံစုကန်၊ လိန်တော၊ သမုန်းကန်ကျေးရွာ များမှ သင်တန်းသား(၁၀)ဦးတက်ရောက်ခဲ့ပြီး ၎င်းသင်တန်းတွင် စက်ပစ္စည်း အခေါ်အဝေါ် ဝေါဟာရ၊ Timing and Adjustment၊ ရက်ခတ်ခြင်း၊ အခြေခံဒီဇိုင်းစသည့် ဘာသာရပ်များကို သြဂုတ်လ ၁၂ ရက်နေ့မှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


