ထွန်းသစ်စ
ဆူပူအုံကြွမှုတွေနဲ့အတူ ဘေးဒုက္ခအကျပ်အတည်း ခံစားနေရတဲ့ နိုင်ငံထဲကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ ဝင်ရောက်မလာအောင် တားမြစ်ထားတဲ့ တပ်ဖွဲ့ဝင်တွေကို သတိပေးတဲ့အနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ အရေးပေါ်လိုအပ်နေတဲ့ လူတွေအတွက် စုဆောင်းထောက်ပံ့ရေး စင်တာတစ်ခု ပြုလုပ်ပေးဖို့ရှိနေတယ်လို့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ဖေဖော်ဝါရီ ၁၁ ရက်မှာ ကြေညာလိုက်ပါတယ်။ လတ်တလောမှာ ဗင်နီဇွဲလားနိုင်ငံရေးဟာ မတည်ငြိမ်သေးသလို ဘယ်အချိန်ပေါက်ကွဲထွက်သွားမလဲဆိုတာ စောင့်ကြည့်နေရတဲ့ ချိန်ကိုက်ဗုံးကြီးတစ်လုံးလိုပါပဲ။
ဆက်လက်တောင်းဆိုမယ်
အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို အခုတော့ ဗင်နီဇွဲလားကြားဖြတ်သမ္မတအဖြစ် နိုင်ငံ ပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ ပြည်သူကို ဦးဆောင်နေတဲ့ ဂျူအန်ဂွိုက်ဒိုဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်ရှိ သမ္မတမာဒူရိုကို ဖိအားပေးပြီး အထောက်အပံ့ပစ္စည်းတွေကို ပိတ်ဆို့ထားတဲ့ တပ်ဖွဲ့ဝင်တွေကို ခွင့်ပြုပေးဖို့လည်း ဆက်လက်တောင်းဆိုမယ်လို့ သိရပါတယ်။
ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးဆိုင်ရာ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေရှိပြီးတော့ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်ခြင်းစတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂကတော့ စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံက ထွက်ပြေးလာတဲ့ လူဦးရေဟာ ၂၀၁၅ ခုနှစ်ကစပြီး အခုအချိန်အထိ ၂ ဒသမ ၃ သန်းရှိတယ်လို့ သိရပါ တယ်
ရင်ဆိုင်နေရတယ်
အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ လူဦးရေ သုံးသိန်းလောက် ဟာ ငတ်မွတ်ပြီး သေဆုံးမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။ သူတို့ဟာ အမေရိကန် ပြည်ထောင်စုနဲ့ အခြားအလှူရှင်များက ပေးလှူထားတဲ့ အကူအညီတွေ ကိုလံဘီယာနဲ့ ထိစပ်နေတဲ့ ဗင်နီဇွဲလား နယ်စပ်မှာ စုပုံနေပြီး ဗင်နီဇွဲလားနိုင်ငံအတွင်း ရောက်မလာခဲ့ဘူး၊ အဲဒီအကူအညီတွေ အချိန်မီမရရှိဘူးဆိုရင် သူတို့ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်သွားရမယ်လို့လည်း ဆိုပါတယ်။
“တစ်နိုင်ငံလုံးအလိုရှိနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့ ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ရမယ်”လို့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ပြောလိုက်ပါတယ်။ ပိတ်ဆို့ထားမှုနဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုကို ဖောက်ဖျက်နေတဲ့ ပြစ်မှုတွေပဲလို့တောင် သူကပြောလိုက်ပါတယ်။ အခုချိန်ထိ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေဟာ သမ္မတ မာဒူရိုကိုပဲ ထောက်ခံ နေတယ်လို့လည်း သူက ပြောလိုက်ပါတယ်။
သိုင်းသိုင်းဝိုင်းဝိုင်းလုပ်ဆောင်မယ်
