နေပြည်တော် ၈ ဒီဇင်ဘာ
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို (ခ) ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ်၊ အစိတ်ပိုင်း(၃)ပါ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို အခြေခံ၍ လက်တွေ့ကျသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ဖြစ်ပေါ်လာရေး၊ ရရှိလာသည့် သဘောတူညီချက်များကို အကောင်အထည်ဖော်မည့် ယန္တရားများဖွဲ့စည်းရေး လုပ်ငန်းစဉ်များ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေး၊ အဆင့်လိုက် သဘောတူညီချက်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများ ဟန်ချက်ညီဖော်ဆောင်နိုင်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ဖြစ်ပေါ်လာရေး စသည်တို့ကို အသေးစိတ် ဆွေးနွေးညှိနှိုင်းပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် ပါဝင်သည့် အစိုးရအစုအဖွဲ့၏ ဘုံသဘောထားရယူခြင်းများ ဆောင်ရွက်ကြသည်။
ညနေပိုင်းတွင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


