နိုင်ငံရေးမှာ ငြိမ်းချမ်းရေးမရသေးတဲ့ ဗင်နီဇွဲလား

ထွန်းသစ်စ

ဗင်နီဇွဲလားနိုင်ငံမှာ လတ်တလောနိုင်ငံရေးဖြစ်စဉ်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် ဆူပူအြွုံကမှုတွေနဲ့အတူ ဘေးဒုက္ခအကျပ်အတည်း ခံစားနေရတဲ့နိုင်ငံထဲကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ ဝင်ရောက်မလာအောင် တားမြစ်ထားတဲ့အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူ ဂျူအန်ဂွိုက်ဒိုကလည်း ဗင်နီဇွဲလားပြည်သူတွေအတွက် လုပ်ဆောင်ပေးဖို့ အမျိုးမျိုးကြိုးစားနေတဲ့အချိန်မှာ မာဒူရိုကလည်း အမျိုးမျိုးဟန့်တားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ လတ်တလောမှာ ဗင်နီဇွဲလားနိုင်ငံရေးဟာ မတည်ငြိမ်သေးသလို ငြိမ်းချမ်းရေးလည်း မရသေးပါဘူး။

ထွက်ပြေးနေတဲ့ လူဦးရေများလာ

တိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို အခုတော့ ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားပါတယ်။ ပြည်သူကိုဦးဆောင်နေတဲ့ ဂျူအန်ဂွိုက်ဒို ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ လက်ရှိ သမ္မတမာဒူရိုကို ဖိအားပေးပြီး အထောက်အပံ့ပစ္စည်းတွေကို ပိတ်ဆို့ထားတဲ့ တပ်ဖွဲ့ဝင်တွေကို ခွင့်ပြုပေးဖို့လည်း ဆက်လက်တောင်းဆိုမယ်လို့ သိရပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေးဆိုင်ရာ ယိုယွင်းပျက်စီးနေတဲ့ အခြေအနေရှိပြီးတော့ ငွေကြေးဖောင်းပွခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အစားအစာနဲ့ ဆေးဝါးတွေ ပြတ်လပ်ခြင်းစတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကုလသမဂ္ဂကတော့ စီးပွားရေးကပ်ဆိုက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံက ထွက်ပြေးလာတဲ့ လူဦးရေဟာ ၂၀၁၅ ခုနှစ်ကစပြီး ယခုအချိန်အထိ ၂ ဒသမ ၃ သန်းအထိရှိတယ်လို့ သိရပါတယ်။

မာဒူရိုကိုပဲ ထောက်ခံနေ

အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ဗင်နီဇွဲလားနိုင်ငံမှာရှိတဲ့ လူဦးရေ သုံးသိန်းလောက် ဟာ ငတ်မွတ်ပြီး သေဆုံးမယ့် အခြေအနေရှိတယ်လို့ ပြောပါတယ်။ သူတို့ဟာ အမေရိကန် ပြည်ထောင်စုနဲ့ တခြားအလှူရှင်တွေက ပေးလှူထားတဲ့ အကူအညီတွေ ကိုလံဘီယာနဲ့ ထိစပ်နေတဲ့ ဗင်နီဇွဲလားနယ်စပ်မှာ စုပုံနေပြီး ဗင်နီဇွဲလား နိုင်ငံအတွင်း မကြာမီ မရောက်ရှိဘူး။ အဲဒီအကူအညီတွေ မကြာမီ သူတို့မရရှိဘူးဆိုရင် သူတို့ဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်သွားရမယ်လို့လည်း ဆိုပါတယ်။

“တစ်နိုင်ငံလုံးက အလိုရှိနေတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့ ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးမှာ လှုပ်ရှားမှုတွေ လုပ်ဆောင်ရမယ်” လို့ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက ပြောလိုက်ပါတယ်။ ပိတ်ဆို့ထားမှု နဲ့ ပတ်သက်ပြီး လူသားချင်းစာနာမှုကို ဖောက်ဖျက်နေတဲ့ ပြစ်မှုတွေပဲလို့တောင် သူက ပြောလိုက်ပါတယ်။ အခုချိန်ထိ စစ်ဘက်ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်တွေဟာ သမ္မတ မာဒူရိုကို ပဲ ထောက်ခံနေတယ်လို့လည်း သူက ပြောလိုက်ပါ တယ်။

အကူအညီပေးရေး၊ ပစ္စည်းတွေရရှိရေးနဲ့ ဝေငှရေးအတွက် ဗင်နီဇွဲလားပြည်သူ တစ်သိန်း လောက် စေတနာ့ရှင် ဝန်ထမ်းတွေလုပ်ဖို့ အမည် စာရင်းပေးထားတယ်လို့လည်း ဂျူအန်ဂွိုက်ဒိုက ပြောပါတယ်။

