နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု၊ လုံခြုံမှုနှင့် ဥပဒေ

၂၈ ဇွန်

 


၂၀ဝ၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ တွင် ပုဒ်မ ၃၄၅ မှ၃၉၀ အထိ နိုင်ငံသား၊ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များကို ပြဋ္ဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်များထဲမှ ပုဒ်မ ၃၅၃ တွင် မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရဟူ၍လည်းကောင်း၊ ပုဒ်မ ၃၅၇ တွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ  ပြဋ္ဌာန်းချက်များနှင့်  မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ   လုံခြုံမှုများအတွက်  ဥပဒေအရ ကာကွယ်ပေးရမည်ဟူ၍လည်ကောင်း  ပြဋ္ဌာန်းထားရှိရာ ယင်းအခွင့်အရေးများနှင့်ပတ်သက်၍ မည်သည့်ဥပဒေက မည်သို့အကာအကွယ်ပေးထားသနည်း။ မျှဝေပါရစေ။

 

ဥပဒေပြဋ္ဌာန်းခြင်း 


ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၇ ခုနှစ် မတ်လ ၈  ရက်နေ့စွဲဖြင့်  နိုင်ငံသားများ၏  ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့သည်။ ဥပဒေ၏ နိဒါန်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုများကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု


ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏  ဥပဒေနှင့်အညီ  လွတ်လပ်စွာသွားလာ ဆောင်ရွက်ခွင့်၊ လွတ်လပ်စွာနေထိုင်နိုင်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်ကို ဆိုသည်။ [ ပုဒ်မ ၂ (ဂ) ]

 

ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု


ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုဆိုသည်မှာ နိုင်ငံသားတစ်ဦး၏ပုဂ္ဂိုလ်ရေးဆိုင်ရာ  လုံခြုံမှုကိုဆိုသည်။  ယင်းစကားရပ်တွင်  နိုင်ငံသားတစ်ဦး၏  နေအိမ်အဆောက်အအုံသို့မဟုတ်  ပရဝဏ်နှင့်  ပရဝဏ်အတွင်းရှိ အဆောက်အအုံလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုတို့ ပါဝင်သည်။ [ ပုဒ်မ ၂ (ဃ) ]

 

အကာအကွယ်ပေးခြင်း


နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုအပြည့်အဝရရှိခံစားခွင့်ရှိသည်။ [ ပုဒ်မ ၃ ]

 

ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု နစ်နာဆုံးရှုံးခြင်းမရှိစေရန် ကာကွယ်ပေးရမည်။ [ ပုဒ်မ ၄ ]

 

သက်ဆိုင်သူများတွင် တာဝန်ရှိခြင်း [ပုဒ်မ ၅]


ပြည်ထဲရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများသည် –

 

(က) တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး ပုဂ္ဂိုလ်ဆိုင်ရာ  လွတ်လပ်မှုကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ  လုံခြုံမှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သူ့ကိုမဆို ကာကွယ်ပေးရမည်


(ခ) ပုဂ္ဂိုလ်တစ်ဦးဦး၏ နေအိမ်နှင့် နေအိမ်အဖြစ်အသုံးပြုသော အခန်း၊ အဆောက်အအုံ သို့မဟုတ်ပရဝဏ်နှင့်ပရဝဏ်အတွင်းရှိ အဆောက်အအုံများအတွင်းသို့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် သူတစ်ဦးဦးအား ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းပြုလုပ်လိုလျှင် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာ အိမ်မှူးဖြစ်စေ၊ ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦးအပါအဝင် အနည်းဆုံးသက်သေနှစ်ဦးနှင့်အတူ ဆောင်ရွက်ရမည်။

 

တာဝန်ရှိသူများကအရေးယူဆောင်ရွက်ခြင်းသက်ဆိုင်ရာဝန်ကြီးဌာနနှင့် တာဝန်ရှိသူများသည်ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်ကြားချက်ကို  လက်ခံရရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရမည်။ မိမိဌာနက အရေးယူဆောင်ရွက်ရမည့်ကိစ္စမဟုတ်ကြောင်း ပေါ်ပေါက်ပါက အကျိုးအကြောင်းဖော်ပြ၍ တိုင်ကြားသူထံ ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားရမည့်အပြင် ယင်းပြန်ကြားစာတွင် မည်သည့်ဌာနအဖွဲ့အစည်းသို့ တိုင်ကြားသင့်ကြောင်း အကြံပြုချက်ပါရှိရမည်။ [ပုဒ်မ ၆]

