၂၉ ဇန်နဝါရီ
ဒီမိုကရေစီစနစ်ထူထောင်သည်ဆိုခြင်းတွင် နိုင်ငံရေးယဉ်ကျေးမှုမြင့်မားအောင် ထူထောင်ရသည်ဆိုခြင်းက ယှဉ်တွဲနေ၏။ နိုင်ငံရေး ယဉ်ကျေးမှုကို ဖော်ဆောင်ကြမည့်သူများမှာ နိုင်ငံရေးသမားများ ဖြစ်၏။
ဒီမိုကရေစီစနစ်ဆိုသည်နှင့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး စသည့်မဏ္ဍိုင်ကြီးများကို ပြည်သူလူထု၏ ဆန္ဒသဘောထားပေါ်မှာ အခြေခံကာ တည်ဆောက်ရသည်။ ပြီးပြည့်စုံအောင် ကောင်းမွန်ဖို့ သေချာချင်မှ သေချာမည်ဖြစ်သော်လည်း ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်များကိုသာ တာဝန်ယူစေသည့် နည်းလမ်းက အသင့်တော်ဆုံး ဖြစ်နေဆဲ။
ယင်းသို့ ပြည်သူ့ကိုယ်စားလှယ်ကောင်းများကို ပြည်သူတို့ ရွေးချယ်နိုင်ကြဖို့အတွက် နိုင်ငံရေးသမားများ အားကောင်းဖို့ လိုအပ်ပါမည်။ တစ်နည်းဆိုရသော် နိုင်ငံရေးသမားစစ်စစ်များ လိုအပ်ပါသည်။ အရည်အချင်းပြည့်ဝသော နိုင်ငံရေးသမားများ၊ အမြော်အမြင်ကြီးသော နိုင်ငံရေးသမားများ၊ ကိုယ်ကျိုးမရှာသော၊ ပြည်သူ့အကျိုးကို ရှေးရှုသော နိုင်ငံရေးသမားများ။
မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာများ၊ နိုင်ငံရေး မတည်ငြိမ်မှုများ၊ နိုင်ငံရေး အကျပ်အတည်းများကြားတွင် နှစ်လရှည်ကြာ ဖြတ်သန်းလာခဲ့ရသည့်အတွက် နိုင်ငံရေး ရင်ပြင်ကျယ်ကြီးက ရှိပြီးဖြစ်သည်။
နိုင်ငံရေးသမားဘဝ ခံယူပြီဆိုသည်နှင့် ပထမဆုံးပိုင်းဖြတ်ရသည့် အလုပ်မှာ ကိုယ်ကျိုးစွန့်ရခြင်းဖြစ်ပါသည်။ နိုင်ငံရေးလုပ်ပြီး ချမ်းသာကြွယ်ဝချင်လို့မရ။ နိုင်ငံရေးကို ကိုယ်ကျိုးစီးပွားအကျိုးအမြတ်နှင့် ယှဉ်တွဲပုံဖော်လို့မရ။
နိုင်ငံရေးသမားဆိုသည်မှာ ပြည်သူလူထု ထောက်ခံမှုရသည်နှင့် နိုင်ငံရေးအာဏာနှင့်အတူ လုပ်ပိုင်ခွင့်နှင့်တာဝန်များ ရလာမည်။ ထိုလုပ်ပိုင်ခွင့်များ၊ အာဏာများသည် ကိုယ့်ကိုယ်ကျိုးအတွက်မဟုတ်။ ကိုယ့်ပြည်သူလူထုအကျိုးရှိအောင် ထိုလုပ်ပိုင်ခွင့်များ၊ အာဏာများကို မည်သို့အသုံးပြုမည်နည်း၊ မည်သို့အသုံးပြုခြင်းအားဖြင့် ပြည်သူလူထုအတွက် ပိုမိုထိရောက်အကျိုးရှိမည်နည်းကို တွေးခေါ်မြော်မြင် ချမှတ်အကောင်အထည်ဖော်ရ၏။
ဤသည်က နိုင်ငံရေးသမားတို့၏ စဉ်းစားတွေးခေါ်ပုံဖြစ်၏။
ပြီးတော့ နိုင်ငံရေးသမားဟူသည် မတူညီသော သဘောထားများကို စည်းရုံးဆွေးနွေးပြီး အများသဘောတူအောင် ဆောင်ရွက်ရခြင်းဖြစ်သည်။ သည့်အတွက် ပြည်သူလူထု ထောက်ခံမှုရဖို့ စည်းရုံးရေး အင်အားကောင်းဖို့လို၏။ ထို့အတူ အာဏာနှင့် လုပ်ပိုင်ခွင့်တာဝန်ကို ကျေပွန်ရန် တိုင်းပြည်အုပ်ချုပ် စီမံခန့်ခွဲနိုင်သည့် စွမ်းရည်ထက်မြက်ဖို့လည်း လိုအပ်ပါမည်။
သည်လို နိုင်ငံရေးသမားစစ်စစ်များ၊ နိုင်ငံရေးသမားကောင်းများ ရှိပါမှ အောက်ကျနောက်ကျဖြစ်နေရသော နိုင်ငံဘဝမှသည် တိုးတက်ထွန်းကား တွင်ကျယ်သော နိုင်ငံဘဝသို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် နိုင်ငံတွင် နိုင်ငံရေးနိုးကြားသူများ များပြားတိုးတက်ဖို့ လိုသကဲ့သို့ နိုင်ငံရေးသမားကောင်းများ များများ ပေါ်ထွန်းဖို့လည်း လိုအပ်ပါသည်။
kdင်ငံရေးပါတီများက မျိုးဆက်သစ် နိုင်ငံရေးသမားကောင်းများ ပေါ်ထွန်းလာစေရေး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုအပ်သလို ပြည်သူ လူထုကြားထဲက နိုင်ငံရေးသမားကောင်းများ ထွက်ပေါ်လာဖို့ အားပေးနေကြရန် လိုပါမည်။
အထူးသဖြင့် လူငယ်သွေးသစ်အများအပြားကို နိုင်ငံရေးနယ်ပယ်မှာ လိုအပ်ပါသည်။ နိုင်ငံက အားကိုးရမည့်၊ ရိုးသားဖြူဖြောင့်သည့်၊ အရည်အသွေးပြည့်ဝသည့်၊ အများအကျိုးကို ရှေးရှုသည့် နိုင်ငံရေးသမားကောင်းများ ပေါ်ထွန်းရေးကို ကြိုးပမ်းခြင်းသည် မြန်မာ့အနာဂတ်အရေးအတွက် လိုအပ်သော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ်ဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါသည်။ ။
မြန်မာ့အလင်း