နိုင်ငံ့ပုံရိပ် လှပအောင် ဝိုင်းဝန်းမြှင့်တင်

နေပြည်တော် ၂၀ ဇွန်

နိုင်ငံတစ်နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ရန် အတွက် နိုင်ငံကို နိုင်ငံတကာ ဂုဏ်ဒြပ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ထားရမည်ဖြစ်သလို နိုင်ငံ၏ပုံရိပ် စဉ်ဆက်မပြတ် မြင့်မား တောက်ပနေစေရန်အတွက် နိုင်ငံသူ နိုင်ငံသားအားလုံးအနေဖြင့် ကိုယ်စီ ကိုယ်စီ စည်းကမ်းတကျ ပြုမူနေထိုင်တတ်ရန် အရေးကြီးသည်။ နိုင်ငံသူ နိုင်ငံသားများ စည်းကမ်းတကျ ပြုမူနေထိုင်သည်ဆိုရာ၌ အမှိုက်စွန့်ပစ်သည့် အသေးအဖွဲကိစ္စမှအစ အရာရာတွင် စည်းကမ်း လိုက်နာသည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန် လိုအပ်ပေသည်။ ယင်းနှင့်ပတ်သက်၍ မွန်ပြည်နယ် မော်လမြိုင်မြို့ မော်လမြိုင်တက္ကသိုလ်၌ ကျင်းပခဲ့သော ငြိမ်းချမ်းရေးစကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ နေရာတကာ သွားလေရာ အမှိုက်ပစ်တဲ့သူဟာ ကိုယ့်တန်ဖိုးကို ကိုယ်ပြတာဖြစ်ပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း တန်ဖိုး မထားရာရောက်ကြောင်း၊ ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးမထားတာဟာ ကိုယ်နေထိုင်တဲ့နိုင်ငံကြီးကို တန်ဖိုးမထားတာ ဖြစ်ပါကြောင်း၊ အဲဒီလို အသေးအဖွဲလေးတွေကအစ တာဝန်သိစိတ်နဲ့ နေရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို တန်ဖိုးရှိချင်ရင် ကိုယ့်ပတ်ဝန်းကျင်ကို တန်ဖိုးရှိအောင် ထားရမည်ဖြစ်ပါကြောင်း၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းအတွင်းမှာ စိတ်ဓာတ် တွေပြောင်းဖို့ဆိုတာ ကိုယ့်စိတ်ဓာတ်ကို ပထမဆုံးပြောင်းရမည် ဖြစ်ပါကြောင်း” မှာကြားခဲ့သည်။ မြန်မာနိုင်ငံရှိ မြို့ပြဒေသများတွင် နိုင်ငံသူ နိုင်ငံသားများအပိုင်း၌ စည်းကမ်းလိုက်နာမှု အားနည်းနေသည်ကို တွေ့ရသည်။ ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင် မြို့သူ မြို့သားများ အသိစိတ်ဓာတ်ရှိစွာဖြင့် လုပ်ကိုင် ဆောင်ရွက်ရသည့် အမှိုက်စွန့်ပစ်ခြင်း၊ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း အပိုင်းတွင် စည်းကမ်းလိုက်နာမှု အားနည်းသည်ကို တွေ့ရသည်။ အထူးသဖြင့် ကွမ်းတံတွေးထွေးခြင်း၊ အရက်သေစာ ရောင်းချခြင်းတို့ကို နေရာအနှံ့တွင် မြင်တွေ့နိုင်ပြီး နိုင်ငံ့ပုံရိပ်၊ မြို့ပြပုံရိပ်မှာ အကျည်းတန် အရုပ်ဆိုးနေသည်။ သက်ဆိုင်ရာ စည်ပင်သာယာရေးမှ ဝန်ထမ်းများက မြို့ပြသန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို နေ့စဉ်နှင့်အမျှ ဆောင်ရွက်ပေးနေသော်လည်း ပြည်သူအချို့၏ စည်းကမ်းလိုက်နာမှု အားနည်းသောကြောင့် မြို့ပြ ပုံရိပ်ကို ထိခိုက်စေသောမြင်ကွင်းများ ဆက်လက်မြင်တွေ့နေရဆဲဖြစ်သည်။ အဓိကမှာ မိမိကိုယ်ကို တန်ဖိုးထားသည့်စိတ်ဓာတ်၊ မိမိပတ်ဝန်းကျင်ကို တန်ဖိုးထားသည့်စိတ်ဓာတ်များ ပါးလျားနေသောကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။ စည်းကမ်းကြပ်မတ်သော်လည်း ဖြစ်မလာခြင်းမှာ မိမိတို့၏ အသိစိတ်ဓာတ်များကို မပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားသကဲ့သို့ မိမိ တန်ဖိုးကို မိမိကိုယ်တိုင်ပြသရမည် ဖြစ်သည်။ မိမိကိုယ်ကို တန်ဖိုး မထားလျှင် မိမိပတ်ဝန်းကျင်ကိုလည်း တန်ဖိုးမထား၊ မိမိနိုင်ငံကိုပင် အလေးမထားရာ ရောက်ပေသည်။ ထို့ကြောင့် မိမိနိုင်ငံကို အလေးထားပြီး မိမိပတ်ဝန်းကျင်ကို မြှင့်တင်နိုင်ရန်အတွက် မိမိကိုယ်ကို တန်ဖိုးရှိသူ တစ်ယောက်ဖြစ်အောင် အလေးထားပြုပြင်ပြောင်းလဲဖို့ လိုအပ်ပေသည်။ ဈေးရောင်းလျှင် စည်းကမ်းတကျ ဈေးရောင်း၊ အမှိုက်ပစ်လျှင် စည်းကမ်းတကျ အမှိုက်ပစ်၊ စည်းကမ်းတကျ ကွမ်းစားခြင်း၊ အရက်သေစာ သောက်စားခြင်းတို့ ပြုသင့်ပေသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများတွင် နိုင်ငံသားတိုင်း စည်းကမ်းတကျ ပြုမူနေထိုင်ကြသည်ကို တွေ့ရပေမည်။ မြို့ပြစည်းကမ်းဥပဒေများကို အလေးထား လေးစားလိုက်နာကြသည်ကို တွေ့ရပေသည်။ ထိုအခါ

၎င်းတို့၏ မြို့ပြဒေသ ပတ်ဝန်းကျင်များမှာ အစဉ်အမြဲသန့်ရှင်းသပ်ရပ်လှပပြီး နိုင်ငံ့ပုံရိပ်မှာ မြင့်မားကာ နိုင်ငံတကာအလယ်တွင် အထင်ကြီး လေးစားခြင်းခံရသော နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေကြပေသည်။

သို့ဖြစ်ရာ နိုင်ငံ့ပုံရိပ်မြင့်မားပြီး နိုင်ငံတကာမှ အထင်ကြီး လေးစားသော နိုင်ငံကြီးသားများ ဖြစ်လာစေရန်အတွက် မိမိကိုယ်ကို တန်ဖိုးရှိသူများဖြစ်အောင် မိမိတို့၏စိတ်ဓာတ်များကို မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲနိုင်အောင်  ကြိုးပမ်းအားထုတ်ကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။ ။

ကြေးမုံ