နိုင်ငံရေးပါတီအချို့၏ အထောက်အထားမခိုင်လုံဘဲ ပြောကြားချက်များသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အထင်မှား အမြင်မှား ဖြစ်စေနိုင်

နေပြည်တော် ၂၄ နိုဝင်ဘာ 


အထောက်အထားခိုင်လုံခြင်းမရှိဘဲ နိုင်ငံရေးပါတီအချို့၏ ပြောကြားချက်များသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပေါ် အများပြည်သူတို့အနေဖြင့် အထင်မှား အမြင်မှား ဖြစ်စေနိုင်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၂၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းအပေါ် ပါတီအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့က အပြုသဘောအသွင်မဆောင်ဘဲ သဘောထားကြေညာချက်များ ထုတ်ပြန်ခြင်း၊ သတင်းမီဒီယာများသို့ ပြောကြားခြင်းများရှိခဲ့ပြီး ကော်မရှင်အနေဖြင့် ဥပဒေ၊ နည်းပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါသဖြင့် နိုင်ငံရေးပါတီများအားလုံးသည် ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့်အညီသာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀ဝ၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀ဝ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ကြောင်းနှင့် လျော့နည်းသွားပါက ပါတီဝင်အင်အား ပြည့်မီအောင် မည်သို့ထပ်မံ၍ စည်းရုံးရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅(စ)နှင့် ပုဒ်မ ၁၃၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃(က) နှင့် ၁၃(ခ)တို့တွင် ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။


နိုင်ငံရေးပါတီများသည် အဆိုပါ ဥပဒေ၊ နည်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြခြင်းမရှိသဖြင့် နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားအခြေအနေကို ဥပဒေနှင့်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ကြစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၆-၁၀-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၅/နငရ-ကြီးကြပ် (၂)/ကမရဖြင့် အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


နိုင်ငံရေးပါတီများသည် အများပြည်သူတို့သိရှိနိုင်ရန် သဘောထားထုတ်ပြန်ချက်များ၊ ကြေညာချက်များ ပြုလုပ်နေသည်ဖြစ်ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်လည်း သိရှိထားရမည့်ကိစ္စဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ပြီးသော သဘောထားထုတ်ပြန်ချက်၊ ကြေညာချက်များ၏ မိတ္တူတစ်စောင်ကိုသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ရန် ၂၅-၁၀-၂၀၁၇ ရက်စွဲပါစာအမှတ်၊ ၅ /နငရ-ကြီးကြပ်(၁) /ကမရ ဖြင့် နိုင်ငံရေးပါတီများသို့ တောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများအား သဘောထားထုတ်ပြန်ချက်များ၊ ကြေညာချက်များမပြုလုပ်ရန် တားဆီးခြင်း၊ ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်း၊ ချုပ်ချယ်ခြင်း တစ်စုံတစ်ရာ အလျှင်းမပါရှိပါဟု သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


မျိုးထက်ဦး(MDN)