 

တားမြစ်ချက်များနှင့် ကျခံနိုင်သည့်ပြစ်ဒဏ်များမည်သူ့ကိုမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ  ၂၄ နာရီထက်ကျော်လွန်၍ ချုပ်နှောင်ထားခြင်း မပြုရပါ။ ပြုလျှင် ထောင်ဒဏ်အများဆုံး ၃ နှစ်အထိနှင့် ငွေဒဏ်အများဆုံး ကျပ် ၁၅ သိန်းအထိ ပြစ်ဒဏ်ကျခံနိုင်သည်။ [ပုဒ်မ ၇ နှင့် ၁၀ ]

 

မည်သူမျှ တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် သို့မဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲဖြစ်စေ၊ နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲဖြစ်စေ အောက်ပါတို့ကို မပြုရပါ။ ပြုလျှင် ထောင်ဒဏ်အများဆုံး ၃ နှစ်အထိနှင့် ငွေဒဏ်အများဆုံး ကျပ် ၁၅ သိန်းအထိ ပြစ်ဒဏ်ကျခံနိုင်သည်။ [ပုဒ်မ ၈ နှင့် ၁၀ ]

 

(က) နိုင်ငံသားတစ်ဦး၏ နေအိမ်၊ နေအိမ်အဖြစ်အသုံးပြုသောအခန်း၊ အဆောက်အအုံ သို့မဟုတ ပရဝဏ်နှင့် ပရဝဏ်အတွင်းရှိ အဆောက်အအုံအတွင်း ဝင်ရောက်ရှာဖွေခြင်း၊  သိမ်းဆည်းခြင်း  သို့မဟုတ်သူတစ်ဦးဦးအား ဖမ်းဆီးခြင်းမပြုရပါ။


(ခ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ်  လူ့ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်းနှင့်စုံစမ်းခြင်းမပြုရပါ။


(ဂ) ပုဂ္ဂိုလ်တစ်ဦးနှင့်တစ်ဦးအကြား ဆက်သွယ်ရေးပစ္စည်း ကိရိယာတစ်မျိုးမျိုးဖြင့် ဆက်သွယ်ပြောကြားခြင်းကို ကြားဖြတ်ဖမ်းယူနားထောင်ခြင်း သို့မဟုတ်တစ်နည်းနည်းဖြင့် အနှောင့်အယှက်ပေးခြင်းမပြုရပါ။


(ဃ) ဆက်သွယ်ရေးအော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာ တယ်လီဖုန်းနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးသတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရပါ။


(င) အခြားသူ၏ ပုဂ္ဂိုလ်ဆိုင်ရာ  ကိစ္စအလို့ငှာ ဆက်သွယ်ပေးပို့သည့် စာပေးစာယူ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ် တစ်ခုခုကို ဖွင့်ဖောက်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းဆည်းခြင်း၊ ဖျောက်ဖျက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းမပြုရပါ။


(စ) နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာကိစ္စများတွင် အဓမ္မဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန်တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရပါ။


(ဆ) နိုင်ငံသားတစ်ဦး၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ပြောင်းရွှေ့နိုင်သောပစ္စည်းကိုသော်လည်းကောင်း၊ မပြောင်းရွှေ့နိုင်သော ပစ္စည်းကိုသော်လည်းကောင်း မတရားသိမ်းယူခြင်း သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ   တမင်ပျက်စီးစေခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း မပြုရပါ။

 

ရဲတပ်ဖွဲ့မှ အရေးယူဆောင်ရွက်ခြင်းမည်သည့် ရဲတပ်ဖွဲ့စခန်းမှူးမဆို ဤဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် တိုင်တန်းချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ သတင်းပေးချက်ကို လက်ခံရရှိလျှင်ဖြစ်စေ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၅၄ နှင့်အညီအရေးယူဆောင်ရွက်ရမည်။ ဆောင်ရွက်ရန် အကြောင်းမဲ့ပျက်ကွက်လျှင် အများဆုံး ထောင်ဒဏ် ၅ နှစ်အထိနှင့် အများဆုံးငွေဒဏ် ကျပ် ၂၅ သိန်းအထိ ပြစ်ဒဏ်ကျခံနိုင်သည်။ [ ပုဒ်မ ၉ နှင့် ၁၀ ]

