နိုင်ငံရေးမုန်တိုင်းကြားသို့ တိုးဝင်သွားသော ရေယာဉ်မှူး

၈ ဇူလိုင်

ဇွန်လနောက်ဆုံးပတ်မှာ ဒုက္ခသည်တွေတင်ဆောင်လာတဲ့ သင်္ဘောကို ခွင့်ပြုချက်မရှိဘဲ အီတလီနိုင်ငံပိုင်ကျွန်းမှာ ဆိုက်ကပ်ခဲ့တဲ့ဖြစ်ရပ်ဟာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ရပါတယ်။ လက်ရှိ အီတလီအစိုးရဟာ ရွှေ့ပြောင်းနေထိုင်သူအရေးကို ဆန့်ကျင်တဲ့အစိုးရဖြစ်ပြီး အီတလီဆိပ်ကမ်းတွေမှာ အရင်ကလို ကယ်ဆယ်ရေးသင်္ဘောတွေကို  လွယ်လင့်တကူ  ကမ်းကပ်ခွင့် မပေးတော့ပါဘူး။

ငြင်းပွားစရာဖြစ်လာ

ဒီလိုအခြေအနေမျိုးမှာ      ပင်လယ်ပြင်မှာ ကူကယ်ရာမဲ့ဖြစ်နေတဲ့   ဒုက္ခသည် ၄၀ ကျော်ကို အီတလီနိုင်ငံ  လမ်ပီဒူဆာကျွန်းက  ဆိပ်ကမ်းကို အရောက်ပို့ခဲ့တဲ့  နောက်မှာတော့  သင်္ဘောရေ ယာဉ်မှူးဖြစ်တဲ့ ကာရိုလာရက်ကီတီဟာ အီတလီ နိုင်ငံအတွက် အငြင်းပွားစရာကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။  ရွှေ့ပြောင်းနေထိုင်သူတွေကို  ဆန့်ကျင်ကြသူတွေနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အားပေး ကြသူတွေကြား  အငြင်းပွားစရာဖြစ်လာပါတယ်။

စိန်ခေါ်မှုတစ်ရပ်

ဒီလိုမလုပ်သင့်ဘူးလို့  တားမြစ်နေတဲ့ကြားထဲက မရရအောင် Sea Watch 3 သင်္ဘောကို ဆိုက်ကပ်ခဲ့တဲ့ ရေယာဉ်မှူးရဲ့ လုပ်ရပ်ဟာ အမျိုးသားရေးဝါဒီတစ်ဦးဖြစ်တဲ့  အီတလီပြည်ထဲရေး ဝန်ကြီးကို  စိန်ခေါ်လိုက်တာပါပဲ။  


သင်္ဘောဆိုက်ကပ်ပြီးတဲ့နောက်မှာတော့    ကာရိုလာရက်ကီတီလည်း  အဖမ်းခံလိုက်ရပါတယ်။  အမျိုးသမီးရေ ယာဉ်မှူးဖြစ်တဲ့   ကာရိုလာဟာ  အသက် ၃၁ နှစ် ရှိပါပြီ။ သူ့သင်္ဘောပေါ်မှာပါလာတဲ့ ဒုက္ခသည်တွေ အတွက်သာစဉ်းစားပြီး    သင်္ဘောကိုကမ်းကပ်ဖို့ ဆုံးဖြတ်လိုက်တာလို့  ကာရိုလာက  တယ်လီဖုန်း အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။ သင်္ဘောပေါ်မှာပဲ ဆက်ထားရင် သူတို့အားလုံးရဲ့ လုံခြုံရေးကို အာမမခံနိုင်တော့တာကြောင့် ကမ်းခြေကို ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါလို့  သူက ဆက်ပြောပါတယ်။ ကာရိုလာကို တရားသူကြီးက လွှတ်ပေးပြီးဖြစ်ပေမယ့်    အစိုးရရှေ့နေတွေကတော့  သူ့ကိုဆက်ပြီး မေးမြန်းကြဆဲပါပဲ။ ကာရိုလာဟာ ဇွန် ၁၂ ရက်က လစ်ဗျားကမ်းရိုးတန်းမှာ တွေ့ရှိခဲ့ရတဲ့ ဒုက္ခသည်တွေကို တင်ဆောင်လာပြီး လမ်ပီဒူဆာကျွန်းဆီကို ဦးတည်ခုတ်မောင်းလာခဲ့ပါတယ်။