အကူအညီပေးရေးပစ္စည်းတွေ ရရှိရေးနဲ့ ဝေငှရေးအတွက် ဗင်နီဇွဲလားပြည်သူ တစ်သိန်းလောက် စေတနာရှင် ဝန်ထမ်းတွေလုပ်ဖို့ အမည်စာရင်းပေးထားတယ်လို့လည်း ဂျူအန်ဂွိုက်ဒိုက ပြောပါတယ်။
ကြွက်မနိုင် ကျီမီးနဲ့ရှို့နေတာလား
ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်း သုံးသပ်မယ်ဆိုရင် ဥရောပနိုင်ငံအချို့ရဲ့ တောင်းဆိုမှုကို ငြင်းဆန်ထားတဲ့ မာဒူရိုက စပိန်ရုပ်မြင်သံကြား တစ်ခုရဲ့ အင်တာဗျူးမှာ ဘာပြောခဲ့သလဲဆိုရင် သူ့ကိုနုတ်ထွက်ဖို့ တောင်းဆိုနေတဲ့သူတွေအပေါ် အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
“ဘာကြောင့်များ ဥရောပသမဂ္ဂက ရွေးကောက်ပွဲ ကျင်းပပြီးတဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံကို ထပ်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ပြောနေတာပါလိမ့်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မဟာမိတ်တွေ မနိုင်လို့ထင်တယ်”ဟု မာဒူရိုက ပြောခဲ့ပါတယ်။
“သူတို့တွေက မိမိတို့ကို ရာဇသံတွေပေးပြီး ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်အောင် လုပ်နေတာ လား”ဟု မာဒူရိုက ထပ်မံပြောလိုက်ပါတယ်။
ပြီးတော့လည်း မာဒူရိုက သူ့ကိုယ်သူ ဗင်နီ ဇွဲလားသမ္မတအဖြစ် ကြေညာထားသူ ဂွိုက်ဒိုကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်။ သို့သော်လည်း ဂွိုက်ဒိုက သူ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပါတယ်။
ဂွိုက်ဒိုက မာဒူရိုရဲ့သမ္မတဖြစ်မှုဟာ တရားမဝင် ဘူးလို့ ပြောလိုက်ပါတယ်။ ပြစ်ချက်တွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲကြောင့်လို့ ဆိုပါတယ်။ ပြီးတော့ ဂွိုက်ဒိုက အစိုးရတစ်ရပ် ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲသစ်လုပ်ပေးဖို့ တောင်းဆိုထားတဲ့အခြေအနေကို တွေ့မြင်နိုင်ပါတယ်။
တိုက်တွန်းပြောကြား
အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနဲ့ များစွာသော လက်တင်အမေရိကနိုင်ငံများကပါ နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားတဲ့ ဂွိုက်ဒိုဟာ တပ်မတော်ကိုလည်း စီးပွားရေးကြောင့် နာလန်မထူနိုင်တဲ့ နိုင်ငံကိုကူညီဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
“မိမိတို့ရဲ့ အာဏာကို ပဋိပက္ခအကျပ်အတည်းတွေ ဖြေရှင်းတဲ့နေရာမှာ ကျင့်သုံးဖို့လိုပါတယ်။ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရမှာဖြစ်ပြီး လွတ်လပ်ရေးရအောင် စွမ်းဆောင်ရပါမယ်”လို့ ဂွိုက်ဒိုက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် တွစ်တာမှာ အတိအလင်းပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံ နဲ့ ချမ်းသာတဲ့နိုင်ငံတွေအနက် ဆင်းရဲတွင်းနက်နေ တဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်ပြီး စစ်ဘက်ဆိုင်ရာကြားဝင်မှုတွေ ဆောင်ရွက်မယ့်သဘောရှိပါတယ်။