တိုက်တွန်း

ဗင်နီဇွဲလားနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်းသုံးသပ်မယ်ဆိုရင် ဥရောပနိုင်ငံအချို့ရဲ့ တောင်းဆိုမှုကို ပြောင်ပြောင်တင်းတင်း ဖီဆန်ထားတဲ့ မာဒူရိုက စပိန်ရုပ်မြင်သံကြားတစ်ခုရဲ့ အင်တာဗျူးမှာ ဘာပြောခဲ့သလဲဆိုရင် သူ့ရဲ့ နုတ်ထွက်မှုအတွက် တောင်းဆိုနေတဲ့သူတွေအပေါ် အလျှော့ပေးသွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ အခုဆိုရင် သူဟာ ပြည်သူတွေကိုတောင် မငဲ့တော့ဘဲ လူသားချင်းစာနာမှုဆိုင်ရာ ပစ္စည်းတွေကိုတောင် ပိတ်ဆို့ထားတာဟာ ကြွက်မနိုင်လို့ ကျီမီးနဲ့ ရှို့တဲ့ပုံပေါက်နေပါတယ်။

 “ဘာကြောင့်များ ဥရောပသမဂ္ဂက ရွေးကောက်ပွဲကျင်းပပြီးတဲ့ ကမ္ဘာ့နိုင်ငံတစ်နိုင်ငံကို ထပ်ပြီး ရွေးကောက်ပွဲပြုလုပ်ဖို့ ပြောနေတာပါလိမ့်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ မဟာမိတ်တွေ မနိုင်လို့ထင်တယ်လို့” မာဒူရိုက ပြောလိုက်ပါတယ်။ “သူတို့တွေက မိမိတို့ကို ရာဇသံတွေပေးပြီး ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်နေအောင် လုပ်နေတာလား”ဟု မာဒူရိုက ထပ်မံပြောလိုက်ပါတယ်။

တောင်းဆို

ပြီးတော့လည်း မာဒူရိုက သူ့ကိုယ်သူ ဗင်နီဇွဲလားသမ္မတအဖြစ် ကြေညာထားသူ ဂွိုက်ဒိုကို မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်။ သို့သော်လည်း ဂွိုက်ဒိုက သူ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ခဲ့ပါတယ်။ မာဒူရိုရဲ့သမ္မတဖြစ်မှုဟာ တရားမဝင်ဘူးလို့ ဂွိုက်ဒိုက ပြောလိုက်ပါတယ်။ ပြစ်ချက်တွေနဲ့ ပြည့်နေတဲ့ ရွေးကောက်ပွဲကြောင့်လို့ ဆိုပါတယ်။ ပြီးတော့ ဂွိုက်ဒိုက အစိုးရတစ်ရပ်ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲသစ်လုပ်ပေးဖို့ တောင်းဆိုထားတဲ့ အခြေအနေကို တွေ့ မြင်နိုင်ပါတယ်။

လွတ်လပ်ရေးရအောင် စွမ်းဆောင်မယ်

မေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ သြစတြေးလျနဲ့ များစွာသော လက်တင်အမေရိက နိုင်ငံများကပါ နိုင်ငံခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားတဲ့ ဂွိုက်ဒိုဟာ တပ်မတော်ကိုလည်း စီးပွားရေးကြောင့် နာလန်မထူနိုင်တဲ့ နိုင်ငံကို ကူညီဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

“မိမိတို့ရဲ့ အာဏာကို ပဋိပက္ခအကျပ်အတည်းတွေ ဖြေရှင်းတဲ့နေရာမှာ ကျင့်သုံးဖို့လိုပါတယ်။ ဒီမိုကရေစီကို ပြန်လည်ထိန်းသိမ်းရမှာဖြစ်ပြီး လွတ်လပ်ရေးရအောင် စွမ်းဆောင်ရပါမယ်”လို့ ဂွိုက်ဒိုက ဖေဖော်ဝါရီ ၃ ရက်က တွစ်တာမှာ အတိအလင်းပြောကြားခဲ့ပါတယ်။

တိုက်တွန်းပြောကြား

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မှာက တော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရေနံနဲ့ ချမ်းသာတဲ့ နိုင်ငံတွေအနက် ဆင်းရဲတွင်းနက်နေတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက် ပြီး စစ်ဘက်ဆိုင်ရာကြားဝင်မှုတွေ ဆောင်ရွက်မယ့် သဘောရှိပါတယ်။