ရုတ်ရုတ်သဲသဲဖြစ်စေ

သူ့ရဲ့လုပ်ရပ်ဟာ ရွှေ့ပြောင်းဒုက္ခသည်အရေး သဘောထားကွဲလွဲနေကြတဲ့  အီတလီနဲ့  ဥရောပ တို့ကြား  ရုတ်ရုတ်သဲသဲအခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။      အီတလီပြည်ထဲရေးဝန်ကြီး မက်တီရီယိ်ုဆယ်ဗီနီဟာ  ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်ဆန့်ကျင်ရေးမူဝါဒနဲ့        ဆိပ်ကမ်းတွေ အားလုံးကို   ပိတ်ဆို့ပစ်တဲ့မူဝါဒကို    ကျင့်သုံးပြီး သဘောထားတင်းမာသူလို့ နာမည်ရနေတဲ့လူပါ။ ၂၀၁၈ ခုနှစ် ဇွန်လတုန်းကလည်း Aquarius လို့ အမည်ရတဲ့သင်္ဘောဟာ ရွှေ့ပြောင်းအခြေချ နေထိုင်သူ  ၆၃၀ ကို  တင်ဆောင်ပြီး  အီတလီမှာ ကမ်းကပ်ခွင့်တောင်းခဲ့ပေမယ့်  မရခဲ့ပါဘူး။ အဲဒီနောက် စပိန်နိုင်ငံ ဗလင်ဆီယာသို့ ဆက်လက်ခုတ် မောင်းသွားဖို့ ဖိအားပေးခံခဲ့ရပါတယ်။

တားဆီးခံရ

အဲဒီနောက်ပိုင်းကစလို့      ကယ်ဆယ်ရေး သင်္ဘောတွေ      တောက်လျှောက်တားဆီးခံရပါတယ်။  အီတလီဆိပ်ကမ်းတွေကို  ဝင်ခွင့်မရပါဘူး။ ဒါကြောင့်  လူပေါင်း  ၂၅၀ဝ  ခန့်  ပင်လယ်ပြင်မှာ ရက်ပေါင်း    ၁၆၅      ရက်ကြာ      ပိတ်မိခဲ့ရတယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့မှ မာကိုဘတ်တို တိုက ပြောပါတယ်။ ကယ်ဆယ်ရေးသင်္ဘောပေါ်မှာ ပါလာတဲ့  အမျိုးသား၊  အမျိုးသမီးနဲ့  ကလေးတွေဟာ  လစ်ဗျားမှာကတည်းက  ထိခိုက်နစ်နာမှုတွေ ခံစားခဲ့ရပါတယ်လို့ ၄င်းက ဆက်ပြောပါတယ်။ Sea Watch 3 သင်္ဘောကတော့ ဂျာမနီပိုင်ဖြစ်ပေမယ့် ဒတ်ချ်အလံလွှင့်ထူထားပါတယ်။ အီတလီအာဏာ ပိုင်တွေဆီက ကမ်းကပ်ခွင့် ခွင့်ပြုချက်ရဖို့ ပင်လယ်ပြင်မှာ ၁၆ ရက်ကြာ  စောင့်ဆိုင်းပြီးမှ ဇွတ်အတင်း ကမ်းကပ်ခဲ့တာပါ။