 

ဒီမိုကရေစီကျင့်စဉ်နှင့် ပြည်သူ့နီတိဒီမိုကရေစီအစ  ပြည်သူ့နီတိက၊ ပြည်သူ့နီတိအစ ဒီမိုကရေစီကဟု ဆိုကြပြောကြ ကင်ပွန်းတပ်ကြသည်။ ဒီမိုကရေစီကျင့်စဉ်နှင့် ပြည်သူ့နီတိတို့၏ တရားကိုယ်သဘောအနှစ်သည် အတူတူပင် ဖြစ်သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျားမမရွေး၊ ကြီးငယ်မရွေး လူသားအားလုံးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ ရိုသေကိုင်းရှိုင်းမှု၊ တန်ဖိုးထားမှု၊ အလေးထားမှု၊ ယဉ်ကျေးလိမ္မာမှု၊ စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု၊ ချစ်ခင်ကြင်နာမှု၊ စည်းလုံး ညီညွတ်မှု၊ ပေါင်းစည်းနေထိုင်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှု၊ တည်ငြိမ်အေးချမ်းမှု စသည့်စသည့်ကောင်းမြတ်သည့် ကိုယ်ကျင့်တရားများပေါ်အခြေခံ၍ ဒီမိုကရေစီကျင့်စဉ်များ၊ ပြည်သူ့နီတိများ ပေါ်ပေါက်လာရသည်။

 

ဒီမိုကရေစီဟုဆိုလျှင် နိုင်ငံသားများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာပြောဆို၊ ဟောပြော၊ စည်းရုံး၊ ရေးသားထုတ်ဝေပိုင်ခွင့်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာ သွားလာလုပ်ကိုင် ပရိယေသနဝမ်းစာ ရှာမှီးပိုင်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုပိုင်ခွင့်များရှိကြသည်။ နိုင်ငံတော်ကလည်း နိုင်ငံသားတစ်ဦးစီ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတို့ကိုဥပဒေပြဋ္ဌာန်း၍ အကာအကွယ်ပေးထားသည်။ ဤသို့ဆိုလျှင် နိုင်ငံတော်သည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုတို့ကိုဥပဒေပြဋ္ဌာန်း၍ အကာအကွယ်ပေးထားသကဲ့သို့ နိုင်ငံသားများဘက်ကလည်း ဒီမိုကရေစီကျင့်စဉ်နှင့် ပြည်သူ့နီတိများနှင့်အညီ ပြောဆို၊ ဟောပြော၊ စည်းရုံး၊ ရေးသားထုတ်ဝေ၊ နေထိုင်သွားလာ၊  ပြုမူဆောင်ရွက်၊ ကျင့်ကြံကြဖို့လည်း လိုအပ်ကြောင်းပါဗျာ။

 

- နိုင်ငံသားတိုင်း  ပုဂ္ဂိုလ်ဆိုင်ရာ   လွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုအပြည့်အဝရရှိနိုင်ကြပါစေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု အပြည့်အဝရရှိနိုင်ကြပါစေ၊


-သက်ဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီ-အကောင်အထည်ဖော် စွမ်းဆောင်ပေးနိုင်ကြပါစေ၊ အကောင်အထည်ဖော် စွမ်းဆောင်ပေးနိုင်ကြပါစေ၊


-နိုင်ငံသားများအားလုံးအကြား ဒီမိုကရေစီကျင့်နှင့် ပြည်သူ့နီတိထာဝစဉ်စိမ့်ဝင်လွှမ်းခြုံထားနိုင်စဉ်နှင့် ပြည်သူ့နီတိ ထာဝစဉ်စိမ့်ဝင် လွှမ်းခြုံထားနိုင်ကြပါစေ။

 

မောင်စာဂ