နေပြည်တော် ၃ ဖေဖော်ဝါရီ
ဖေဖော်ဝါရီလသည် မြန်မာနိုင်ငံသမိုင်းတွင် ထူးခြားအရေးပါသော လ တစ်လဖြစ်သည်။ တောင်တန်းဒေသများနှင့် ပြည်မကို လွတ်လပ်ရေး ခွဲခြားပေးမည်ဆိုသည့်အတွက် ပင်လုံညီလာခံ ခေါ်ယူပြီး ပင်လုံစာချုပ်ကို တိုင်းရင်းသားခေါင်းဆောင်တို့နှင့် သဘောတူ လက်မှတ်ထိုးကြသည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့နှင့် နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေး လွတ်လပ်ရေးတိုက်ပွဲများကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တို့ကြောင့်ဖြစ်၏။ ထိုမွေးနေ့ကို အမှတ်တရအဖြစ် ကလေးများနေ့အဖြစ် သတ်မှတ်ထား ပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ငယ်ငယ်ရွယ်ရွယ်နှင့် အမျိုးသား ခေါင်းဆောင်နေရာကို ရောက်ရှိလာသူဖြစ်သည်။ ကျောင်းသားဘဝ ကတည်းက နိုင်ငံလွတ်လပ်ရေးဟူသည့် တစ်ခုတည်းသော ရည်မှန်းစိတ်ဖြင့် နေထိုင် ရှင်သန်လာခဲ့သူ။ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုအောင်ဆန်း၊ တို့ဗမာအစည်းအရုံး အထွေထွေ အတွင်းရေးမှူး သခင်အောင်ဆန်း၊ ဗမာ့တပ်မတော်ကို စတင်ထူထောင်သူ တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်း၊ ဖက်ဆစ်တော်လှန်ရေးနှင့် နယ်ချဲ့ဆန့်ကျင်ရေးအပြီးသတ် ကာလမှာ အရေးအပါဆုံး နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် ဖဆပလအဖွဲ့ချုပ် ကြီး၏ဥက္ကဋ္ဌ ဦးအောင်ဆန်း။ နိုင်ငံရေးသမားစစ်စစ်ဖြစ်သော ဦးအောင်ဆန်းသည် နိုင်ငံချစ်စိတ်၊ ပြည်သူလူထုအကျိုးအတွက်သာ စူးစူးစိုက်စိုက် နှစ်မြှုပ်ထားသောစိတ် ရှိပြီး ရိုးသားပြီးဖြူဖြောင့်၏။ ကိုယ်ကျင့်သိက္ခာကို အလွန်ထိန်းသိမ်းသလောက် အမြော်အမြင်ကြီးသော ခေါင်းဆောင်ဖြစ်၏။
ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲ၊ ၁၉၄၆ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည၌ ပြောခဲ့သည့် မိန့်ခွန်းတွင် “မြန်မာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ညီညွတ်အောင် လွတ်လပ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး ကြိုးစားခဲ့ပါတယ်။ နောင်လည်း ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စပြီးပြတ်အောင် ကြိုးစားပါမယ်။ ယခုနားလည်ထားကြဖို့အချက်က ယခုခေတ် က္ဘာကြီး၏ အခြေအနေမှာ ဘယ်တိုင်းပြည်မဆို၊ ကိုယ့်တိုင်းပြည် တစ်ပြည်တည်း အထီးတည်းနေနိုင်တဲ့ အခြေမျိုးမရနိုင်ဘူး။ တစ်ပြည်နဲ့တစ်ပြည် ပေါင်းစပ်အမှီသဟဲရှိမှ နေနိုင်ကြမယ်ဆိုတဲ့ အချက်ပါပဲ။.... ဒီ့ထက်ပိုပြီး ခရီးရောက်အောင် ဆောင်ရွက်ချက်တစ်ခုထားဖို့ နားလည်စေချင်တာက အင်ဒိုချိုင်းနား၊ အင်ဒိုနီးရှား စတဲ့ အရှေ့ဘက်နိုင်ငံများ စုပေါင်းဆောင်ရွက်နိုင်တဲ့အား ဖြစ်တယ်။ နောက်ဆုံး ကျုပ်ပြောချင်တာက အင်္ဂလိပ်နဲ့ ကျုပ်တို့ဟာ (ကျွန်နဲ့သခင်) ဘဝများတွင် မတည့်နိုင်ကြပေမယ့် လွတ်လပ်တဲ့ဘဝမျိုး ဖြစ်လျှင် မိတ်ဆွေအဖြစ်နဲ့ သင့်မြတ်ချစ်ခင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပါဝင် ခဲ့သည်။
ဦးအောင်ဆန်း၏ နိုင်ငံရေးအမြော်အမြင် မည်မျှလောက်ကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်ပါသည်။ ဒုတိယက္ဘာစစ်ပြီးစအချိန်မှာ ကမ္ဘာ့နိုင်ငံများနှင့် ညီညီညွတ်ညွတ်ပူးပေါင်း အလုပ်လုပ်ကြရန် တွေးခေါ် ကြံဆနေသည်မှာ အလွန်ခေတ်မီသော ညီညွတ်ရေးအတွေးအခေါ်ဟု ဆိုချင်ပါသည်။ ယနေ့ကာလ အာဆီယံတို့၊ အီးယူတို့ကဲ့သို့ ဖြစ်ပါမည်။ နိုင်ငံတွင်း ညီညွတ်ရေးတွင်လည်း- “အချင်းချင်း သဘောကွဲလွဲမှုမျိုး ဆိုတာကတော့ နည်းနည်းပါးပါးတော့ ရှိမှာပဲ။ ဒါပေမဲ့ သူတစ်ပါးနိုင်ငံက ကိုယ့်နိုင်ငံကို လာရောက်စော်ကားလို့ အသက်စွန့်ပြီး မလျှော့တမ်း ကာကွယ်တိုက်ခိုက်တာကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်မျိုး ဖြစ်တာပဲ။ တိုက်ခိုက်ကြတဲ့အခါမှာ စစ်သေနာပတိဟာ ကရင်လည်း ဖြစ်ချင်လည်း ဖြစ်မယ်၊ ကချင်၊ ချင်းဖြစ်ချင်ရင်လည်း ဖြစ်မယ်။ ဘယ်သူ ဖြစ်ဖြစ် တစ်မိန့်တည်း လိုက်နာဆောင်ရွက်ကြရမှာပဲ” ဟူ၏။
သူ၏ နိုင်ငံရေးအမြော်အမြင်မှာ စိတ်ထားရှင်းမှု၊ ညီညွတ်ရေးကို အမှန်တကယ် လိုလားမှုတို့ပေါ်တွင် တည်နေသည့်အတွက် သူပြောခဲ့သော စကားများသည်ကား ယနေ့ထက်တိုင် ကိုးကားနေရဆဲ ဖြစ်နေ တော့သည်။
ယနေ့ မြန်မာ့နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစု အသီးသီးတို့၏ ခေါင်းဆောင်များသည် နိုင်ငံရေးအမြော်အမြင် ကျယ်ပြန့်ကြပြီး နိုင်ငံချစ်စိတ်နှင့် ရိုးသားဖြူစင်မှုတို့ကို မွေးမြူအားထုတ် ကြိုးပမ်း နိုင်ကြကာ အမျိုးသားညီညွတ်ရေးတည်ဆောက်ရင်း စစ်မှန်သော ငြိမ်းချမ်းရေးကို ရယူနိုင်ကြပါစေသတည်း။ ။
မြန်မာ့အလင်း