ရာခိုင်နှုန်းကျဆင်းလာ

ကမ်းကပ်ခွင့်ရသွားလို့လည်း          အခုဆိုရင် သင်္ဘောပေါ်မှာ ပါလာတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေ ဟာ စစ္စလီကျွန်းမှာ ခြေချခွင့်ရပြီး ဥရောပငါးနိုင်ငံ ကိုသွားဖို့          စောင့်ဆိုင်းနေကြပါပြီ။      ဒါပေမယ့် ရေယာဉ်မှူးဖြစ်တဲ့  ကာရိုလာကတော့   ဖမ်းဆီးစစ်ဆေးတာကို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ပါလီမန်မှာတော့   ပြည်ထဲရေးဝန်ကြီး မစ္စတာ  ဆယ်ဗီနီက  လွန်ခဲ့တဲ့နှစ်ကစပြီး  အီတလီ ကမ်းခြေတွေကို ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည် အရေအတွက်ဟာဆိုရင် ၈၄ ရာခိုင်နှုန်းကို လျော့ ကျသွားတယ်လို့  ပြောခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကနဲ့ ယှဉ်ရင်တော့ ၉၇ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ပြောပါတယ်။ ဥရောပကိုဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်ကို  သိသိသာသာကြီး လျှော့ချနိုင်ခဲ့ပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနရဲ့    ဖော်ပြချက်အရ    လွန်ခဲ့တဲ့နှစ်အတွင်း  အီတလီကို    ပင်လယ်ရေကြောင်းကနေတစ်ဆင့် ဝင်ရောက်လာတဲ့      ဒုက္ခသည်အရေအတွက်ဟာ ၃၀ဝဝ ထက်  လျော့နည်းတယ်လို့ သိရပါတယ်။

လျှို့ဝှက်စွာဝင်ရောက်

ကမ္ဘာတစ်ဝန်း        ဖိအားပေးမှုတွေကြောင့် နေရပ်ကနေ  ထွက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇၀ ဒသမ ၈ သန်းထဲက အနည်းငယ်သာ အီတလီနိုင်ငံနဲ့ ဥရောပကို ရောက်ရှိလာကြတယ်လို့ အစိုးရ အဖွဲ့အစည်းမဟုတ်တဲ့    ရွှေ့ပြောင်းနေထိုင်သူနှင့်  ဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းမှ ဖိလစ်ပိုမီရာ ဂလာက  ပြောပါတယ်။  အီတလီပြည်ထဲရေးဝန် ဆယ်ဗီနီကို ဝေဖန်ကြသူတွေကတော့   ရွှေ့ပြောင်း အခြေချနေထိုင်သူနဲ့    ဒုက္ခသည်တွေကို  အီတလီ ကမ်းခြေတွေမှာ        တရားဝင်ခြေချခွင့်မပေးတာကြောင့်    ဒုက္ခသည်အများစုဟာ  လျှို့ဝှက်စွာပဲ ဝင်ရောက်လာကြတယ်လို့     ပြောခဲ့ကြပါတယ်။  အီတလီနိုင်ငံအတွင်း  ပုံမှန်မဟုတ်ဘဲ  ဝင်ရောက် နေထိုင်တဲ့ ဒုက္ခသည်အရေတွက်ဟာ ၂၀၂၀ ရောက် ရင် ၇၀ဝဝဝဝ ခန့် ရှိလာလိမ့်မယ်လို့လည်း အီတလီနိုင်ငံရဲ့ လုံခြုံရေးအေဂျင်စီမှ ခေါင်းဆောင်ဟောင်းဖြစ်သူ တီတိုဘိုရီက ပြောပါတယ်။ မြေထဲပင်လယ် ဒုက္ခသည်  ကယ်ဆယ်ရေးအဖွဲ့အစည်းက  ပိုင်ဆိုင်တဲ့    ရေယာဉ်တစ်စင်းဟာ  ဒုက္ခသည်  ၄၅  ဦးကို တင်ဆောင်လာပြီး   လမ်ပီဒူဆာကျွန်းမှာ ကုန်းပေါ်တက်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့  အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၃ ဦးသာ ကုန်းပေါ်တက်ခွင့်ရခဲ့ပါတယ်။   ကျန်ခဲ့တဲ့ လူတွေကိုတော့      မော်လ်တာကို        ပို့ဆောင်ဖို့ ဆက်လက်ဆွေးနွေးညှိနှိုင်းမှုတွေ    ပြုလုပ်ခဲ့ကြပါတယ်။

