နေပြည်တော် ဇန်နဝါရီ ၂၄

 

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီ များအစုအဖွဲ့၏ အလုပ်အဖွဲ့တို့တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်မှ ၂၄ ရက်အထိ နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပ လျက်ရှိရာ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့်ရရှိခဲ့သည့် သဘောတူညီမှု ရလဒ်များ၊ နိုင်ငံရေးနည်းလမ်းမှတစ်ဆင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်မှုအခြေအနေများနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်နိုင်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသူများ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်။

 

ဦးကိုကိုကြီး (ဥက္ကဋ္ဌ၊ ပြည်သူ့ပါတီ)

နိုင်ငံတစ်နိုင်ငံမှာ အမြင့်ဆုံးဥပဒေက ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပါတယ်။ ဒီဥပဒေရဲ့ သဘောတရား ကလည်း ကျင့်သုံးရင်းနဲ့ လိုအပ်ချက်တွေ၊ အားနည်းချက်တွေရှိရင် တဖြည်းဖြည်းပြင်ဆင် ပြီးတော့ ကောင်းသထက်ကောင်းအောင် ကြိုးစားကြရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း နှစ်ဆက်အတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံး ပြီးတဲ့အချိန်မှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို တွေ့ရှိလာရတာတွေရှိပါတယ်။ လက်ရှိနိုင်ငံတော်ရဲ့ အခက်အခဲတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းကနေ ဖြေရှင်းရမယ်ဆိုရင် မဖြစ်မနေပြင်ဆင်သင့်တဲ့အချက် တွေကို ဆွေးနွေးကြပါတယ်။ ဒီအချက်တွေထဲမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဘက်က အဆိုပြုတဲ့အချက်တွေရှိသလို ကျွန်တော်တို့ နိုင်ငံရေး ပါတီများအစုအဖွဲ့ကလည်း အဆိုပြုတဲ့အချက်တွေရှိပါတယ်။ ဒီအချက်တွေကို နှစ်ဖက်ညှိနှိုင်းပြီး တော့ ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာပြင်ဆင်တဲ့အခါ ကြိုတင်ညှိနှိုင်းသဘောတူပြီးသား ဖြစ်အောင် ကြိုးစားဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

 

အခု ကျွန်တော်တို့ဆွေးနွေးပြီး သဘောထား စုစည်းချက်အားလုံး (၄၃) ချက်ရှိပါတယ်။ နောက်ပြီး တစ်ထိုင်တည်းဆုံးဖြတ်လို့မရဘဲ ဆက်လက်ဆွေးနွေးရမယ့်အချက်(၇)ချက်လည်း ရှိပါတယ်။ ဒီအချက်ကိုလည်း ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးနေတဲ့ အချိန်မှာလည်း သဘောတူစုစည်းထားပြီးသား (၄၃)ချက်၊ ဆက်လက်ဆွေးနွေးမယ့် အချက်(၇)ချက်အပြင် နိုင်ငံရေး ပါတီများအစုအဖွဲ့က ပြင်ဆင်သင့်တယ်လို့ ထပ်မံပြီးအဆိုပြုထားတဲ့ အချက်တွေလည်းရှိပါသေး တယ်။ ဒီအချက်တွေကိုလည်း ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ သဘောတူညီမှုရရှိပြီးသွား ရင်တော့ သဘောထားစုစည်းချက်များအဖြစ်နဲ့ နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးဖို့ အစီအစဉ် လည်းရှိပါတယ်။ ဒါကြောင့် နိုင်ငံရေးနည်းလမ်းနဲ့ ကြိုးပမ်းနေတာဟာ ရုတ်တရက်တော့ သိသာ မြင်သာမဖြစ်ပေမယ့် ကျွန်တော်တို့အားလုံး ပွင့်လင်းရင်းနှီးစွာနဲ့ အကျေအလည်ဆွေးနွေးညှိနှိုင်း နေကြပါတယ်။ ဒီဆွေးနွေးမှုတွေကတစ်ဆင့် တိုးတက်မှုတွေလည်း ရရှိထားပါတယ်။ ဒီတိုးတက်မှု တွေကို ပြည်သူတွေသိရှိစေဖို့ အသိပေးခြင်းဖြစ်ပါတယ်။ ပါတီစုံဒီမိုကရေစီမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတွေ အားမကောင်းဘဲနဲ့ ပါတီစုံဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အားကောင်းဖို့ ပြည်သူတွေကိုယ်တိုင်ကလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ ယုံကြည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်မှု ရှိစေလိုပါတယ်။

 

ဒေါက်တာအေးမောင် (ဥက္ကဋ္ဌ၊ ရခိုင့်ဦးဆောင်ပါတီ)

