နိုင်ငံရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ပြည်သူများအတွက် ဝိသေသထူးခြားသည့် လုပ်ငန်းများကိုသာ ပန္နက်တင် ဖွင့်ပွဲအခမ်းအနားများ ကျင်းပမည်

နေပြည်တော် ၂၄ နိုဝင်ဘာ


ပြည်သူများအတွက် ဝိသေသထူးခြားသည့် လက္ခဏာရှိတဲ့ စီမံကိန်းလုပ်ငန်းများကိုသာလျှင် ပန္နက်တင် အခမ်းအနားများနှင့် ဖွင့်ပွဲအခမ်းအနားများကို ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားလိုက်ပါတယ်။


ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၂)မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၄/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


အစည်းအဝေးတွင် စီမံကိန်းအသစ်များ၊ လမ်းတံတားများ ဆောင်ရွက်ရာတွင် ပန္နက်တင် အခမ်းအနားတွေ၊ ဖွင့်ပွဲအခမ်းအနားတွေကို ပုံမှန်အခြေအနေမှာ ဆောင်ရွက်ခြင်းမရှိတော့ဘဲ နိုင်ငံရေးအရထူးခြားပြီး ဝိသေသရှိတဲ့ အခမ်းအနားများ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို အထောက်အကူပြုပြီး ဆောင်ရွက်ရတဲ့ စီမံကိန်းများ၊ နှစ်နိုင်ငံ အပြန်အလှန်ဆောင်ရွက်ရတဲ့ စီမံကိန်းလုပ်ငန်းများနှင့် ပြည်သူများအတွက် ဝိသေသထူးခြားသည့် လက္ခဏာရှိတဲ့ စီမံကိန်းလုပ်ငန်းများကိုသာလျှင် ပန္နက်တင် အခမ်းအနားများနှင့် ဖွင့်ပွဲအခမ်းအနားများကို ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့လည်း ဒုတိယဝန်ကြီး ဦးကျော်လင်းက ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။


အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဦးစိုင်းသီဟကျော် က ပြည်ထောင်စုလွှတ်တော်က အဆိုကို အတည်ပြုပေးနိုင်ရန် တင်ပြခဲ့ပြီး လွှတ်တော်၏ သဘောထားရယူကာ လွှတ်တော်က သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။


မျိုးထက်ဦး(MDN)