ကယ်ဆယ်ရေးသင်္ဘောတွေ လိုအပ်ဆဲ

ပြီးခဲ့တဲ့သီတင်းပတ်တုန်းကလည်း တူနီးရှားမှာ သင်္ဘောပျက်ပြီး သင်္ဘောပေါ်ပါလာတဲ့ လူပေါင်း ၈၀  ခန့်  အသက်ဆုံးရှုံးခဲ့ရပါတယ်။    ဒီလိုအချက် တွေရှိတာကြောင့်လည်း  ကယ်ဆယ်ရေးသင်္ဘော တွေဟာ အမှန်တကယ်လိုအပ်ဆဲပဲလို့ Sea Watch 3 သင်္ဘောရေယာဉ်မှူး    ကာရိုလာရက်ကီတီက ပြောပါတယ်။ လာမယ့်သီတင်းပတ်မှာတော့ ကာရိုလာဟာ  စစ္စလီကျွန်းမှာ  တရားရင်ဆိုင်ရဦးမှာပါ။ ၄င်းဟာ  တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကိုသယ်ယူပို့ဆောင်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ ခံယူရဦးမှာပါ။    ဒါပေမယ့်လည်း      ကာရိုလာကတော့    သူ့ရဲ့လုပ်ရပ်အတွက်    မကြောက်ရွံ့ဘူးလို့ ပြောပါတယ်။ အခုအခါမှာတော့ သူဟာ  လမ်ပီဒူဆာ ကျွန်းကထွက်လာပြီး သူဘယ်ရောက်နေသလဲ ဆိုတာကို ဘယ်သူ့ကိုမှ အသိမပေးဘဲ တိတ်တဆိတ် နေထိုင်နေပါတယ်။ သူ့ကိုရဲတွေဖမ်းသွားရာကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက်လည်း ဝမ်းသာတယ်လို့ ပြောပါတယ်။ သူမောင်းနှင်ခဲ့တဲ့ Sea Watch 3 သင်္ဘောကိုလည်း  အီတလီအာဏာပိုင်တွေက သိမ်းဆည်းထားပါတယ်။ သက်သေအချက်အလက်တွေ  ရှာဖွေဖို့ဆိုပြီး  သိမ်းဆည်းထားတာပါ။  အဲဒီသင်္ဘောကိုလည်း  မကြာမီအချိန်အတွင်းမှာ သိမ်း ဆည်းထားရာကနေ ပြန်ပေးဖို့  သူမျှော်လင့်ထားပါတယ်။

စစ်ဆေးမှုများ မပြီးဆုံးသေး

ကာရိုလာကို ပြန်လွှတ်ပေးထားပေမယ့် စုံစမ်းစစ်ဆေးမှုတွေကတော့  မပြီးဆုံးသေးပါဘူး။ အဲဒီ အချိန်အတွင်းမှာ သင်္ဘောပေါ်  ပြန်မတက်ဖို့ ကာရိုလာရဲ့ရှေ့နေတွေက သတိပေးထားပါတယ်။  အီတလီ အာဏာပိုင်တွေရဲ့    ခွင့်ပြုချက်မရဘဲ  ကမ်းကပ်ခဲ့ တာဖြစ်လို့   ဥပဒေအရ   ယူရို  ၅၀ဝဝဝ  ကနေ ၅၆၀ဝဝ အထိ ချမှတ်ခံရတာမျိုး၊ သင်္ဘောကို သိမ်းယူ သွားတာမျိုးလည်း  ကြုံရနိုင်ပါတယ်။  အီတလီပိုင် နယ်မြေမှာ      ခွင့်ပြုချက်မရဘဲ      ကမ်းကပ်ခဲ့တဲ့  ရေယာဉ်မှူး  ကာရိုလာရဲ့အဖြစ်ဟာ  ရွှေ့ပြောင်းနေထိုင်သူတွေနဲ့  ဒုက္ခသည်တွေကို    ဆန့်ကျင်နေကြတဲ့          ဥရောပနိုင်ငံတွေကြားက        နိုင်ငံရေး မုန်တိုင်းထဲကို    တိုးဝင်သွားတာနဲ့        တူနေပါတယ်။        ။

ကိုးကား -နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး