နေပြည်တော် ၆ သြဂုတ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး၊ ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လက်ခံရေးနှင့် ကျန်းမာရေးစံသတ်မှတ်ချက်များ (SOP)ရေးဆွဲနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့ရန်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း၊ ပထမကဏ္ဍအနေဖြင့် ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန်ဖြစ်ကြောင်း၊ ပုံစံ (၁၅) များ စတင်ထုတ်ယူနိုင်မည့်ရက်၊ စတင်လက်ခံမည့်ရက်နှင့် နောက်ဆုံး လက်ခံမည့်ရက်များကို သတ်မှတ်ကြေညာပေးခဲ့ပါကြောင်း၊ ပြည်ပရှိ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန် ရုံးများ အနေဖြင့် ပြည်ပရောက် မဲဆန္ဒရှင်များက ပေးပို့လာသည့် ပုံစံ (၁၅) များကို ကော်မရှင်သို့ ပေးပို့ခြင်း၊ ကော်မရှင်မှ ပုံစံ (၁၅)များ စိစစ်ပြီး ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပြည်ပရှိ မြန်မာသံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ်ဝန်ရုံးများသို့ ပေးပို့ရခြင်း၊ ဆန္ဒပြုပြီးသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ကော်မရှင်သို့ ပြန်လည်ပေးပို့ရခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် သတ်မှတ်အချိန်မီ ရောက်ရှိစေရေးအတွက် Relief Flight များဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ဖြစ်ကြောင်း။
ဒုတိယကဏ္ဍအနေဖြင့် ရွေးကောက်ပွဲကာလအတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မေးမြန်းထားတာရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများကို ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းလိုသူများရှိကြောင်း၊ ကာကွယ်ရေးပစ္စည်းများကို လက်ခံဆောင်ရွက်ရေးနှင့် မလုံလောက်၍ လိုအပ်သောပစ္စည်းများဝယ်ယူရေး၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်းပြီး တာဝန်ခံဆောင်ရွက်မည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သို့မဟုတ် ဝန်ကြီးဌာန ထားရှိဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကျရောက်နေစဉ် အထွေထွေရွေးကောက်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့ကို နမူနာယူပြီး ကျန်းမာရေးစံသတ်မှတ်ချက် (Standard Operating Procedure – SOP) ကို ရေးဆွဲရေးဖြစ်ကြောင်း။
တတိယကဏ္ဍအနေဖြင့် မကြာမီ မဲဆွယ်စည်းရုံးရေးကာလ ရောက်ရှိတော့မည်ဖြစ်၍ မဲဆွယ်စည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များထုတ်ပြန်နိုင်ရေးဖြစ်ကြောင်း၊ နောက်တစ်ချက်မှာ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲဆန္ဒရှင်များ ကိုဗစ်-၁၉ ရောဂါကင်းရှင်းစွာ မဲပေးနိုင်ရေးအတွက် ထိန်းကျောင်းဆောင်ရွက်ပေးမည့် အဖွဲ့အစည်း လိုအပ်ပါကြောင်း၊ ၎င်းကဏ္ဍအတွက် မည်သည့်အဖွဲ့အစည်းက ဆောင်ရွက်မည်ဆိုသည်ကို ဆွေးနွေးပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆွေးနွေးရမည့်ကဏ္ဍတစ်ခုချင်းအလိုက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက အကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)