မေရိကန် ဒုသမ္မတ မိုက်ပန့်စ်ကလည်း ဗင်နီ ဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို ဗင်နီဇွဲလားသမ္မတအဖြစ် ကမ္ဘာ့နိုင်ငံအားလုံးက အသိအမှတ်ပြုပေးရန်နှင့် လွတ်မြောက်ရေးဘက်တွင် ရပ်တည်ကြရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ပြောကြားလိုက်ပါသေးတယ်။
အာဏာယှဉ်ပြိုင်မှု တစ်နေ့တခြား ကြီးမားလာနိုင်ငံရေးတင်းမာမှုတွေ တစ်နေ့တခြား မြင့်မားလာတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိသမ္မတ နီကိုလပ်မာဒူရိုနဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သူ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုတို့ရဲ့ အာဏာယှဉ်ပြိုင်မှုဟာ တစ်နေ့တခြား ကြီးမားလာနေတယ်ဆိုတာ ငြင်းမရပါဘူး။
မေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ဘက်မှာ ရပ်တည်နေကြောင်း အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်မှု ပြန်လည်ရရှိလာတဲ့အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ဒုသမ္မတ မိုက်ပန့်စ်က ဆိုပါတယ်။
ထိပ်တန်းလေတပ်ဗိုလ်ချုပ်ကြီးတစ်ဦးက ဂွိုက်ဒိုဘက်မှာ ရပ်တည်ကြောင်း လူသိရှင်ကြားကြေညာ ပြီးနောက် ဖေဖော်ဝါရီ ၃ ရက် အစောပိုင်းမှာ မာဒူရိုက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို နိုင်ငံရဲ့ ကမ်းရိုးတန်းအရှေ့မြောက်မှာ စစ်ရေးလေ့ကျင့်မှု လုပ်ဖို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ “ အတိုက်အခံအုပ်စုက နိုင်ငံကို နိုင်ငံခြားသားလွှမ်းမိုးမှုနဲ့ ပြိုကွဲအောင်လုပ်နေတယ်”လို့ မာဒူရိုက တပ်ဖွဲ့ဝင်တွေ ကို ပြောခဲ့ပါတယ်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံစသည် တို့ပါဝင်တဲ့ ဥရောပခုနစ်နိုင်ငံက မာဒူရိုကို ရွေးကောက်ပွဲပြုလုပ်ပေးရန် ရှစ်ရက်တာ အချိန်ပေးခဲ့ပါတယ်။ ရှစ်ရက်အတွင်းမှာ ရွေးကောက်ပွဲ မပြုလုပ်ပေးဘူးဆိုရင် ဂျူအန်ဂွိုက်ဒိုကို မာဒူရို နေရာမှာ အစားထိုးမယ်လို့ ပြင်သစ်နိုင်ငံ၏ ဥရောပရေးရာဝန်ကြီး နာတာလီလွိုက်ဆီက ပြင်သစ်မီဒီယာ ကို ပြောခဲ့တာတွေလည်း ရှိပါတယ်။
ထောက်ခံသွားမလား
ဘယ်လိုပဲဆိုဆို နှစ်ဖက်အားပြိုင်တဲ့နေရာမှာ လူသားချင်းဆိုင်ရာ အကူအညီပစ္စည်းတွေဟာ အရေးပါလာပါတယ်။ ဒီအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် မာဒူရိုကလည်း အကူအညီတွေကို ပိတ်ဆို့ထားသလို ဂျူအန်ဂွိုက်ဒိုကလည်း အကူအညီရရှိရေး ကြိုးစားဆောင်ရွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်ဖက်ထောက်ခံတဲ့ပြည်သူ တွေအနေနဲ့လည်း စဉ်းစားစရာ ကောင်းလာပါပြီ။ အကယ်၍သာ လူသားချင်း စာနာထောက်ထားမှု အကူအညီသာ ရရှိခဲ့မယ်ဆိုရင် တကယ်လိုအပ်နေတဲ့ ဗင်နီဇွဲလားပြည်သူတွေဟာ ဂျူအန်ဂွိုက်ဒိုကို ထောက်ခံသွားမလားဆိုတာပါပဲ။
အခုဆိုရင်နိုင်ငံပေါင်း ၅၀ ကလည်း ဂျူအန် ဂွိုက်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထားသလို ဂျူအန်ဂွိုက်ဒိုကို ပြည်သူတွေကပါ ဝန်းရံလိုက်မယ်ဆိုရင် ရှေ့လာမယ့် ဗင်နီဇွဲလားနိုင်ငံရေးမှာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ အကဲခတ်သွားရမှာပဲ ဖြစ်ပါတယ်။
ကိုးကား-အေအက်ဖ်ပီ