အမေရိကန် ဒုသမ္မတ မိုက်ပန့်စ်ကလည်း ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုကို ဗင်နီဇွဲလားသမ္မတအဖြစ် က္ဘာ့နိုင်ငံအားလုံးက အသိအမှတ်ပြုပေးရန်နှင့် လွတ်မြောက်ရေးဘက် တွင် ရပ်တည်ကြရန် အမေရိကန်ပြည်ထောင်စုက တိုက်တွန်းကြောင်း ပြောကြားလိုက်ပါသေးတယ်။ နိုင်ငံရေးတင်းမာမှုများ တစ်နေ့တခြားမြင့်မားလာတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ လက်ရှိ သမ္မတ နီကိုလပ် မာဒူရိုနဲ့ ကြားဖြတ်သမ္မတအဖြစ် ကြေညာခဲ့သူ အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုတို့ရဲ့ အာဏာယှဉ်ပြိုင်မှုဟာ တစ်နေ့တခြား ကြီးမား လာနေတယ်ဆိုတာ ငြင်းမရပါဘူး။

ပြောင်းလဲမှုတွေ လုပ်မှာလား

အမေရိကန်ပြည်ထောင်စုအနေဖြင့် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ဘက်မှာ ရပ်တည်နေကြောင်း အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။ ထို့အတူ ဗင်နီဇွဲလားနိုင်ငံမှာ လွတ်လပ်မှု ပြန်လည် ရရှိလာတဲ့အထိ အမေရိကန်အစိုးရအနေနဲ့ ဗင်နီဇွဲလား ပြည်သူတွေနဲ့အတူ ရပ်တည်သွားမှာဖြစ်ကြောင်း ဒုသမ္မတ မိုက်ပန့်စ်ကဆိုပါတယ်။ ထိပ်တန်းလေတပ် ဗိုလ်ချုပ်ကြီးတစ်ဦး ဂွိုက်ဒိုဘက်မှာ ရပ်တည်ကြောင်း လူသိရှင်ကြား ကြေညာပြီးနောက် ဖေဖော်ဝါရီ ၃ ရက် အစော ပိုင်းမှာ မာဒူရိုက စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကို နိုင်ငံရဲ့ ကမ်းရိုးတန်းအရှေ့မြောက်ဘက်မှာ စစ်ရေးလေ့ကျင့်မှုလုပ်ဖို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အတိုက်အခံအုပ်စုက “နိုင်ငံကို နိုင်ငံခြားသား လွှမ်းမိုးမှုနဲ့ ပြိုကွဲအောင်လုပ်နေတယ်” လို့ မာဒူရိုက တပ်ဖွဲ့ဝင်တွေကို ပြောခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနဲ့ စပိန်နိုင်ငံ စသည် တို့ပါဝင်တဲ့ ဥရောပ ခုနစ်နိုင်ငံက မာဒူရိုကို ရွေးကောက်ပွဲပြုလုပ်ပေးဖို့ ရှစ်ရက်တာ အချိန်ပေးခဲ့ပါတယ်။ ရှစ်ရက်အတွင်းမှာ ရွေးကောက်ပ ွဲမပြုလုပ်ပေးဘူးဆိုရင် ဂျူအန်ဂွိုက်ဒို ကို မာဒူရိုနေရာမှာ အစားထိုးမယ်လို့ ပြင်သစ်နိုင်ငံရဲ့ ဥရောပရေးရာဝန်ကြီး နာတာလီလွိုက်ဆီက ပြင်သစ်မီဒီယာကို ပြောခဲ့တာတွေလည်းရှိပါတယ်။

စဉ်းစားစရာကောင်းလာ

ဘယ်လိုပဲဆိုဆို နှစ်ဖက်အားပြိုင်တဲ့နေရာမှာ လူသားချင်းဆိုင်ရာ အကူအညီပစ္စည်းတွေဟာ အရေးပါလာပါတယ်။ ဒီအခြေအနေကို သုံးသပ် ကြည့်မယ်ဆိုရင် မာဒူရိုကလည်း အကူအညီတွေကို ပိတ်ဆို့ထားသလို ဂျူအန်ဂွိုက်ဒိုကလည်း အကူအညီရရှိရေး ကြိုးစားဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ နှစ်ဖက်ထောက်ခံတဲ့ ပြည်သူတွေအနေနဲ့လည်း စဉ်းစားစရာကောင်းလာပါပြီ။ အကယ်၍သာ လူသားချင်းစာနာထောက်ထားမှု အကူအညီသာ ရရှိခဲ့မယ်ဆိုရင် တကယ်လိုအပ်နေတဲ့ ဗင်နီဇွဲလားပြည်သူတွေဟာ ဂျူအန်ဂွိုက်ဒိုကို ထောက်ခံသွားမလား ဆိုတာပါပဲ။ အခုဆိုရင် နိုင်ငံပေါင်း ၅၀ ကလည်း ဂျူအန်ဂွိုက်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုထားသလို ဂျူအန်ဂွိုက်ဒိုကို ပြည်သူတွေကပါ ဝန်းရံလိုက်မယ်ဆိုရင် ရှေ့လာမယ့် ဗင်နီဇွဲလားနိုင်ငံရေးဟာ ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာ အကဲခတ်သွားရမှာပဲ ဖြစ်ပါတယ်။ ။

ကိုးကား- အေအက်ဖ်ပီ