ဒီနေ့ဆွေးနွေးပွဲမှာတော့ အရင်ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေမှာ သဘောထားမတူညီရသေးတဲ့ အချက် တွေကို ပြန်လည်ညှိနှိုင်းဆွေးနွေးကြပါတယ်။ နောက်ပြီး သဘောတူညီမှုရရှိထားတဲ့အချက်တွေကို လည်း လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ သဘောတူညီထားတဲ့ အချက်တွေကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခြေခံမူတွေ၊ ဥပဒေပြုရေးတွေ၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသဖြင့် အားလုံး(၄၃)ချက် ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှုက အလွန်အရေးကြီးပါ တယ်။ ဒါကြောင့် နိုင်ငံရေးတည်ငြိမ်အောင်ဆောင်ရွက်ဖို့ နိုင်ငံရေးအပေးအယူရှိဖို့ လိုပါတယ်။ နိုင်ငံရေး သဘောထားကွဲလွဲမှုကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ဆိုးကျိုးတွေကို အများကြီးကြုံတွေ့နေရပါပြီ။ ဒါကြောင့် နိုင်ငံရေး တည်ငြိမ်မှုရရှိအောင် အခြေခံဥပဒေရဲ့ တချို့ပုဒ်မတွေကို ပြင်ဆင်လိုခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေပြီး နိုင်ငံရေးပြေလည်မှုရရှိအောင် လိုအပ်နေတဲ့ ကာလဖြစ်တဲ့ အတွက် ကြိုးစားဆောင်ရွက်နေကြပါတယ်။

 

ဒေါက်တာအောင်မြတ်ဦး (ဗဟိုအလုပ်အမှုဆောင်

ကော်မတီဝင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

မနေ့က ဆွေးနွေးပွဲမှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ဆက်လက်ဆွေးနွေးပြီး လက်ရှိနိုင်ငံနဲ့ ပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲ၊ အကျပ်အတည်းတွေကို ဘယ်လိုကျော်လွှား သွားမလဲဆိုတဲ့ နည်းလမ်းတွေကိုရှာဖွေဖို့ ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။ ဖြေရှင်းဖို့ နည်းလမ်းတွေရရှိမယ်လို့လည်း ကျွန်တော်တို့မျှော်မှန်းထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပြောင်းလဲ လာတဲ့ ခေတ်ကာလလိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရတာရှိသလို ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ အနာဂတ်မှာ ဆောင်ရွက်မယ့် လျာထားချက်တွေအပေါ်မှာ အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တာတွေလုပ်ရပါမယ်။ ဒီလိုပြင်ဆင်တာတွေလုပ်ပြီး လိုအပ်တာတွေ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုသဘောထားညှိနှိုင်း လို့ရတဲ့အချက်တွေကို လွှတ်တော်ပေါ်ပေါက်လာတဲ့အခါ လွှတ်တော်မှာ တင်ပြပြီး အတည်ပြုပါမယ်။ ကျွန်တော်တို့ ဆွေးနွေးလာတဲ့ အနေအထားအရ သဘောထားညှိနှိုင်း ရရှိတဲ့ အချက် (၄၃)ချက်ရှိပါတယ်။ ဒီအချက်တွေကို သဘောထားညှိနှိုင်းချက်အနေနဲ့ လက်မှတ် ရေးထိုးသွားဖို့ စီစဉ်ထားပါတယ်။

 

ဦးခင်မောင်သိန်း(ဗဟိုအလုပ်အမှုဆောင်၊

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနဲ့ နိုင်ငံရေးပါတီ များအစုအဖွဲ့တွေနဲ့ ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ကျွန်တော်တို့ပါတီအနေနဲ့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေလုပ်ခြင်းအားဖြင့် နိုင်ငံအတွက်အကျိုးရှိ တယ်လို့ မြင်မိပါတယ်။ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းတာဟာ ပြည်သူတွေအကျိုးအတွက် ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုးစီးပွားနဲ့ နိုင်ငံအတွက်လိုအပ်တာတွေကို ဝိုင်းဝန်းဆွေးနွေးပြီး ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်ပွင့်လင်းပြီး နားလည်မှုသဘော တရားတွေနဲ့ နိုင်ငံအတွက် ဆွေးနွေးခွင့်ရရှိခဲ့တဲ့အတွက် သဘောတူညီ ချက်(၄၃)ချက်ရရှိပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းနေတဲ့ အချက်တွေလည်း ရှိပါတယ်။

 

ကျွန်တော်တို့ နိုင်ငံရေးပါတီများအစုအဖွဲ့အနေနဲ့ နိုင်ငံနဲ့ ပြည်သူအတွက် တတ်နိုင်သမျှ အကျိုးရှိ အောင် ဆောင်ရွက်သွားဖို့ ရည်ရွယ်ချက်နဲ့ဆောင်ရွက် နေကြပါတယ်။ နောက်ပြီး တစ်ယောက်ကို တစ်ယောက် မာန်မာနတွေ၊ အတ္တစွဲတွေ ရှောင်ရှားပြီး ညီရင်းအစ်ကိုတွေလို သဘောထားပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် အောင်မြင်မှုတွေရရှိမယ်လို့ အပြည့်အဝယုံကြည်ပါတယ်။

သတင်း - အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - အေးသန်း