၂၅ ဇန်နဝါရီ
ဗင်နီဇွဲလားစစ်တပ်က နီကိုလာ မာဒူရို ကို ထောက်ခံအားပေးကြောင်း မနေ့က ကြောငြာလိုက်စဉ် အမေရိကန်နဲ့ အင်အားကြီးနိုင်ငံအချို့က အတိုက်ခံခေါင်းဆောင်ကို ရွမ် ဂွိုက်ဒို သာ တရားဝင်နိုင်ငံ့ခေါင်းဆောင်အဖြစ် လက်ခံခဲ့ပါတယ်။

ဆိုရှယ်လစ်ခေါင်းဆောင် သမ္မတ ဟူဂို ချားဗေ့ ကွယ်လွန်ပြီးနောက် နီကိုလာ မာဒူရိုဟာ သမ္မတအဖြစ် ပထမအကြိမ် ၂၀၁၃ ခုနှစ် ဧပြီလက ပွတ်ကာသီကာနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မာဒူရိုရဲ့ သမ္မတသက်တမ်း ပထမအကြိမ်အတွင်းမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးကျဆင်းခဲ့ပါတယ်။ သည့်အတွက် ဗင်နီဇွဲလားလူထုက မာဒူရိုနဲ့ သူ့ရဲ့ ဆိုရှယ်လစ်အစိုးရက တိုင်းပြည်ရဲ့စီးပွားရေးကို ကျဆင်းစေတယ်လို့ ပြစ်တင်ပြီး ဗင်နီးဇွဲလားပြည်သူ ၃ သန်းကျော်ကလည်း အခုနှစ်ပိုင်းမှာ နိုင်ငံ့ပြင်ပကို ထွက်ခွာသွားကြပါတယ်။
သမ္မတ သက်တမ်း ၆ နှစ်ပြည့်အပြီး ၂၀၁၈ ခုနှစ် မေလ ရွေးကောက်ပွဲကို အတိုက်ခံပါတီအများစုက သပိတ်မှောက်ပြီး ဝင်ရောက်ရွေးချယ်ခြင်း မပြုကြတာကို တွေ့ရပါတယ်။ ဒါ့အပြင်မာဒူရိုက အတိုက်ခံ ခေါင်းဆောင်တွေကို ရွေးကောက်ပွဲဝင်ရောက်ခွင့်မပေးသလို တချို့ကို ထောင်သွင်းအကျဉ်းချထားမှုတွေ လုပ်ခဲ့ပါတယ်။ တချို့အတိုက်ခံခေါင်းဆောင်တွေက ထောင်သွင်းအကျဉ်းချခံရမှာ စိုးရိမ်တဲ့အတွက် နိုင်ငံပြင်ပကို ထွက်ပြေးခဲ့ကြပါတယ်။

၂၀၁၈ ခု မေလ ရွေးကောက်ပွဲမှာ အသက် ၅၆ နှစ်အရွယ် မာဒူရို သမ္မတ အဖြစ် ဒုတိယ သက်တမ်း ရွေးချယ်ခံခဲ့ရတဲ့အတွက် ဒီရွေးကောက်ပွဲဟာ တရားမမျှတတဲ့ ရွေးကောက်ပွဲဖြစ်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။ အဲဒီလို နိုင်ငံရေးမတည်ငြိမ်မှုကြားကနေ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အသက် ၃၅ နှစ်အရွယ် ရွမ် ဂွိုက်ဒို ကို ခေါင်းဆောင်တင်မြောက်ကြရာ ဂွိုက်ဒိုက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က သူသာလျှင် သမ္မတ ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ကိုလံဘီယာအပါအဝင် ဒေသတွင်းက နိုင်ငံပေါင်း တစ်ဒါဇင်လောက်က ဂွိုက်ဒိုကို ထောက်ခံကြပြီး ပြင်သစ်ကလည်း မာဒူရိုအစိုးရကို ငြင်းပယ်ထားပါတယ်။

တရုတ်၊ရုရှား၊ ကျူးဘား၊ မက္ကဆီကို နဲ့ ဘိုလီဗီးယားနိုင်ငံတွေကတော့ မာဒူရိုကို သမ္မတအဖြစ် ထောက်ခံနေကြောင်း သိရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်နေ့ကစပြီး သမ္မတ မာဒူရိုကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ စတင်ဖြစ်လာရာ အကြမ်းဖက်နှိမ်နင်းတဲ့အတွက် သေဆုံးသူ ၂၆ ယောက်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ဗင်နီဇွဲလားနိုင်ငံ အခြေအနေဟာ အရေးပေါ်အဆင့်ကို ရောက်နေတဲ့အတွက် ကုလသမဂ္ဂ လုံခြုံကောင်စီအစည်းအဝေးလုပ်ဖို့ တောင်းဆိုနေပါတယ်။

အဲဒီလိုတင်းမာနေတဲ့ အခြေအနေတွေကြောင့် မာဒူရိုက ဗင်နီဇွဲလားနိုင်ငံတွင်းမှာရှိတဲ့ အမေရိကန် သံတမန် တွေကို ၇၂ နာရီအတွင်း နိုင်ငံပြင်ပက ထွက်ခွာသွားဖို့ ပြောဆိုသလို အမေရိကန်ကို ရောက်ရှိနေတဲ့ ဗင်နီဇွဲလားသံတမန်တွေကိုလည်း ပြန်ဖို့ပြောဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဗင်နီဇွဲလားကနေ သူ့သံတမန်တွေထွက်ခွာဖို့ ငြင်းဆို ကြားဖြတ်အစိုးရရဲ့ သမ္မတ ဂွိုက်ဒိုနဲ့ သံတမန်ရေးအတူရှိနေကြောင်း တုံ့ပြန်လိုက်ပါတယ်။
ရုရှားသမ္မတ ပူတင်က မာဒူရိုကို ဖုန်းဆက်ပြီး ထောက်ခံကြောင်းနဲ့ အခုဖြစ်ပွားနေတဲ့ပဋိပက္ခက ပြင်ပရဲ့ လှုံဆော်မှုတွေကြောင်းလို့ ပြောကြားလိုက်ပါတယ်။ အလားတူ တရုတ်နိုင်ငံကလည်း ဗင်နီဇွဲလားနိုင်ငံအရေးကို ပြင်ပလှုံ့ဆော်မှုတွေကို ကန့်ကွက်ကြောင်းနဲ့ ဗင်နီဇွဲလားနိုင်ငံရေးကို နိုင်ငံဖွဲ့စည်းပုံအတွင်းက တွေ့ဆုံဆွေးနွေးရေးမှ တစ်ဆင့် ဖြေရှင်းဖို့ ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရပ်က အခုဖြစ်ပွားနေတဲ့ ပဋိပက္ခကနေ ဗင်နီးဇွဲလားပြည်သူတွေနဲ့ ဒေသတွင်းနိုင်ငံတွေကို ဘေးဒုက္ခရောက်စေတဲ့အတွက် ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ဆိုပါတယ်။
MDN
ကိုးကား - AFP